အညာမှာပွင့်တဲ့ စိန်ပန်းနီ (သို့မဟုတ်) မင်းစုရွာက အညာသူလေး။

အသက်က ၁၂ နှစ်။
ခြောက်တန်းဖြေထားတယ်တဲ့။
Workshop လာတက်တဲ့ သူ့အမေကို လာစောင့်ရင်း ကျောင်းဝန်းထဲက ကျောင်းစောင့်ဦးလေးကြီးနဲ့ ရယ်ရယ်မောမောစနောက်ဆော့နေတဲ့ကလေးမလေးပါ။
နိုးတို့ အအေးတွေ ၊ ရေသန့်ဘူးတွေလိုလာတော့လည်း သူ့စက်ဘီးပန်းရောင်လေးနဲ့ ပြေးပြေးဝယ်ပေးရှာတယ်။
“သမီးကြီးရင်ဘာလုပ်မလဲ”လို့နိုးကမေးတော့သူခဏတော့တွေဝေသွားတယ်။
ခဏနေမှ ပြုံးပြံုးလေးနဲ့ဖြေရှာပြန်တယ်။
“ဆရာဝန်ကြီးလုပ်မှာ”တဲ့။
“သမီးကအတန်းထဲမှာအဆင့်ဘယ်လောက်ရလဲ။”လို့သွေးတိုးစမ်းတော့ “သမီးက A နဲ့အောင်တာ”တဲ့လေ။
အခြား Trainer တွေရဲ့ Workshop အချိန်တွေမှာ
သူနဲ့နိုုးနဲ့ နှစ်ယောက်သား ကျောင်းဝန်းကြီးထဲ့ မန်းကျည်းကြီးအောက်မှာထိုင်လို့ စကားစမြည်နည်းနည်းပြောဖြစ်ခဲ့ကြတယ်။
စကားပြောရင်းသိလာရတာက အဲဒီနေ့က သူ့မွေးနေ့ပါတဲ့။
“Happy Birthday ပါသမီးရယ်။”ဆိုတဲ့ဆုတောင်းစကားနဲ့ Ve Ve အချိုရည်တစ်ဗူးကလွဲလို့ နိုးမှာ သူ့အတွက်ထူးထူးခြားခြားပေးစရာလက်ဆောင်မရှိခဲ့ဘူး။
ကလေးမလေးကိုကြည့်ရတာ သွက်လက်ချက်ချာ ပျော်ရွှင်တက်ကြွနေတာပဲ။
“ချစ်စရာ အညာသူလေးပါ။”

Workshop ပြီးလို့ အားလုံးနှုတ်ဆက်ကြတော့မှကလေးမလေးရဲ့ အမေနဲ့စကားပြောဖြစ်ပြန်တယ်။
“အမ သမီးလေးက ချစ်စရာလေးနော်”လို့ဆိုတော့
“တစ်ဦးတည်းသော သမီးပါဆရာမလေးရယ်။ ကျွန်မက Nurse ပါ။သူ့အဖေကတော့ မီးရထားဝန်ထမ်းလေ။ ရှေ့လ ၁၁ ရက်နေ့ကမှဆုံးသွားတာ။နှစ်တိုင်းသူ့မွေးနေ့ဆို အိမ်မှာမုန့်ချက်ပြီးအရပ်ကိုဝေနေကျလေ။ဒီနှစ်ကျတော့ သူ့အဖေဆုံးတာ တစ်လတောင်မပြည့်သေးတော့ ဘာမှမလုပ်ပေးဖြစ်ဘူး။နောက်တစ်ပတ်ဆိုရန်ကုန်သွားပြီးသူ့အဖေ ပင်စင်ကိစ္စတွေသွားလုပ်ရမှာ။အိမ်မှာကလည်းလူခွဲမရှိတော့ သူ့ပါခေါ်သွားရတော့မယ်။”
ပြောရင်းနဲ့သူ့ခမျာ မျက်ရည်တွေဝဲရှာတယ်။

ဘယ်လိုစကားနဲ့နှစ်သိမ့်ဖို့စကားရှာမရနိုင်တဲ့အချိန်မှာ ကလေးမလေးက ကိုယ့်ကို ပြံုးပြီးကြည့်နေရာကနေ သွားလေးတွေပေါ်အောင်ထိ ရယ်ပြလိုက်တော့ ကိုယ့်မှာဆွံအသွားရတယ်။

“အော် ကလေးရယ်။” အသံမထွက်အောင် ရေရွတ်မိခဲ့မယ်ထင်တယ်။

“အမရယ်။ အဆင်ပြေသွားမှာပါ။ရန်ကုန်ရောက်ခဲ့လို့ အကူအညီလိုတယ်ဆိုလည်းဆက်သွယ်ပါ”။
ဒီလောက်ပဲပြောထွက်ခဲ့တယ်။

မင်းစုကနေ မြင်းခြံကိုခရီးဆက်ရဦးမှာမို့ ကားတံခါးကိုဆွဲဖွင့်တော့ အဖေအိမ်ပြန်နောက်ကျလို့ သူငယ်ချင်းတွေအတွက် မွေးနေ့အမှတ်တရကျွေးဖို့ မုန့်တွေဝယ်ဖို့ အချိန်မမီတော့တဲ့အတွက် စိတ်ကောက်ပြီး ကျောင်းမသွားတော့တဲ့ ၁၃ နှစ်သား ငနိုးဟာ ကားပေါ်မှာငုတ်တုတ်။သူခေါင်းငုံ့နေတယ်။အသံတိတ်နေတယ်။ရှက်နေတယ်။

လတ်တလောအဖေတစ်ယောက်လုံးကိုဆုံးရှုံးထားလို့ မွေးနေ့မလုပ်ရတဲ့ ၁၂ နှစ်အရွယ် မွေးနေ့ရှင် အညာသူလေးက ကားပေါ်က နိုးကို ပြံုးပြံုးလေးကြည့်ပြီး လက်ပြနှုတ်ဆက်တယ်။
“မမ တာ့တာနော်”တဲ့။သူ့လေသံလေးကတက်တက်ကြွကြွပဲ။
ငနိုးတစ်ယောက် ကလေးမကို လက်ပြနှုတ်ဆက်ခဲ့ဖြစ်လားမဖြစ်လားတော့ ငနိုးကိုယ်တိုင်လည်း အခုထိ ဝေခွဲမရသေးပါ။

အပြန်လမ်းမှာ စိန်ပန်းနီတွေရဲတယ်။
အပူဒဏ်ပြင်းပြင်းကိုအန်တုပြီး အလှဆုံးပွင့်တယ်။
အတောက်ပဆုံး ရဲရဲနီအောင်သူတို့ပွင့်ကြတယ်။
နောက်နှစ်တွေမှာလည်း ဒီလိုပဲ ပွင့်လန်းကြစေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *