အချိန်ကလည်းစောသေးတာကိုဗျ

“အားလုံးပဲ စခန်းရောက်မှ ရှင်းကြတာပေါ့။”
ကိုယ့်ကို လက်နောက်ပြန်လာတုတ်တဲ့ ရဲသားကြီးက ကြည့်နေကျမြန်မာကားတွေထဲကအတိုင်းပြောလိုက်တော့မှ “ပြသနာ အကြီးအကျယ်တက်ပြီ “ဆိုတဲ့ အသိကြောင့်ကျွန်တော ခေါင်းနားပမ်းကြီးသွားတယ်။
တကယ်တော့ ကျွန်တော် ဟာ တာမွေမှာ ဘုန်းကြီးသွားပင့်ဖို့ တောင်ဒဂုံကနေ မနက်အစောကြီးထွက်လာခဲ့တာပါ။ဒီညတော့ အချုပ်ထဲမှာ ညအိပ်ရမယ့်ကိန်း။
အလုပ်အကိုင်ရှားပါးတာကြောင့် ကျောင်းပြီးသွားတဲ့ လူငယ်တိိုင်း ရန်ကုန်မြို့ကြီးကိုတက်လာပြီး ရရာအလုပ်ရှာဖွေလုပ်ရတယ် ဆိုတဲ့ ဇာတိနယ်မြို့လေးရဲ့ ရိုးရာအတိုင်း ကျွန်တော်လည်း အဝေးသင်ဖြေပြီးတော့ ရန်ကုန်ကိုရောက်လာခဲ့တယ်။
ကျွန်တော့် ဘဝက ခေါက်ရိုးကျိုးနေတဲ့ ဝတ္ထုတွေထဲကလို တောသားမြို့တက် ဂယောက် ဂယက်တော့ မဟုတ်ဘူးရယ်။
အကိုအကြီးဆုံးက အိမ်ထောင်ကျပြီးကတည်းက ရန်ကုန်ကိုပြောင်းပြီးအခြေချနေတာမို့ နေစရာမပူရဘူး။ဟင်းချက်ကောင်းတဲ့ မရီးကြောင့် စားစရာလည်းမပူရဘူး။
အကိုဝမ်းကွဲတွေရဲ့ ဓါတ်လှေကားဆင်တဲ့ လုပ်ငန်းမှာ ဝင်လုပ်နေတာကြောင့် အလုပ်အကိုင်လည်းမပူရဘူး။
ကျွန်တော့်အတွက်ကအရာရာအဆင်ပြေတယ်။
ဒါကလည်း ကိုယ့်ကုသိုလ်ကံနဲ့ ကိုယ်ဗျ။ ကိုယ်ကလည်း လူတကာကို တတ်နိုင်သလောက်ကူညီနေကျကို။
ဟိုတစ်လောကတောင် သူငယ်ချင်းတစ်ယောက် က မိန်းမခိုးဖို့ငွေလိုတယ် ပြောလာလို့ နယ်ကအမေဆင်ပေးလိုက်တဲ့ ရွှေဆွဲကြိုးလေး ချွတ်ရောင်းပြီး ကူညီပေးလိုက်တယ်။မိန်းမခိုးရင်း Honey Moon ပါထွက်မှာဆိုတော့ အိတ်ကောင်းကောငး်းလေးလည်းလိုချင်တယ်ပြောလို့ သိမ်ကြီးစျေးမှာတောင် အိပ်တစ်လုံးလိုက်ရွေးပေးပြီး ငွေပါရှင်းပေးလိုက်သေးတယ်လေ။အိတ်ကကြီးပြီး အဝတ်အစားကနည်းနေတယ်ဆိုလို့တောင် ကိုယ့်ဗီရိုထဲက ကောင်းတာလေးတွေ ရွေးပြီးထည့်ပေးလိုက်ပါသေးတယ်။ဒါမျိုးက ကူညီကောင်းတယ်လေ။
အရက်သောက်တာများပြီး အသည်းရောင်လို့ဆေးရုံတက်ဖို့ ငွေမလောက်တဲ့ သူငယ်ချင်းကိုလည်း လက်စွပ်လေးရောင်းပြီး ကူညီပေးလိုက်သေးတယ်။ခြေနှစ်ချောင်း အသက် ကယ်ကောင်းတာကိုး။
အရက်ဆိုလို့ပြောရဦးမယ်။ ကျွန်တော် က အရက်ကြိုက်တယ်ဗျ။ ဒါပေမယ့် အရက်သောက်ပြီးသောင်းကျန်းတဲ့ ထဲတော့ မပါဘူး။အော်ဆဲတဲ့ထဲလည်းမပါဘူး။ရန်ဖြစ်တဲ့အထဲလဲမပါဘူး။ဒါပေမယ့် တစ်ခုပဲ။မူးလာပြီဆိုရင်တော့ အရက်ဝိုင်းမှာ ကျသမျှ အကုန် စိုက်ရှင်းလိုက်ရမှ နေသာထိုင်သာရှိတတ်တာ။သိပ်မူးလာပြီးဆိုရင်တော့ အတူသောက်တဲ့ ဘော်ဒါတွေကိုပါ အိမ်ပြန်ဖို့ ကားခပါ ထုတ်ပေးတတ်တဲ့ ညာဉ်ဆိုးလေးတော့ရှိတယ်။ ကျွန်တော်က အဲလိုကောင်။

အကိုကြီးကတော့ ပြောပါတယ်။ “ကျွန်တော် ယောက်ကျားလေးဖြစ်နေတာကိုပဲ ကျေးဇူးတင်ပါတယ်”တဲ့ ။”မိန်းကလေးသာဆို ခြင်းကြားကြီးနဲ့လိုက်ကောက်နေရမယ်”တဲ့။ ဘာကိုဆိုလိုမှန်းမသိပေမယ့် ဒါဟာချီးမွန်းစကားမဟုတ်မှတော့ သဘောပေါက်ပါတယ်။

အခုလည်း ရှေ့တစ်ပတ်ထဲလုပ်မယ့် အလှုအတွက် အကိုကြီးမအားလို့ ကျွန်တော့်ကိုဘုန်းကြီးပင့်ခိုင်းလိုက်တာမို့ ကျွန်တော် မနက်အစောကြီးကတည်းက ထွက်လာခဲ့တာပါ။မထင်မှတ်ပဲ Bus ကားပေါ်မှာ သူငယ်ချင်းတွေနဲ့ ဆုံလို့စကားစပ်မိရာကနေ သုဝဏ္ဏကွင်းက ဘောလုံးပွဲကို သူတို့ကအတင်းခေါ်တော့ ကျွန်တော်လည်း အားနာတာနဲ့ပါသွားမိတယ်။အချိန်ကလည်းစောသေးတာကိုဗျ။ဘောပွဲပြီးတော့ ကိုယ်အားပေးတဲ့ အသင်းလည်းရှုံးရော စိတ်ညစ်တာနဲ့ လဘက်ရည်ဆိုင်ခဏထိုင်မယ်လို့ဆိုရာကနေ ဘီယာဆိုင်ကိုခြေဦးလှည့်မိကြပါလေရရော။အချိန်ကလည်းစောသေးတာကိုဗျ ။ ဟိုရောက်တော့ သောက်ရင်းစားရင်းကနေ မည်သို့မည်ပုံဖြစ်သွားမှန်းပင်မသိလိုက်ပါဘူး။ ဘော်ဒါနှစ်ကောင် ရန်ထဖြစ်ကြရာကနေ အတူလာတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး ကျွန်တော် ဖြေဖြန်းပေးနေတဲ့ ကြားထဲက အတွင်းအားတွေထုတ် ၊ သိုင်းကွက်တွေနင်းလိုက်ကြတာ ဆိုင်က ခုံတွေလည်းကျိုး ၊ ခွက်တွေလည်းကွဲ ၊ ခေါင်းတွေလည်းပေါက် ၊ နောက်ဆုံးတော့ ရဲတွေလည်းရောက်လာတာပဲ။အချိန်ကလည်းစောသေးတာကိုဗျ။

အိမ်ကထွက်မလာခင် အကိုကြီးကတော့ မှာလိုက်ပါတယ်။
“ဟေ့ကောင် ဒီတစ်ခါတော့ မနှစ်ကလို ဘုန်းကြီးသွားပင့်ရင်း အချုပ်ထဲမရောက်စေနဲ့”နော်တဲ့။

(ဘုန်းကြီးပင့်တိုင်း အချုပ်ထဲရောက်ရောက်သွားတတ်တဲ့ အချစ်ရဆုံး ဘထွေးတော် ကို အောက်မေ့လျက်)

Leave a Reply

Your email address will not be published. Required fields are marked *