“ယောကျာ်းများ မီးနေခန်းမဝင်ရ ၊ ထမီတန်းအောက်မသွားရ”

ယောကျာ်းတွေ မီးနေခန်းဝင်ရင် ဘုန်းနိမ့်တယ်။တို့
ထမီတန်းအောက်သွားရင် ဘုန်းနိမ့်တယ်။တို့ ဆိုတာ
တော်တော်နှိမ်တဲ့စကားတွေ။
တော်တော်ကြီးကို နှိမ်တာ။

ဘယ်သူတွေကိုနှိမ်တာလဲ? ဆိုတော့
“ယောကျာ်းတွေ” ကို နှိမ်ခဲ့တာဗျာ။
ဟုတ်တယ်။
အဲဒီစကားတွေက ယောကျာ်းတွေကို နှိမ်ထားတာ။

ဘယ်သူတွေက နှိမ်တာလဲ ? ဆိုရင် မိန်းမတွေက နှိမ်ထားတာ။

အယ်….
မယုံမရှိနဲ့။
အဲဒါ မိန်းမတွေက ယောကျာ်းတွေကို တစ်ဖက်လှည့်နဲ့ နှိမ်ခဲ့တာဗျာ။

ဘယ်လိုနှိမ်တာလဲ? ဆိုတော့ ဒီလိုရှိတယ်။

မီးနေခန်းဆိုတာ အရမ်းသန့်ရှင်းရတဲ့အခန်း။
ရှေးခေတ်က အခုလို ဆေးရုံ ၊ ဆေးခန်းတွေမရှိတော့ ကိုယ့်အိမ်ကအခန်းကိုပဲ ရေနွေးပူတွေလောင်း ၊ တံခါးတွေအလုံပိတ်ပြီး တတ်နိုင်သလို မသန့်သန့်အောင် လုပ်ခဲ့ကြရတာ။
အဲလောက် သန့်အောင် ထားတဲ့ အခန်းကို လယ်ထွန် ၊ တောခုတ် ၊ ငါးရှာ ၊ ဖားရိုက် ၊ လှည်းမောင်း ၊သိုင်းကျင့် စတာတွေကြောင့် ချွေးတစီစီ ဖုန်တလုံးလုံးနဲ့ ညစ်တီးညစ်ပတ် ယောကျာ်းရင့်မာကြီးတွေကို ရာရာစစဝင်ခွင့်ပေးစရာလား။
အားလုံး ညစ်ပတ်ကုန်ပြီး သွေးနုသားနုမီးနေသည်ရော နီတာရဲကလေးလေးပါ ရောဂါတွေဖြစ်ကုန်မှာပေါ့လို့။

ထမီတန်းလည်း ထိုနည်း၎င်းပဲ။

အဆင်လှလှ ၊ အရောင်လွင်လွင်လေးတွေကို သန့်သန့်ပြန့်ပြန့်ဝတ်ချင်လို့ အပင်ပမ်းခံလျှော်ထားပါတယ်ဆိုမှ ဒင်းတို့ ညစ်ပတ်တုံးကြီး ခန္ဓာကိုယ်ကြီးတွေ လက်ညစ်ပတ်ကြီးတွေနဲ့ထိကုန်ရင် အကုန်ပြန်လျှော်နေရမှာ။

အဲဒါကြောင့် ရှေးခေတ်က မိန်းမတွေက သဲကိုးဖျာသော မာယာတွေနဲ့ လှည့်စားပြီး သူတို့တွေရဲ့ အားနည်းချက်ဖြစ်တဲ့ “အလကားနေ ဘုန်းကြီးချင်နေတဲ့” ပျော့ကွက်ကို အကောင်းဆုံး အညှာကိုင်ပြီး ဝေးဝေးနေခိုင်းခဲ့ကြတာ။
“နင်တို့ကညစ်ပတ်တုံးတွေ မို့ဝေးဝေးနေ” ဆိုပေါ်တင်တွေနှိမ်တယ်ဖြစ်မှာစိုးလို့ ဘုန်းနိမ့်မယ် ဆိုပြီး တစ်ဖက်လှည့်နဲ့နှိမ်ထားခဲ့ကြတာ။
ပိုင်ချက်ပဲ။
ဒါပေမယ့် လောလောဆယ်တော့ သူတို့အတတ်က ဒီဖက်ခေတ် မိန်းမတွေကို လာစူးနေတော့တာပဲ။

ဒါ့ကြောင့် အခုခေတ်ကတော့ ယောကျာ်းတွေက တော်တော်လေးသန့်လာကြပြီဆိုတော့ မီးနေခန်းပဲ ဝင်ဝင် ၊ ထမီတန်းအောက်ပဲသွားသွား သိပ်ပြဿနာမရှိတော့တာမို့ မိန်းမတွေအနေနဲ့အရင်ကလောက် အဖြစ်မသည်းကြပါနဲ့တော့နော်။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *