အဆိုတော်ဝေလရဲ့ “လူဖြစ်ခွင့်ပေးပါ” သီချင်းနဲ့ပတ်သတ်၍ တွေးမိတွေးရာ

ဒီစာကိုရေးသင့်မရေးသင့် အကြိမ်ကြိမ်အခါခါစဉ်းစားပြီးမှ ရေးဖို့ဆုံးဖြတ်လိုက်တာပါ။နိုး အနေနဲ့ အဆိုတော်ဝေလရဲ့ သီချင်းတော်တော်များများကိုလည်း ကြိုက်ပါတယ်။
“မချစ်ရဘူးတဲ့လား” နဲ့ “အနီးဆုံးရန်သူ” တို့ ဆိုရင် ခဏခဏနားထောင် ဖြစ်တဲ့ သီချင်းတွေပါ။
ဒါပေမယ့် နားထောင်ရတဲ့ သူ တော်တော်များများကို မျက်ရည်လည်လောက်တဲ့ အထိအောင်မြင်တဲ့ ဒီ “လူဖြစ်ခွင့်ပေးပါ” သီချင်းကိုတော့ နိုးအနေနဲ့ သဘောမတွေ့မိတာအမှန်ပါ။

ဘာမှ အပြစ်မရှိတဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ “လူဖြစ်ခွင့်ပေးပါ” လို့တောင်းဆိုခြင်းဟာ ဖြစ်သင့် ဖြစ်ထိုက်တယ်လို့ ပြောလို့ရပေမယ့် သူရဲ့ မိဘလောင်းလျာတွေကရော “မိဘဖြစ်ခွင့်ရှိတဲ့ သူတွေလား” ၊ “မိဘဖြစ်ခွင့်အတွက်ထိုက်တန်တဲ့သူတွေလား” ၊ “မိဘဖြစ်ဖို့ရော အဆင်သင့်ဖြစ်နေကြသူတွေလား”ဆိုတာ တွေးစရာပါ။
ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာ လူဖြစ်လာဖို့ ဆိုတာ မိဘ ဖြစ်လာမယ့် သူတွေမှာ အရမ်းတာဝန်ရှိသွားပြီ။
• ကိုယ့်ကို နွေးထွေးစွာ ကြိုဆိုမယ့် ပတ်ဝန်းကျင်လည်းမရှိဘူး။
• မိဘလောင်းတွေရဲ့ အခြေအနေက ကိုယ့်ကိုမွေးဖို့အဆင်သင့်ဖြစ်မနေဘူး။
• ဖခင်လောင်းဟာ ရာဇဝတ်သားဖြစ်တယ်။
• အမေလုပ်သူရဲ့ ကျန်းမာရေက ဆိုးရွားနေတယ်။
• ကိုယ့်ကိုလွယ်ထားရတဲ့ အမျိုးသမီးဟာအမေဖြစ်ဖို့ မထိုက်တန်တဲ့ သူ (ကြေးစားမ (သို့) တိတ်တိတ်ပုန်းမယား) ဖြစ်နေတယ် ။
ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ ညီနေတယ်ဆိုရင်တော့ နိုးသာ ကလေးတစ်ယောက်အနေနဲ့ ရွေးချယ်ရင် “လူ မဖြစ်ခွင့်”ကိုရွေးချယ်မိမှာပဲ။ဒီလိုအခြေအနေတွေနဲ့ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝက ဘယ်လိုလို့ သာယာပျော်ရွှင်မှုရှိနိုင်မှာလဲ?

Image result for baby black and white

ဒီလိုပြောလို့ တရားမဝင်ကိုယ်ဝန်ဖျက်ချတာကိုအားပေးနေတယ်လို့တော့ မထင်စေချင်ပါ။

လူ့လောကထဲရောက်လာဖို့ နွေးထွေးစွာ ကြိုဆိုခြင်းမခံရတဲ့ တရားမဝင် ကိုယ်ဝန်တွေ ထပ်မရှိလာဖို့ ဒီကိစ္စတွေနဲ့ပတ်သတ်တဲ့ ပညာပေးမှုတွေများများလုပ်ပေးဖို့ မျှော်လင့်မိတာပါ။

မနူးမနပ်ဆယ်ကျော်သက်မှာ ဆုံးဖြတ်ချက်တွေမမှားစေချင်တာပါ။

အမျိုးသမီးတွေကို အလိုမတူလဲ အနိုင်ကျင့်စော်ကားမှုတွေ ပပျောက်စေချင်တာပါ။

မိခင်ဖြစ်ဖို့မထိုက်တန်တဲ့ ကြေးစားမတွေကို မိခင်ဖြစ်မလာအောင်တားဆီးစေချင်တာပါ။

လောကကြီးမှာ ကိုဝေလရဲ့ သီချင်းအတိုင်း“လူဖြစ်ခွင့်”က ကလေးတိုင်းအတွက် ထိုက်တန်ပေမယ့် “မိဘဖြစ်ခွင့်”ကတော့ လူတိုင်းအတွက်မထိုက်တန်နေဘူးလေ။
(လူဖြစ်ခွင့်ရသူတိုင်း မိကောင်းဖခင် ဖြစ်ကြပါစေ။)
ခင်မြတ်နိုး။

Leave a Reply

Your email address will not be published. Required fields are marked *