ကတုံးတုံးချင်သည်။

ဟုတ်သည်။

ကျွန်ုပ် ကတုံးတုံးချင်သည်။

ယနေ့ညနေက ရေကူးကန်မှာ ခေါင်းလျှော်ရင်း ဤဆန္ဒပေါ်လာခြင်းဖြစ်သည်။

ကတုံးတုံးမည်။
ကိုယ့် ဆံပင် ကိုယ်ရိတ်ပြီး ကိုယ်ကတုံး ကိုယ်တုံးလိုသည်။
ကတုံးတုံးပြီးနောက် ဦးထုတ်မဆောင်းဘဲ အပြင်ထွက်မည်။
ဆံပင်တုများလည်းမစွပ်လိုပါ။
ကတုံးစစ်စစ်တစ်ယောက်လိုသာ အမှန်အကန်ရပ်တည်ကြည့်ချင်သည်။

ဒီအကြောင်းတွေ ရည်းစားကိုဖုန်းဆက်ပြီး လှမ်းပြောရာ “သီလရှင်ဝတ်ချင်တာလား”ဟုပြန်မေး၍ စိတ်ပျက်စွာ ဖုန်းချလိုက်ရသည်။

သီလရှင်နှင့် ကတုံးမ ထပ်တူမကျကြောင်း မည်သို့သက်သေပြရမည်နည်း။

သို့နှင့် စာဖတ်နေသောအဖွားကို ပြောပြသော်လည်း အရူးတစ်ယောက်လိုသာ ပြန်ကြည့်ခံရသည်။

ထို့ကြောင့် facebook ပေါ်တွင် ယခုကဲ့သို့ ရင်ဖွင့်လိုက်ရပါသည်။

ကျွန်ုပ် ကတုံးတုံးချင်ပါသည်။
#NOe

“ယောကျာ်းများ မီးနေခန်းမဝင်ရ ၊ ထမီတန်းအောက်မသွားရ”

ယောကျာ်းတွေ မီးနေခန်းဝင်ရင် ဘုန်းနိမ့်တယ်။တို့
ထမီတန်းအောက်သွားရင် ဘုန်းနိမ့်တယ်။တို့ ဆိုတာ
တော်တော်နှိမ်တဲ့စကားတွေ။
တော်တော်ကြီးကို နှိမ်တာ။

ဘယ်သူတွေကိုနှိမ်တာလဲ? ဆိုတော့
“ယောကျာ်းတွေ” ကို နှိမ်ခဲ့တာဗျာ။
ဟုတ်တယ်။
အဲဒီစကားတွေက ယောကျာ်းတွေကို နှိမ်ထားတာ။

ဘယ်သူတွေက နှိမ်တာလဲ ? ဆိုရင် မိန်းမတွေက နှိမ်ထားတာ။

အယ်….
မယုံမရှိနဲ့။
အဲဒါ မိန်းမတွေက ယောကျာ်းတွေကို တစ်ဖက်လှည့်နဲ့ နှိမ်ခဲ့တာဗျာ။

ဘယ်လိုနှိမ်တာလဲ? ဆိုတော့ ဒီလိုရှိတယ်။

မီးနေခန်းဆိုတာ အရမ်းသန့်ရှင်းရတဲ့အခန်း။
ရှေးခေတ်က အခုလို ဆေးရုံ ၊ ဆေးခန်းတွေမရှိတော့ ကိုယ့်အိမ်ကအခန်းကိုပဲ ရေနွေးပူတွေလောင်း ၊ တံခါးတွေအလုံပိတ်ပြီး တတ်နိုင်သလို မသန့်သန့်အောင် လုပ်ခဲ့ကြရတာ။
အဲလောက် သန့်အောင် ထားတဲ့ အခန်းကို လယ်ထွန် ၊ တောခုတ် ၊ ငါးရှာ ၊ ဖားရိုက် ၊ လှည်းမောင်း ၊သိုင်းကျင့် စတာတွေကြောင့် ချွေးတစီစီ ဖုန်တလုံးလုံးနဲ့ ညစ်တီးညစ်ပတ် ယောကျာ်းရင့်မာကြီးတွေကို ရာရာစစဝင်ခွင့်ပေးစရာလား။
အားလုံး ညစ်ပတ်ကုန်ပြီး သွေးနုသားနုမီးနေသည်ရော နီတာရဲကလေးလေးပါ ရောဂါတွေဖြစ်ကုန်မှာပေါ့လို့။

ထမီတန်းလည်း ထိုနည်း၎င်းပဲ။

အဆင်လှလှ ၊ အရောင်လွင်လွင်လေးတွေကို သန့်သန့်ပြန့်ပြန့်ဝတ်ချင်လို့ အပင်ပမ်းခံလျှော်ထားပါတယ်ဆိုမှ ဒင်းတို့ ညစ်ပတ်တုံးကြီး ခန္ဓာကိုယ်ကြီးတွေ လက်ညစ်ပတ်ကြီးတွေနဲ့ထိကုန်ရင် အကုန်ပြန်လျှော်နေရမှာ။

အဲဒါကြောင့် ရှေးခေတ်က မိန်းမတွေက သဲကိုးဖျာသော မာယာတွေနဲ့ လှည့်စားပြီး သူတို့တွေရဲ့ အားနည်းချက်ဖြစ်တဲ့ “အလကားနေ ဘုန်းကြီးချင်နေတဲ့” ပျော့ကွက်ကို အကောင်းဆုံး အညှာကိုင်ပြီး ဝေးဝေးနေခိုင်းခဲ့ကြတာ။
“နင်တို့ကညစ်ပတ်တုံးတွေ မို့ဝေးဝေးနေ” ဆိုပေါ်တင်တွေနှိမ်တယ်ဖြစ်မှာစိုးလို့ ဘုန်းနိမ့်မယ် ဆိုပြီး တစ်ဖက်လှည့်နဲ့နှိမ်ထားခဲ့ကြတာ။
ပိုင်ချက်ပဲ။
ဒါပေမယ့် လောလောဆယ်တော့ သူတို့အတတ်က ဒီဖက်ခေတ် မိန်းမတွေကို လာစူးနေတော့တာပဲ။

ဒါ့ကြောင့် အခုခေတ်ကတော့ ယောကျာ်းတွေက တော်တော်လေးသန့်လာကြပြီဆိုတော့ မီးနေခန်းပဲ ဝင်ဝင် ၊ ထမီတန်းအောက်ပဲသွားသွား သိပ်ပြဿနာမရှိတော့တာမို့ မိန်းမတွေအနေနဲ့အရင်ကလောက် အဖြစ်မသည်းကြပါနဲ့တော့နော်။

#NOe

တွေးမိတွေးရာ (၁)

လူတွေဟာ ကမ္ဘာဦးမှာ ကိုယ်တုံးလုံးနေခဲ့ကြရာကနေဘာလို့အဝတ်အစားတွေဝတ်လာခဲ့လဲဆိုတဲ့အကြောင်းအရင်းကို ဆင်ခြင်ကြည့်တဲ့အခါ
“ရာသီဥတု ဒါဏ်ခံနိုင်ဖို့”လို့ ကောက်ချက်ချမိတဲ့ နောက်ပိုင်း
အဝတ်အစားတွေနဲ့ပတ်သတ်ရင် ရင်ခုန်နှုန်းနှေးလာခဲ့တယ်။
တပ်မက်ခြင်းနည်းလာခဲ့တယ်။
အဝတ်အစားကြောင့် ဖြစ်ရတဲ့ လောဘနည်းလာတယ်။ ဒေါသရှားလာတယ်။

ဒီလိုပဲ အစာစားခြင်းဟာ ရသာတဏှာအတွက်မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် သက်သက်သာဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို အသိချည်းမဟုတ်ဘဲ နှလုံးသားနဲ့ လက်ခံနိုင်တဲ့နေ့ကစပြီး ကိုယ်ဟာ အစားနည်းလာလိမ့်မယ်။
အစားတစ်လုတ်အတွက် ပေးရတဲ့ အချိန်တွေနည်းသွားမယ်။
ထမင်းတစ်နပ်အကြောင်းပြုပြီး လောဘဖြစ်ရတဲ့ အကြောင်းတရားတွေ ရှားလာလိမ့်မယ်။
စားချင်တာမစားရတဲ့ အခါ ဒေါသထွက်တတ်တဲ့ အကျင့်ပျောက်သွားမယ်။
ဝိတ်လည်းပြန်ကျသွားလိမ့်မယ်။ 😛

လောလောဆယ်ထိတော့ ဗိုက်ဆာလို့ စားတာထက် ရသာတဏှာအတွက် စားတာက များနေသေးတယ်။
ဆင်ခြင်ရဦးမယ်။
စားချင်တယ် ဆိုတာထက် စားသင့်တယ် ဆိုတဲ့ အကြောင်းအရင်းနဲ့ပဲ အစာစား နိုင်ဖို့ သတိထားရမယ်။

အသက် ၂၅ နှစ်ကျော်လာပြီးတဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ “မလိုအပ်”တာတွေကို အတတ်နိုင်ဆုံး စွန့်ပြီး “လိုအပ်”တာတွေကို ရှေးရှုဖို့ကြိုးစားချင်လာတယ်။

အပိုတွေမလုပ်ချင်တော့ဘူး။

ဥပမာ မလိုအပ်ဘဲ စကားတွေအများကြီး ပြောနေတတ်တာမျိုး။
အချိန်တွေပိုနေလို့ဆိုပြီး ကိုယ်မကြိုက်တဲ့ ရုပ်ရှင်ကို ဘာမှန်းမသိ ထိုင်ကြည့်နေတာမျိုး။
လူသိများရင်ပြီးရောဆိုပြီး ရှိသမျှပွဲတွေ အတင်း လိုက်တက်နေတာမျိုး တွေ ကို လုပ်ချင်စိတ် လုံးဝ(လုံးဝ) ပျောက်လာတယ်။

ဘဝကို စိတ်ပျက်သွားတာ မဟုတ်ဘူး။
စိတ်ဓာတ်ကျနေခြင်းနဲ့လည်း မတူဘူး။
နဂိုရှိတဲ့ တက်ကြွမှုတွေလည်းပျောက်ဆုံးမသွားဘူး။

လက်ရှိအနေအထားကို (အမှန်တကယ်) ကျေနပ်တယ်။
ဒါပေမယ့် ပုထုဇဉ်ပီပီ မရောင့်ရဲနိုင်သေးလို့ ဆက်ကြိုးစားတယ်။

ဒီလောက်ပဲ။

ခန္ဓာရခြင်းဟာ ဒုက္ခအမှန်ဖြစ်ကြောင်း စတင်နားလည်စပြုလာပြီးတဲ့ နောက်ပိုင်းမှာ နေ့စဉ်ဖြတ်သန်းမှုတွေဟာ အရင်ကထက် ပို အဆင်ပြေလာတယ်။

#NOe

“Victim Blame မလုပ်ပါနဲ့” တဲ့ ။

ဘယ်သူက Victim လဲ? ဆိုတာ သက်သေနဲ့တကွ ကွဲကွဲပြားပြားမသိရသေးဘဲနဲ့ကို အဲလိုတွေအော်ကြတော့တာ။
Victim ဆိုတာ “မုဒိန်းကျင့်ခံရပါတယ်လို့ အော်နေတဲ့သူ ” လို့အဓိပ္ပာယ်မရဘူး။

“လှည့်စားဖျားယောင်းခံရသူ၊
ရန်မူခံရသူ၊ စော်ကားခံရသူ၊
ဘေးဒုက္ခရောက်သူ ” တွေကို Victim လို့ခေါ်တာ။

“မိန်းမသားတစ်ယောက်က ဘယ်နည်းနဲ့မှ သူ့အရှက် သူခွဲပြီး ဘလာဘလာဘလာ @&$$&&”?;;:”

အိုကေ
အရှက်ရှိတယ်ဆိုတာ မိန်းမဖြစ်ခြင်း ၊ ယောက်ကျားဖြစ်ခြင်း နဲ့မဆိုင်ဘူး။

ဆင်းရဲခြင်း ၊ ချမ်းသာခြင်းနဲ့လည်းမဆိုင်ဘူး၊

ရုပ်ဆိုးတာ ၊ ရုပ်လှတာနဲ့လည်းမဆိုင်ဘူး။

ပညာတတ်ခြင်း ၊ ဉာဏ်နည်းခြင်းနဲ့လည်းမဆိုင်ဘူး။

အရှက်တရားဆိုတာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက ခံယူချက် နဲ့ပဲဆိုင်တယ်။
သူဘာကိုရှက်တတ်လဲ? ဆိုတာပဲ။

ဒီနေရာမှာ ကြုံတုန်းပြောရရင် မုဒိန်းကျင့်ခံ ရတာဟာ ရှက်စရာမဟုတ်ဘူး လို့ခံယူပါတယ်။
ရှက်မယ့်ရှက် မုဒိန်းကျင့်တဲ့သူကပဲရှက်ရမှာ။
ဒီလိုပြောလို့ မုဒိန်း(တကယ်) ကျင့်ခံရသူတွေက Victim မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။

သူအလိုမတူတဲ့ ကိစ္စတစ်ခုကို အဓမ္မအတင်းလုပ်ယူခံရတဲ့အတွက် ၊ သူဟာ အနိုင်ကျင့်ခံရသူဖြစ်တဲ့အတွက် သူဟာ Victim ပဲ။

ဒီအတွက် သူ့မှာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း တရားစွဲပိုင်ခွင့်ရှိတယ်။
သူ့ဆုံးရှုံးမှုတွေအတွက် ရင်ဆိုင်နိုင်ခွင့်ရှိတယ်။

ဒါပေမယ့် မုဒိန်းကျင့်ခံရခြင်းအတွက် သူ့ဘဝဟာ လမ်းမဆုံးသွားဘူး။

ပတ်ဝန်းကျင်မှာ လူတစ်ချို့ရှိတယ်။
မုဒိန်းကျင့်ခံရတဲ့သူတွေကို သနားတာလည်း သူတို့အပြင်မရှိဘူး။
အေး …… ကိုယ့်တူ ၊ ကိုယ်သား ၊ ကိုယ့်မောင်ဘွား တစ်ယောက်ယောက်ကများ ဒီလို မုဒိန်းကျင့်ခံထားရဖူးတဲ့ အမျိုးသမီး တစ်ဦးကို” မိသားဖသား ပီပီ တင့်တောင်းတင့်တယ် လက်ထပ်ပြီး ဇနီးမယားအဖြစ် သေတပန် သက်တစ်ဆုံး ပေါင်းသင်းချင်ပါတယ် ” လို့ဆိုလာရင် အကြောက်အကန်ကို ငြင်းကြတော့တာ။
ကမ္ဘာပျက်မတတ် ငြိုးရန်တွေ ဖွဲ့ကြတော့တာ။
မေးချင်တာက “သနားတယ်ဆိုတာ” ဘာကို သနားတာလဲ?
ကိုယ့်ထက် နိမ့်ကျသွားတယ်မှတ်ယူပြီး သနားတာလား?
အနိုင်ကျင့်ခံရတဲ့ သူ့ဘဝကို တကယ်စာနာပြီးသနားတာလား?
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်သင့်တယ်။

တစ်ခုခုဆို” နှမချင်းမစာနာကြဘူး။ အမေချင်းမစာနာကြဘူး” နဲ့ ။
မျှမျှတတတွေးကြကြေးဆိုရင် မေးချင်တာက
“အကိုချင်းရောစာနာဖူးလား?”
“မောင်ချင်းရောစာနာဖူးလား?”
“အဖေချင်းရောစာနာဖူးလား?” လို့။

နောက်ဆုံးအချုပ်ပြောရရင်
ဘယ်ကိစ္စမဆို ကောက်ချက်ချမစောကြပါနဲ့။
ပေါင်ချိန်စကားတစ်ခုရှိတယ်
“အချိန်တန်ရင် သက်သေတွေက စကားပြောလိမ့်မယ်။”
#NOe

ချစ်သူ ကို ဘယ်လိုခေါ်လဲ ?

ငနိုးကတော့ တွေ့ခါစတုန်းက ဆရာလို့ ခေါ်တယ်။
သူကဆရာလေ။
ကိုယ်တပည့်ကို။

နောက်တော့ ဦးထွန်းလင်း လို့ပြောင်းခေါ်တယ်။

နည်းနည်းကြာတော့ Mr.CEO လို့ခေါ်တယ်။

အခုလောလောဆယ်တော့

ဆရာ လို့လည်းခေါ်တယ်။
ဦးထွန်းလင်း လို့လည်းခေါ်တယ်။
Mr.CEO လို့လည်းခေါ်တယ်။
ကိုထွန်းလင်း လို့လည်းခေါ်တယ်။
ဆရာသမား လို့လည်းခေါ်တယ်။
ကာလနဂါး လို့လည်းခေါ်တယ်။
ဘိုးတော် လို့လည်းခေါ်တယ်။
ကိုယ်တော်ချော လို့လည်းခေါ်တယ်။
သမုဒ္ဒယ သစ္စာရှင် လို့လည်းခေါ်တယ်။

ခေါ်ချင်သလိုခေါ်တယ်။
အရေးကြီးတာ ကိုယ်ခေါ်နေမှန်း သူသိဖို့ပဲ။

(တစ်ခုခုဆို “သည်းခံလိုက်ပါ။ မေတ္တာထားပါ။ ခွင့်လွှတ်လိုက်ပါ။ စိတ်ကိုကြည်ကြည်လင်လင်ထားပါ။” ဘာညာနဲ့ တရားတွေချတတ်လွန်းလို့ တမင်ရွဲ့ပြီး “ဘုရားဖြစ်မယ့် အုတ်နီခဲ” လို့လည်းခေါ်တယ်။ :P)

#NOe

မနေနိုင်လွန်းလို့ပြောမိပြန်သည်။

ပွဲတစ်ခုသွားစရာရှိတယ်ဆိုကြပါစို့။

ကိုယ့်မှာရှိတာလေးနဲ့သွားရင် လူအထင်သေးမှာစိုးလို့ သူများဆီက အဖိုးတန် အဝတ်အစားတွေ ငှားဝတ်သွားတယ်။

ကိုယ့်ကိုယ်ကိုလည်းအရမ်းလှတယ်ထင်မိတယ်။
ခက်တာက အဲဒီအဝတ်အစားတွေက ကိုယ်နဲ့ ကွက်တိဖြစ်မနေတော့ ဝတ်ရတာ သက်တောင့်သက်သာမရှိလှဘူး။
ဒီတော့ ဟိုနား ၊ ဒီနား နည်းနည်းသီသွားတယ်။

ပွဲကိုရောက်သွားတယ်။
ငှားဝတ်လာတာလူသိမှာစိုးလို့ ကိုယ်ပိုင်ပစ္စည်းတွေလို ပုံဖမ်းပြီး လိုက်ကြွားမိတယ်။
ကိုယ့်အကြောင်း မသိတဲ့သူအချို့က “အရမ်းလှတယ်။”ဘာညာပြောပြီး ဝိုင်း မြှောက်ပင့်ကြတော့ ပျော်ရတယ်။

ဒါပေမယ့် ကိုယ်တစ်ခုခုလှုပ်ရှားမှုပြုတိုင်း အဝတ်အစားများပေသွားမလား? ပျက်စီးသွားမလား? ဆိုပြီး စိုးရိမ်ရတယ် ၊ ပူပန်ရတယ်။

အဝတ်အစားပိုင်ရှင်နဲ့ သိတဲ့သူအချို့က ပြုံးပြုံးကြီးတွေကြည့်သွားတာခံရတော့”ငါငှားဝတ်လာတာ သူတို့သိနေလား?”ဆိုပြီး စိတ်ထဲမှာမလုံမလဲတွေဖြစ်ရတယ်။

နောက်ဆုံး ကြိုက်လွန်းလို့ ပိုင်ရှင်ဆီပြန်မပေးတော့ဘဲ သိမ်းထားလိုက်တယ်။ပိုင်ရှင်က လာတောင်းတော့ ဘူးခံငြင်းပြီး ဆဲလွှတ်လိုက်တယ်။ပိုင်ရှင်ပြန်သွားတယ်။

ခက်တာက ပစ္စည်းတွေက ကိုယ်ပိုင်ဖြစ်မသွားဘူး။

ခိုးရာပါပစ္စည်းပဲဖြစ်သွားတယ်။

ကိုယ်မပိုင်ဘူး။ ဘယ်တော့မှ ပိုင်မှာမဟုတ်ဘူး။

ဘယ်သူမှမသိလည်း ကိုယ်သိတယ်။

ကိုယ်ခိုးထားတာ ကိုယ်အသိဆုံးပဲ။

ပစ္စည်းပိုင်ရှင်ကတော့ အစပိုင်းမှာ နှမြောစိတ်နည်းနည်းဖြစ်မယ်။
ကြာလာတော့မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်။
ဘာလို့လဲဆိုတော့ သူ့မှာက အဲဒီပစ္စည်းလိုပစ္စည်းတွေအများကြီးရှိသေးတယ်။
ဒီထက်ပိုကောင်းတဲ့ ပစ္စည်းတွေလည်း ထပ်ဝယ်နိုင်တဲ့ အခြေအနေနဲ့ကို။

အဲလိုပဲ တစ်ချို့တွေက Facebook မှာ Post တွေတင်တဲ့အခါလည်း ကိုယ်သိသလောက် တတ်သလောက်မှတ်သလောက်လေးပဲတင်လိုက်ရင် လူတွေအထင်သေးမှာစိုးလို့ သူများအတွေးအခေါ်တွေ ၊ အမှတ်တရဖြစ်ရပ်လေးတွေကို Copy ကူးပြီး ကိုယ်ပိုင်လုပ်တင်တယ်။

မသိတဲ့သူတွေ အထင်ကြီးတာခံရတယ်။
သိတဲ့သူတွေ ပြုံးသွားကြတယ်။

ကြာလာတော့ ကိုယ်ပိုင်တွေးခေါ်နိူင်စွမ်းတွေပျောက်လာတယ်။

ဟိုလူ့ဆီက ကူးလိုက် ၊ ဒီလူ့ဆီက ကူးလိုက်နဲ့ဆိုတော့ ဟိုလူနဲ့တူသလိုလို ၊ ဒီလူနဲ့တူသလိုလိုတွေဖြစ်ပြီး ကိုယ့်ရပ်တည်ချက်အစစ်အမှန်ကဘာမှန်းမသိနိုင်ဘဲ လေယူရာယိမ်းလို့ လေသံကြားတရားနာရတဲ့အဆင့်ရောက်မှန်းမသိရောက်သွားရတယ်။

တကယ်တမ်း အစစ်အမှန် ပိုင်ရှင် သမား တွေက ဘာမှမဖြစ်သွားဘူး။

ဘဝမှာ ဆက်လက်လေ့လာတွေးခေါ်နေမြဲ ၊ လောကကြီးကိုရင်ဆိုင်နေနိုင်မြဲပဲ။

ခိုးတဲ့သူအတွက်ကတော့ လူအထင်ကြီးခံချင်လို့ လုပ်မိလုပ်ရာလုပ်ခဲ့တာမှန်ပေမယ့် တကယ်ဖြစ်သွားတာက ကိုယ့်မှာ အဲလောက်အရည်အချင်းမရှိတာ လူတွေသိသွားမှာကြောက်ပြီး ဟန်ဆောင်ဖုံးကွယ်နေရတဲ့ ဘဝ။

ဘယ်နေ့အလိမ်ပေါ်သွားမလဲ? တွေးပူနေရတဲ့ အခြေအနေ။

ဘဝမှာနေပျော်ချင်ရင် ရိုးသားဖို့လိုတယ်။
အခြားသူတွေ အပေါ်မှာ မရိုးသားချင်ရင်တောင် ၊ ကိုယ့် ကိုယ်ကို အတတ်နိုင်ဆုံး ရိုးသားရမယ်။
ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး အာရုံစိုက်ပြီးလုပ်ရမှာက ကိုယ့်တာဝန်သာဖြစ်တယ်။

ချီးကျူးတာ ၊ ကဲ့ရဲ့တာ ပတ်ဝန်းကျင်ရဲ့အလုပ်။

ကိုယ်နဲ့လားလားမှမဆိုင်ဘူး။

အထင်ကြီးခံရလည်း ပျော်စရာမရှိသလို ၊ အထင်သေးခံရလို့လည်းငိုစရာမဟုတ်ဘူး။

လူအထင်ကြီးခံရရုံသက်သက်နဲ့ဆိုရင် လေတောင်မရှုနဲ့။

ကိုယ့်အသက်ရှင်ခြင်းအတွက်သာ လေရှုသင့်တယ်။

ဟန်ဆောင်နေရခြင်းဟာ လေးပင်လွန်းတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်။
မဟုတ်မမှန် ၊ မရိုးသားစွာ ဟန်ဆောင်နေရခြင်းက ပိုမိုလေးလံတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်။

ပြောနေကျစကားနဲ့ပြောရရင်
“ကိုယ်ဘာကောင်လဲ? ကိုယ်သိဖို့လိုတယ်။”
“ကိုယ့်အဆင့်ကိုယ်သိရမယ်။”

#NOe

(မရဘူးကွာ။တွေးခေါ်ရမှာပျင်းတယ်။တတ်လည်းမတတ်ဘူး။သူများဟာပဲ အလွယ် ကော်ပီကူး ၊ ဖြတ်ညှပ်ကပ်ပြီး ကိုယ်ပိုင်အထာဖမ်းရင်း အထင်ကြီးခံချင်တယ်ဆိုလည်း သဘောပါ။***စာလုံးပေါင်းလေးတွေတော့မှန်ပါစေ။***)

ကိုယ့် လက်တွဲဖော် ရဲ့ တန်ဖိုးကို မသိတဲ့သူတွေဟာ ဖောက်ပြားတတ်ကြတယ်။

ယောက်ကျားဖြစ်စေ ၊ မိန်းမဖြစ်စေ လူတွေမှာ ကိုယ်စီကိုယ်စီ မတူညီတဲ့ တန်ဖိုးလေးတွေရှိတယ်။
တန်ဖိုးထားတတ်တဲ့အရာလေးတွေရှိတယ်။

ဥပမာ
တစ်ချို့က လှတာကို တန်ဖိုးထားတယ် ။
တစ်ချို့က အတွေးအခေါ်မြင့်တာကို တန်ဖိုးထားတယ်။
တစ်ချို့ကျပြန်တော့လည်း ငွေကြေး ဥစ္စာတွေကို တန်ဖိုးထားတယ်။

ဒီတော့ ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့လက်တွဲဖော် (ချစ်သူ၊ရည်းစား ၊ အိမ်ထောင်ဖက် )မှာ ကိုယ်တန်ဖိုးထားရတဲ့ အချက်လေးတွေမရှိဘူးဆိုတာသိရတဲ့အခါ (ဒါမှမဟုတ်) ပျောက်ဆုံးသွားတဲ့အခါ လူအများစုဟာ ဖောက်ပြန်ခြင်းကို ဦးတည်တတ်ကြတယ်။

ဒါဟာချစ်တယ် ၊ မချစ်ဘူးနဲ့မဆိုင်ဘူး။
ဖောက်ပြန်ခံရတဲ့သူမှာလည်းအပြစ်မရှိဘူး။
ချစ်ရက်နဲ့လက်တွဲခဲ့ကြပြီးမှ ဖောက်ပြန်ကြတဲ့ကိစ္စတွေအများကြီးပဲလေ။
ဥပမာ
ကိုယ့်တန်ဖိုးက အတွေးအခေါ်မြင့်တာဖြစ်နေပေမယ့် တစ်ဖက်လူရဲ့ တန်ဖိုးထားရာက ရုပ်ပိုင်းဆိုင်ရာအလှအပ ဖြစ်နေတဲ့အခါ ဖောက်ပြန်ခံရဖို့များတယ်။

လက်တွဲဖော်ရဲ့ တန်ဖိုးကိုသိပြီး အမှန်တကယ်တန်ဖိုးထားတယ်ဆိုတာကလည်း
ကားပေါ်ကအဆင်းထီးမိုးပေးတာ ၊
အိမ်ပြန်ချိန် အိမ်အောက်ထိလိုက်ပို့တာ ၊
ပိတ်ရက်တွေမှာ ဟင်းချက်ကျွေးတာ၊
အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရတွေစီစဉ်ပေးတာ ၊
လိုချင်တဲ့ပစ္စည်းကို အလိုက်တသိဝယ်ပေးတာ၊
စသဖြင့်
စသဖြင့်
စသဖြင့် တွေထက် အများကြီး (အများကြီး) ပိုပါသေးတယ်။

အမှန်တကယ် တန်ဖိုးထားတယ်ဆိုတာရဲ့နောက်မှာ လေးစားခြင်းဆိုတာကပ်ပါလာတယ်။

ကြောက်တာမဟုတ်ဘူးနော်။
သူ့ရဲ့ဖြစ်တည်မှု ၊ ရပ်တည်မှု တွေကိုပါ လက်ခံနိုင်လာတဲ့ လေးစားမှုမျိုး။

နားငြီးလို့ခေါင်းညိတ်တာမျိုးမဟုတ်ဘဲ
သူ့ရဲ့ဆုံးဖြတ်ချက် ၊ ခံယူချက်တွေ က ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်သည့်တိုင် ထောက်ခံပေးနိုင်တဲ့ လေးစားမှုမျိုး။

အလိုလိုက်တာမျိုးမဟုတ်ဘဲ
သူ့ရဲ့ ကြိုက်ခြင်း ၊ မကြိုက်ခြင်းတွေကိုပါ နားလည်ပေးနိုင်တဲ့ လေးစားမှုမျိုး တွေနဲ့ အမြတ်တနိုးလေးစားတာ။

အကယ်၍သာ လူတစ်ယောက်ဟာ သူ့ရဲ့လက်တွဲဖော်ကို ဒီလိုလေးစားမှုမျိုးတွေနဲ့တန်ဖိုးထားပြီး မြတ်နိုးရကောင်းမှန်း သိတတ်ခဲ့မယ်ဆိုရင် ဖောက်ပြားလိုစိတ်ဆိုတာ ဘယ်ဆီနေမှန်းတောင် သိမှာမဟုတ်ဘူး။

ဒီနေရာမှတစ်ခုပြောချင်တာက လောဘမကြီးဘဲ သူ့ဖက် ကိုယ့်ဖက် မျှကြည့်တတ်ဖို့လည်းလိုသေးတယ်ဆိုတာပါပဲ။

“ကိုယ်ကြိုက်တဲ့ဟော့ပေါ့ကို မင်းလိုက်စားရမယ်။
မင်းကြိုက်တဲ့ ကော်ဖီတော့ ကိုယ်လိုက်မသောက်နိုင်ဘူး။” ဆိုတဲ့အကျင့်တွေနဲ့တော့ တန်ဖိုးထားလေးစားမှုတွေ တောင်းဆိုလို့မရဘူးပေါ့။

အချုပ်ပြောရရင်တော့
ဖောက်ပြန်မခံချင်ဘူးဆိုရင် ကိုယ့်တန်ဖိုးကို သိတဲ့သူနဲ့ပဲလက်တွဲပါ။
ဖောက်ပြန်တတ်သူမဖြစ်ချင်ဘူးဆိုရင် ကိုယ်တန်ဖိုးထားနိုင်တဲ့သူနဲ့လက်တွဲပါ။
ဖောက်ပြန်လည်း မခံချင်ဘူး ၊ ဖောက်ပြန်တတ်သူလည်း မဖြစ်ချင်ဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက်အပြန်အလှန်တန်ဖိုးသိပြီး တန်ဖိုးထားနိုင်တဲ့သူအချင်းချင်း လက်တွဲပါ။

နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြောရရင်တော့
“ကိုယ့်ကိုကိုယ် လေးစားတတ်တဲ့သူတွေပဲ အခြားလူတွေကိုလေးစားရကောင်းမှန်းသိကြတာပါ။”

( ဟိုနေ့က ကိုထွန်းလင်းနဲ့ဆွေးနွေးရင်း ရလာတဲ့ အတွေးအခေါ်လေးကို အခြေခံရေးလိုက်တာပါ။ အမြင်မတူတာတွေလည်း ရှိပါလိမ့်မယ်။)
#NOe

ဦးဝိစာရအဝိုင်းနားရောက်တိုင်း ကိုထွန်းလင်းကို သတိရတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်က မြို့ထဲမှာ ရုပ်ရှင်ကြည့် ၊ ကြေးအိုးစားပြီး အိမ်ကိုလမ်းလျှောက်ပြန်တုန်း (ဘာကိစ္စနဲ့ ထငြိကြမှန်းတော့ မမှတ်မိဘူး) ငနိုးတစ်ယောက် စိတ်တွေဆိုးပြီး တစ်ယောက်တည်း ဒေါနဲ့မောနဲ့ ဆောင့်ဆောင့် ဆောင့်ဆောင့် လျှောက်သွားလိုက်တာ ဘယ်လိုကနေဘယ်လို အဲဒီအဝိုင်းပေါ်ရောက်သွားလဲမသိဘူး။
ကားတွေကလည်းမတရားရှုပ်နေလို့ ပြန်မဆင်းတတ်တော့မှ ကိုထွန်းလင်းဆီ ဖုန်းဆက်ပြီး လာခေါ်ခိုင်းရတယ်။ 😬😬
သူကလာခေါ်မယ်ထင်လား?
ဝေးသေး 😬
ဖုန်းထဲကပဲ ” ဟိုနားသွား ၊ ခဏစောင့် ၊ကူးတော့” ဘာညာနဲ့ညွှန်ကြားရေးတွေလုပ်တာ။

ဘာပဲပြောပြော လူသွားလမ်းပေါ်ပြန်ရောက်လာတော့ တော်သေးတာပေါ့။ 😜

တစ်ခါတစ်လေဆိုရင်လွမ်းမိတယ်။
ဘူတာရုံမှာထိုင်
ရထားစီး
ရုပ်ရှင်ကြည့်
မြို့ထဲလျှောက်ပတ်
ကြေးအိုးစား
အိမ်ကိုလမ်းလျှောက်ပြန်
လမ်းမှာ အကြောင်းအရာစုံအောင် စကားတွေဖောင်ဖွဲ့
တစ်ခါတစ်လေ သဘောတရား ကွဲလွဲကြတဲ့အခါ ရန်လေးဘာလေးဖြစ်
ပြောရင်းဆိုရင်း လွမ်းလာပြီ။ 😬😬

တစ်ရက်လောက် ချိန်းတွေ့ဦးမှပါလေ။

#NOe

မိမိမှာ ရခိုင်ဖြစ်ကြောင်း လူစိမ်းတွေကြား ပြောမိသောအခါ

မိမိမှာ ရခိုင်ဖြစ်ကြောင်း လူစိမ်းတွေကြား ပြောမိသောအခါ အမေးခံရလေ့ရှိသော မေးခွန်းများထဲမှ မိမိသဘောမတွေ့သည့်မေးခွန်းအချို့

– ရခိုင်ဖြစ်ပြီး ဘာလို့ အသားတွေ ဖြူနေရတာလဲ?
– ရခိုင်ဖြစ်ပြီး စကားလဲမဝဲဘူးကော။
– ရခိုင်ဆိုတော့ အစပ်ကြိုက်မှာပေါ့။
– ရခိုင်တွေက ဆီမစားဘူးနော်?
– ရခိုင် မုန့်တီချက်တတ်လား?

သိစေချင်တာက
– ရခိုင်ဖြစ်ရင် အသားမဲ ရမယ်လို့ ဘယ်သူကများ သတ်မှတ်ခဲ့လဲ?
ဖြူသူရှိသလို၊ မဲသူလည်းရှိတယ်။
အညိုဆင်တွေတောင်ရှိသေး။

– စကားဝဲတယ်ဆိုတာဘယ်လိုမျိုးလဲ?
ဗမာစကားက ရန်ကုန်လေသံနဲ့ပြောမှအမှန်လား?
ဒါဆိုရင်တော့ မထူးဆန်းဘူး။
အသက် က၂၆၊ ရန်ကုန်မှာနေတာ ၂၄ နှစ်ရှိနေပြီရန်ကုန်လေသံပေါက်မှာပေါ့။
ရန်ကုန်ကလူတွေအချို့က ဗမာအချင်းချင်းကိုတောင် အညာသားတွေဆို စကားဝဲတယ်လုပ်ချင်ကြတာ။

– အစပ်ကြိုက်လားဆိုတော့ အစပ်လည်းကြိုက်တယ် ၊ အချိုလည်းကြိုက်တယ် ၊ အချဉ်လည်းကြိုက်တယ်၊ အငံလည်းကြိုက်တယ် ၊ အဖန်လည်းကြိုက်တယ် ၊ အခါးလည်းကြိုက်တယ်။ အဲဒါကြောင့် ဒီကိုယ်လုံးဖြစ်နေတာ။ ဘယ့်နှယ် မသိရင် ရခိုင်တွေက ငရုပ်သီးတွေချည်း ထိုင်စားနေတဲ့ ပုံမျိုး။

– ဆီစားတာ ၊ မစားတာတော့ အများကြီးမရှင်းချင်ဘူး။
ဓညင်းသီးပြုတ်ကို ဗမာတွေ ငပိရည်နဲ့တွဲစားချိန်မှာ ရခိုင်တွေက ဆီခွက်ထဲ နှစ်နှစ်ပြီး သရေစာလိုစားတာပဲကြည့်တော့။
(သူ့ဓလေ့နဲ့သူ ဆီစားကြပုံကို ဥပမာပေးတာပါ။ ဗမာတွေကို စော်ကားတာမဟုတ်ဘူးနော် ။ )

– မုန့်တီချက်တဲ့ ကိစ္စကတော့ ပြန်မေးချင်တာ ဗမာတိုင်းရော မုန့်ဟင်းခါးချက်တတ်ကြလို့လား?
ကရင်တိုင်းရော မျှစ်တာလပေါ ချက်တတ်ကြလား?
ရခိုင်တိုင်း မုန့်တီမချက်တတ်ကြဘူး။
နောက်ပြီး ရခိုင်တိုင်းလည်း မုန့်တီမကြိုက်ဘူး။
ကိုယ်တွေဆို မုန့်တီထက် မုန့်ဟင်းခါး ပိုကြိုက်တယ်။
#NOe