Check List

ငနိုး မသေခင်လုပ်သွားမယ့် Check List ထဲမှာ (အမေဘက်က) အဖိုးရဲ့ ဘဝအကြောင်း ကို စာရေး ဖို့လည်းပါတယ်။
လူအများက အဖိုးကို ကောင်စီဥက္ကဌ ၊ နိုင်ငံရေးသမား ၊ စီးပွားရေးသမား ၊ ရပ်ရွာလူကြီး …… စသည်ဖြင့် ဘယ်လိုပဲခေါင်းစဉ်တပ်ကြပါစေ
ငနိုးအတွက်ကတော့ အဖိုးဟာ God Father တစ်ယောက်ပဲ။ 😛
တကယ်တော့ ငနိုးဟာ အဖိုးခေတ်ကိုမမီလိုက်တဲ့သူပါ။
ငနိုး ၁၀ရက်သားမှာ အဖိုးဟာ ဘဝတစ်ပါးပြောင်းသွားခဲ့တယ်။
တနည်းပြောရင် အဖိုးနောက်ဆုံးတွေ့ခဲ့ရတဲ့ မြေးဟာ ငနိုးဖြစ်တယ်ပေါ့။
ဒါကြောင့် ငနိုးဟာ အဖိုးကို ဓါတ်ပုံထဲမှာပဲမြင်ဖူးခဲ့ရပါတယ်။

ငနိုးဟာအရပ်ပုပေမယ့် အဖိုးကတော့ အရပ်ရှည်ရှည် နဲ့ လူထွားကြီးဗျ။
(ငနိုးအဖွားကတော့ ပုပုညှပ်ညှပ်သေးသေးလေးပါ။ ငနိုးကတော့ အဖိုးနဲ့အဖွားရောထားတဲ့ ပုပုထွားထွားကြီးပေါ့။ 😛 )
အသားဖြူသလောက် အဖိုးဟာ ဒေါသလည်းအရမ်းကြီးပါတယ်တဲ့။
မီလိုက်တဲ့သူတွေပြောတာတော့ အဖိုးရိုက်ပြီဆိုရင် အရိုက်ခံရတဲ့သူဟာ အနည်းဆုံး အိပ်ရာထဲမှာ တစ်ပတ်လောက်ခွေနေရပါရောတဲ့။

ရွာမက ၊ မြို့မကျတဲ့ ဒေသတစ်ခုမှာ
အဖိုးဟာ ဒေသခံမျိုးဆက်သစ်တွေ ပညာရေးအဆင့်မြင့်လာအောင် အထက်တန်းကျောင်းဆောက်ခဲ့တယ်။
( အခုပုဏ္ဏားကျွန်း အထက ဟာ တကယ်တော့ အခြားမြို့အတွက် အစိုးရကချပေးတဲ့ကျောင်းပါ။ကျောင်းဆောက်ဖို့ သစ်တွေ၊အုတ်တွေသယ်လာတဲ့ အစိုးရသဘောင်္ကြီး ပုဏ္ဏားကျွန်းကို အဖြတ်မှာ အဖိုးက အတင်းဆိပ်ကမ်းကပ်ခိုင်းပြီး အဲဒီ ပစ္စည်းတွေနဲ့ညတွင်းချင်း ကျောင်းနေရာမှာ ပန္နက်ရိုက်လိုက်တာလို့လည်း လူကြီးတွေပြောတာကြားဖူးပါတယ်။)
ရောင်းဝယ်ဖောက်ကားမှုအဆင်ပြေအောင် စျေးဆောက်တယ်။
ကုန်စည်စီးဆင်းမှုလွယ်အောင် ဆိပ်ကမ်းဆောက်တယ်။
ဒေသတွင်းမွေးမြူရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်အောင် ရန်ကုန်ဘက်က နည်းပညာတွေ ယူလာ ၊ မျှဝေပေးတယ်။
အမျိုးထဲမှာ စာတော်ပြီး အလားအလာရှိတဲ့ ကလေးတွေကို ရန်ကုန်ထိပို့ပြီ ပညာသင်စေတယ်။
မျိုးဆွေ၄ပါးကိုစောင့်ရှောက်တယ်။

အဲလိုတွေလုပ်ခဲ့တဲ့အတွက် အဖိုးကို “အစိုးရလူ”ဆိုပြီး အဲဒီခေတ်က သူပုန်တွေအရမ်းမုန်းကြတယ်။
အဖိုးကိုဖမ်းမိရင်”အသားစားပစ်မယ်”လို့တောင်ကြုံးဝါးတဲ့ သူပုန်ဗိုလ်တွေရှိခဲ့တယ်။
အဖိုးနဲ့လူမှားပြီး သူပုန်သတ်တာခံခဲ့ရတဲ့ အဖိုးမိတ်ဆွေတွေလည်းရှိခဲ့တယ်။

နိုင်ငံရေးနဲ့ပတ်သတ်လာရင် အဖိုးပြောနေကျ စကားတစ်ခွန်းရှိခဲ့တယ်တဲ့။
“နိုင်ငံရေးလုပ်ချင်ရင် စားပွဲပေါ်ကပဲ တရားဝင် လုပ်ပါ။ဘယ်တော့မှ တောခိုပြီး သူပုန်မလုပ်နဲ့”
(ငနိုးလည်း လူကြီးတွေဆီကနေ တစ်ဆင့်စကားကြားရတာမို့ စကားလုံးလွဲချော်မှုရှိကောင်းရှိနိုင်ပါတယ်။)

အဖိုးဟာ ကိုယ့် မွေးရပ်မြေမဟုတ်တဲ့ ဒေသတစ်ခုအတွက် တိုးတက်ရာတိုးတက်ကြောင်းတွေအများကြီးလုပ်ခဲ့ပါတယ်။
(အဖိုးကို မိခင်ရဲ့ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းဘက်မှာမွေးဖွားခဲဲ့ပြီး အသက် ၁၀ နှစ်ဝန်းကျင်လောက်မှ ဖခင်ဇာတိဖြစ်တဲ့ ရခိုင်ဘက်ကို ဆွေပြမျိုးပြ အလည်လာရာကနေ စစ်ဖြစ်လို့မပြန်နိုင်တော့ဘဲ အဲဒီဒေသမှာပဲ အခြေချနေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။)
အဖိုးဟာ သူ့ပတ်ဝန်းကျင်ကို သူ့ကိုယ်ပိုင်မိသားစုထက်ပိုဂရုစိုက်ခဲ့တယ်။
သူ့ကို သဘောကျထောက်ခံတဲ့သူတွေများခဲ့သလို သဘောမကျ မနှစ်မြို့တဲ့သူတွေလည်းအများကြီးရှိခဲ့တယ်။
ဒါပေမယ့် အဖိုးဟာ ကိုယ်လုပ်စရာရှိတာကိုပဲ တစိုက်မက်မက်လုပ်ခဲ့တယ်။

ဒါကြောင့် ငနိုးက ဒေသအကျိုးစီးပွားအတွက် စကားများများမပြောဘဲ အလုပ်နဲ့ပဲသက်သေပြခဲ့တဲ့ အဖိုးရဲ့အကြောင်းကို အမှတ်တရအနေနဲ့ စာရေးမှာပါ။
(တစ်ချို့အတိတ်တွေဟာ ပေထက်အက္ခရာတင်မှ သမိုင်းအဖြစ်ကျန်ရစ်မှာပါ။)

အခုလောလောဆယ်ပြောချင််တာကတော့ “ငနိုးဟာ တစ်ချို့ကိစ္စတွေမှာ အဖိုးရဲ့သဘောထားတွေနဲ့တစ်ထပ်တည်းကျနေပါတယ်”ဆိုတာပါပဲ။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *