လူတွေဟာ ကမ္ဘာဦးမှာ ကိုယ်တုံးလုံးနေခဲ့ကြရာကနေဘာလို့အဝတ်အစားတွေဝတ်လာခဲ့လဲဆိုတဲ့အကြောင်းအရင်းကို ဆင်ခြင်ကြည့်တဲ့အခါ
“ရာသီဥတု ဒါဏ်ခံနိုင်ဖို့”လို့ ကောက်ချက်ချမိတဲ့ နောက်ပိုင်း
အဝတ်အစားတွေနဲ့ပတ်သတ်ရင် ရင်ခုန်နှုန်းနှေးလာခဲ့တယ်။
တပ်မက်ခြင်းနည်းလာခဲ့တယ်။
အဝတ်အစားကြောင့် ဖြစ်ရတဲ့ လောဘနည်းလာတယ်။ ဒေါသရှားလာတယ်။
ဒီလိုပဲ အစာစားခြင်းဟာ ရသာတဏှာအတွက်မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် သက်သက်သာဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို အသိချည်းမဟုတ်ဘဲ နှလုံးသားနဲ့ လက်ခံနိုင်တဲ့နေ့ကစပြီး ကိုယ်ဟာ အစားနည်းလာလိမ့်မယ်။
အစားတစ်လုတ်အတွက် ပေးရတဲ့ အချိန်တွေနည်းသွားမယ်။
ထမင်းတစ်နပ်အကြောင်းပြုပြီး လောဘဖြစ်ရတဲ့ အကြောင်းတရားတွေ ရှားလာလိမ့်မယ်။
စားချင်တာမစားရတဲ့ အခါ ဒေါသထွက်တတ်တဲ့ အကျင့်ပျောက်သွားမယ်။
ဝိတ်လည်းပြန်ကျသွားလိမ့်မယ်။ 😛
လောလောဆယ်ထိတော့ ဗိုက်ဆာလို့ စားတာထက် ရသာတဏှာအတွက် စားတာက များနေသေးတယ်။
ဆင်ခြင်ရဦးမယ်။
စားချင်တယ် ဆိုတာထက် စားသင့်တယ် ဆိုတဲ့ အကြောင်းအရင်းနဲ့ပဲ အစာစား နိုင်ဖို့ သတိထားရမယ်။
အသက် ၂၅ နှစ်ကျော်လာပြီးတဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ “မလိုအပ်”တာတွေကို အတတ်နိုင်ဆုံး စွန့်ပြီး “လိုအပ်”တာတွေကို ရှေးရှုဖို့ကြိုးစားချင်လာတယ်။
အပိုတွေမလုပ်ချင်တော့ဘူး။
ဥပမာ မလိုအပ်ဘဲ စကားတွေအများကြီး ပြောနေတတ်တာမျိုး။
အချိန်တွေပိုနေလို့ဆိုပြီး ကိုယ်မကြိုက်တဲ့ ရုပ်ရှင်ကို ဘာမှန်းမသိ ထိုင်ကြည့်နေတာမျိုး။
လူသိများရင်ပြီးရောဆိုပြီး ရှိသမျှပွဲတွေ အတင်း လိုက်တက်နေတာမျိုး တွေ ကို လုပ်ချင်စိတ် လုံးဝ(လုံးဝ) ပျောက်လာတယ်။
ဘဝကို စိတ်ပျက်သွားတာ မဟုတ်ဘူး။
စိတ်ဓာတ်ကျနေခြင်းနဲ့လည်း မတူဘူး။
နဂိုရှိတဲ့ တက်ကြွမှုတွေလည်းပျောက်ဆုံးမသွားဘူး။
လက်ရှိအနေအထားကို (အမှန်တကယ်) ကျေနပ်တယ်။
ဒါပေမယ့် ပုထုဇဉ်ပီပီ မရောင့်ရဲနိုင်သေးလို့ ဆက်ကြိုးစားတယ်။
ဒီလောက်ပဲ။
ခန္ဓာရခြင်းဟာ ဒုက္ခအမှန်ဖြစ်ကြောင်း စတင်နားလည်စပြုလာပြီးတဲ့ နောက်ပိုင်းမှာ နေ့စဉ်ဖြတ်သန်းမှုတွေဟာ အရင်ကထက် ပို အဆင်ပြေလာတယ်။
#NOe