အလှုခံပါဗျို့

“လဲနေသူထူပေးပါ။
အားငယ်သူအားပေးပါ။”
သိပ်ကို လိုက်နာချင်ဖွယ် ၊ နှစ်လိုဖွယ်ကောင်းတဲ့ စာသားလေးတွေပါ။

“လဲနေသူ ထူပေးပါ ။”
သူတို့ကို သနားနေရုံ နဲ့မပြီးဘုူး ။သူတို့ပြန်လည် မတ်မတ်ရပ်နိုင်လာအောင် တတ်နိုင်တဲ့ဖက်က ကူညီပေးကြပါ ။

“အားငယ်သူအားပေးပါ။”
အားပေးခိုင်းတာပါ။
အားကိုးရှာခိုင်းတာ/ ရှာပေးတာ (လုံးဝ)လုံးဝ မဟုတ်ပါဘူး။

သူငယ်တန်းတုန်းကသင်ခဲ့ရတဲ့ စာသားလေးတွေမို့လားမသိပါဘူး။
နိုးတို့တွေ အားလုံး ဒီလိုစိတ်ဓာတ်လေးတွေထားဖို့ မေ့လျော့နေခဲ့ကြတာ တော်တော်တောင်ကြာပါပေါ့လား။

နိုးတို့မြန်မာတွေကလေ
လဲနေသူတွေ့ရင် သနားတာနဲ့ပဲပြီးသွားကြတယ်။
အားငယ်သူတွေ့ရင် သူတို့တွေ စိတ်ဓာတ်ခွန်အားတွေရှိလာအောင် အားပေးမယ့်အစား သူတစ်ပါးကို အားကိုးတတ်လာအောင်ပဲ သင်ပေးတတ်ကြတယ်။

မိမိထက် ငွေကြေး ၊ ပညာအရည်အချင်း ၊ အဆင့်အတန်း နိမ့်ပါးတဲ့သူတွေတွေ့ရင်
နှိမ်ချင်ကြတဲ့စိတ် ၊ အဖက်မလုပ်ချင်တဲ့ စိတ် ၊ ကိုယ့် ကိုယ်ကို အထင်ကြီးပြီး ဘဝင်မြင့်သွားတတ်တဲ့ စိတ်တွေကို နိုးတို့ မြန်မာတွေ သနားတယ်ဆိုတဲ့ မျက်နှာဖုံးလေးတပ်ပြီးနေလာခဲ့ကြတာလည်း တော်တေ်ာကြာခဲ့ကြပါပြီ။

နိုးတို့ရဲ့အမိ မြန်မာနိုင်ငံတော်ကြီးမှာလေ
တစ်ရက်တစ်ရက်ကို နေဒဏ် ၊ မိုး ဒဏ်ခံပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စားလူတန်းစားတစ်ရပ်ရှိပါတယ်။

သူတို့တွေဟာ
လမ်းလုပ်သား
ပန်းရံလုပ်သား
ဆိုက်ကားသမား
စပယ်ယာ
ရေသန့်သမား
ခေါင်းရွက်ဗျက်ထိုးသည် စသဖြင့် ခေါင်းစဉ်အောက်မှာ ငတ်တစ်ခါ ပြတ်တစ်လှည့်နဲ့ ပင်ပန်းဆင်းရဲကြီးစွာ နိစ္စဒူဝ လုပ်ရှားနေကြရပါတယ်။

သူတို့တော်တော်များများဟာ
မျှော်လင့်ချက်တွေမဲ့နေကြတယ်။
အနာဂတ်ပျောက်နေကြတယ်။
စိန်စီ သော အိမ်မက်တွေနဲ့ ဝေးနေကြတယ်။
မိမိကိုယ်ကို ယုံကြည်မှုတွေ ကင်းမဲ့နေကြတယ်။

နိုးတို့တွေကရော????????
သူတို့တွေ ပင်ပန်းတာကိုတွေ့ရင် သနားကြပါတယ်။
စိတ်မကောင်းဖြစ်ကြတယ်။

ဒါပေမယ့်
ကြမ်းတမ်းလှတဲ့ သူတို့ ပုံပန်းတွေကို ကြောက်ကြတယ်။
ဆင်းရဲလှတဲ့ သူတို့တွေကို “မရှိ ခိုးနိုး” ဆိုပြီး သံသယတွေထားကြတယ်။
ပိုက်ဆံရရင် မကောင်းတာမှန်သမျှလုပ်မယ့် လူယုတ်မာတွေအဖြစ် ရုပ်ရှင်တွေ ၊ ၀တ္ထုတွေ မှာ ပုံဖော်ကြတယ်။
ပညာမဲ့ရတဲ့ အထဲ အဆင်မပြေလှတဲ့ဘဝကြမ်းကြောင့် ရုတ်ရင်းလာတဲ့ သူတို့ အြ့ပုအမူတွေကို စက်ဆုပ်ကြတယ်။
သူတို့တွေနဲ့ မိတ်ဆွေ အပေါင်းအသင်းဖြစ်ရမှာကို ရှက်ရွံ့ကြတယ်။
ယုတ်စွဆုံး လမ်းမှာသွားရင်း မျက်လုံးချင်းဆုံခဲ့ရင်တောင် နှစ်နှစ်ကာကာ ပြုံးပြရမှာဝန်လေးကြတယ်။

သူတို့ဟာ
နိုးတို့ ရဲ့ ပတ်ဝန်းကျင်မှာ နိုးတို့လိုပဲ စားဝတ်နေရေးအတွက် ကြိုးစားနေကြရသူတွေပါ။
သူတို့မှာ မိသားစုလေးတွေရှိတယ်။
သူတို့မှာ ခံစားတတ်တဲ့ နှလုံးသားတွေရှိတယ်။
(အများကြီးမဟုတ်ရင်တောင်) တွေးတောတတ်တဲ့ ဦးနှောက်လေးတွေရှိတယ်။
သူတို့မှာလည်း ဘဝတွေရှိပါတယ်။
သူတို့ဟာ နိုးတို့ လိုပဲ လူတွေပါ။

လုူလူချင်းအတူတူကို “မင်းတို့ ကတော့ ကွာ ဆိုက်ကားသမား / ပန်းရံသမား / စပယ်ယာတွေပါ။အဆင့်ရှိတဲ့ ကောင်တွေမဟုတ်ဘူး။ဘယ်တော့မှလည်း လူမွှေးပြောင်မှာ မဟုတ်ပါဘူး” ဆိုပြီး နှိမ်ထားမယ့် အစား
“အခုချိန်မှာ ဒီလို အခြေအနေမျိုးရောက်နေတယ်ဆိုပေမယ့်
တကယ်ကြိုးစားကြမယ်ဆိုရင် တစ်ချိန်ချိန်မှာ ဒီ့ထက်မြင့်မားတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မယ် “ဆိုပြီး
စိတ်ဓာတ်ခွန်အားလေးတွေဖြစ်အောင် အားပေးကြသင့်ပါတယ်။
ဒီလိုအားပေးခြင်းဟာ သူတို့အတွက်

ဘဝမှာ မျှော်လင့်ချက်တွေကိုပြန်လည်ရှင်သန်လာနိုင်ပါတယ်။

ပျောက်ဆုံးနေတဲ့ အနာဂတ်တွေကိုပြန်လည်တွေ့ရှိစေနိုင်ပါတယ်။

ဆင်းရဲတွင်းဆိုတဲ့ အိမ်မက်ဆိုးတွေကနေ နိုးထစေနိုင်ပါတယ်။

သိမ်ငယ်စိတ်တွေမရှိတော့ဘဲ ယုံကြည်ချက်တွေနဲ့ ကြိုးစားရင် သူတို့ဘဝတွေ မတိုးတက်သွားနိုင်ဘူးလို့ ဘယ်သူငြင်းရဲမှာလဲ။

သူတို့တိုးတက်သွားတာဟာ နိုးတို့ လူ့အသိုင်းဝိုင်းတိုးတက်တာပါပဲ။

နိုးတို့လူ့အသိုင်းဝိုင်းတိုးတက်တာဟာ နိုးတို့တိုးတက်တာနဲ့အတူတူပါပဲ။

“နိုးတို့နိုင်ငံမှာ အတိတ်တွေဆိုးခဲ့တာ လူကြီးတွေရဲ့ သမိုင်းပါ။
အနာဂတ်လှလှတွေကိုပိုင်ဆိုင်ရဖို့ကတော့ နိုးတို့တွေအားလုံးရဲ့ လက်ရှိလုပ်ရပ်တွေပေါ်မှာ မူတည်သွားပြီ”

ငါတို့ကတော့
အားအားယားယား
လဲနေသူလည်း မထူပေးနိုင်ဘူး။
အားငယ်သူလည်း အားမပေးနိုင်ဘူး။ ဆိုရင်လည်း။

လူကြီးမင်းတို့ ရဲ့ နှစ်နှစ်ကာကာအပြံုးလေးတွေကိုတော့ သူတို့တွေအတွက် နိုး အလှုခံပါတယ်။

“မြန်မာနိုင်ငံသားအချင်းချင်းအမျက်အဤ တစ်စေ့မရှိ ။ ချစ်သောမျက်စိဖြင့်ရှုကြစေ”

ခင်မြတ်နိုး
၂၅- ဇူလိုင်- ၂၀၁၅

Leave a Reply

Your email address will not be published. Required fields are marked *