တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း

img_6842ကျုပ် ၁၃ နှစ်သားတုန်းက ရုပ်မြင်သံကြားတပ်မတော်ဉာဏ်စမ်းပြိုင်ပွဲကို ရန်ကုန်တိုင်းကိုယ်စားပြု ပြိုင်ဖို့ အရွေးခံခဲ့ရတယ်။
ရန်ကုန်တိုင်း ကိုယ်စားပြုတစ်ယောက်ဖြစ်ဖို့ ကျောင်းအဆင့် ၊ မြို့နယ်အဆင့် ၊ ခရိုင်အဆင့် ၊ တိုင်းအဆင့်တွေ အဆင့်ဆင့်ပြိုင်ပွဲတွေကိုပြိုင်ခဲ့ရတယ်။
ကျောင်းစာတွေများတဲ့ကြားက တပ်မတော် စစ်သမိုင်း အတွဲ ၁ ၊ ၂ ၊ ၃ ၊ ၄ ကို လေ့လာရတယ်။
မိတ်ဆက်စကားပြောဖို့ကို မှန်ရှေ့မှာ အခါခါ လေ့ကျင့်ရတယ်။
ယုတ်စွဆုံး ဆံပင်ညှပ်ချင်တာတောင် အခြေခံပညာက အရာရှိတွေက ဆံပင်အရှည်လေးကို ဖဲကြိုးစိမ်းလေ တပ်ပြီးပြိုင်ရင် အမှတ်ပိုရနိုင်တယ်ဆိုလို့ မညှပ်ခဲ့ရဘူး။
ဒီလောက်စီစဉ်ထားပြီးကာမှ ဆိုင်ရာပိုင်ရာကလူကြီးတစ်ယောက်ရဲ့ အနွယ်အပွားသမီးတော်လေးတစ်ယောက်က ပြိုင်ချင်လှပါတယ်ဆိုလို့ ၂ ပတ်လောက်အလိုမှာ ကပ်ဖြုတ်ခံခဲ့ရတယ်။
မှတ်မှတ်ရရ ထိုသမီးတော်လေးက ကတုံးဆံပင်ပေါက်ကလေးနဲ့ရယ်။
အဲဒီအချိန်မှာ သိလိုက်ရတာက “တစ်ခါတစ်လေမှာ အသိုင်းအဝိုင်းဆိုတာလည်း အရည်အချင်းတစ်ခုဖြစ်နေတတ်တယ်” ဆိုတာပဲ။
တကယ်တမ်းပြိုင်တော့လည်း မေးခွန်းအားလုံးကို သူဖြေနိုင်ခဲ့ရဲ့သားနဲ့ ဘာလို့ ဆုတစ်ဆုမှမရခဲ့လဲဆိုတာကတော့ အခုချိန်ထိ အဖြေရှာမရခဲ့ဘူး။

ကပ်ဖြုတ်ခံလိုက်ရတဲ့ ကျုပ်ကတော့
ကျုပ်ကို တာဝန်ယူလေ့ကျင့်ပေးရတဲ့ အခြေခံပညာက အန်တီကြီးရဲ့ ကျေးဇူးတွေကြောင့် လူကြီးတွေနဲ့စကားကောင်းကောင်းပြောတတ်သွားတယ်။
လူရှေ့ထွက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ ရဲသွားတယ်။ လူရှေ့သူရှေ့ ဘယ်လိုနေရ ၊ ထိုင်ရလဲဆိုတာ ကောင်းကောင်းသဘောပေါက်သွားတယ်။

ဆိုလိုတာက ကိုယ်တာဝန်ယူလုပ်တဲ့ဘယ်ကိစ္စမဆိုကို စေတနာထားပြီး အကောင်းဆုံး စီစဉ်ဆောင်ရွက်တတ်မယ်ဆိုရင် ဘယ်တော့မှအရှုံးမရှိပါဘူး။
လိမ္မာပါးနပ်တဲ့သူတိုင်းအတွက်က နေရာတကာမှာ ယူတတ်ရင် သင်ခန်းစာချည်းပဲ။
ဒီလို့ အဖြစ်အပျက်တွေကြောင့်ပဲ ငနိုးဆိုတဲ့ ကျုပ်က အသက်ကလေးငယ်လောက် လူကြီးပုံပေါက်နေရတာပဲ။

(ဘာရယ်မဟုတ်ပါဘူး။ တိုက်ဆိုင်တာလေးရှိလို့ ရေးတင်မိတာပါ။)

Leave a Reply

Your email address will not be published. Required fields are marked *