ရွှေနဲ့ယိုးမှားပန်းစံကား

“သိုးကလေ
ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား
စုံတောပြား၌
နံရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား ပန်းစံကား”

ဒီကဗျာလေးကို စစဖတ်ချင်း
“ဒီမိန်းမပျိုလေးနှယ်
အကောင်းမကြိုက်ရှာဘုူးကိုဆိုပြီးတော့”
မဲ့ပြုံးလေးပြံုးမိပါရဲ့။
အောက်ဆုံးပိုဒ်မှာရေးထားတာကိုး

“သိုးကလေ၊ ၊
မျက်သုတ်နီစင်၊
ရထည်းဖျင်နှင့်၊
ကျိုင်းစင်မြဝါ၊
မတ်ကြီးလျာကို၊ ၊
မယ်သာကြိုက်မိတုမရှိ။ ။”ဆိုပြီးလေ။

ကဗျာပါ မိန်းမပျိုလေး
ချစ်ခင်စုံမက်မိတဲ့ သတို့သားလောင်းက
(သူ့ခေတ်သူ့အခါမှာ) ” မတ်ကြီးလျာ ” ဆိုတော့
တွေးသာကြည့်ပေတော့ လေ။

ဒါပေမယ့်
ကဗျာကို သေသေချာချာနားလည်အောင် ဖတ်မိတော့မှ
သဘောကျလွန်းလို့ ပြန်ပြံုးရပြန်ရော။
မိန်းမပျိုလေး ကိုယ်တိုင်ကိုက
“စံကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည်၊
ရဲမျိုးသမီး၊ မောင်ကြီးနှမ၊ ညက်လှပြာစင်။”လေးဖြစ်နေပြန်တာကိုး။

“မြိတ်လွတ်စုလည်း၊ အငယ်တည်းက၊ ကျွမ်းဝင်ကြသည်” လို့လည်းဆိုထားပြန်တော့
ငယ်ကချစ်တဲ့ အနှစ်တစ်ရာလေးတွေလေ။

“မယ့်သည်ပင်” က “ခရီးသား”ဖြစ်နေပေမယ့်
မိန်းမပျိုလေးကတော့ ” ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်၊ ၊ နှလုံးမခြားစောင့်တရား”ဆိုတဲ့ အတိုင်း
“ချစ်ရသူကလွဲ ၊ ဖွဲ ဆန် ကွဲ” လို့ မှတ်ယူထားသူလေ။

နှိုင်းမယ်ဆိုလည်းနှိုင်းကောင်းပါရဲ့လေ။
ကဗျာထဲက မိန်းမပျိုလေးဟာ တကယ်ကို
“စံကားပွင့်နှင့်၊ နှိုင်းတင့်နိုး”ရလောက်အောင်ကို
နှစ်လိုဖွယ်ကောင်းလှပါတယ်။

ဒီကဗျာလေးသင်တုန်းက ဆရာ ဆုံးမခဲ့တဲ့စကားလေးက
ဘဝအတွက် အရေးပါတဲ့ အသိတရားလေးတစ်ခုဖြစ်ခဲ့ပါတယ်။

“မိန်းကလေးတွေ ကျိုင်းစင်မြဝါ မတ်ကြီးလျာကိုမှလက်တွဲချင်တယ်ဆို
ကိုယ်တိုင်ကလည်း စံကားပွင့်နှင့်နှိုင်းတင့်နိုးရလောက်တဲ့ ရဲမျိုးသမီး ၊ ညက်လှပြာစင်လေးဖြစ်နေမှ။
ယောကျာ်းလေးတွေလည်း ရဲမျိုးသမီး ၊ ညက်လှပြာစင်လေး ကိုလိုချင်တယ်ဆို
ကျိုင်းစင်မြဝါ မတ်ကြီးလျာ ဖြစ်အောင်ကြိုးစားကြ “တဲ့။

ဒီကဗျာလေးရဲ့ အဓိက Themes လေးက ဒါပါပဲ။

နှစ်တွေရာနဲ့ချီနေတာတောင်
အခုချိန်ထိ ခေတ်မီနေဆဲဖြစ်တဲ့
အတွေးအခေါ်တွေနဲ့ ရေးဖွဲ့နိုင်ခဲ့တဲ့
ပုဂံခေတ်ကလေးစားဖွယ်ရာ
ကဗျာရှင် စာဆို ခမျာမှာတော့
“အမည်မသိ” စာရင်းဝင်သွားရရှာတာတော့
စိတ်မကောင်းဖြစ်မိပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ။
သားကောင်းရတနာတွေလည်း “ကျိုင်းစင်မြဝါ မတ်ကြီးလျာ”တွေဖြစ်ကြပါစေ။
သမီးကောင်းရတနာတွေလည်း “စံကားပွင့်နှင့် နှိုင်းတင့်နိုး”နိုင်ကြပါစေ။
တောင်ရွှေပုပ္ပားမှာလည်း ” ရွှေနဲ့ယိုးမှားပန်းစံကား “တွ “နံရှားကြိုင်လွင့် ၊ ခါတန်ပွင့်” ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *