ဘဝမှာ မဖြစ်ချင်ဆုံးကိုပြောပါဆိုရင် “ ချီးထုတ်”ပဲ

ဘဝမှာ မဖြစ်ချင်ဆုံးကိုပြောပါဆိုရင် “ချီးထုတ်”ပဲ။ချီးထုတ်မဖြစ်ချင်ဘူး။ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဘဝမှာမှ ကိုယ်ဟာ ချီးထုတ်မဖြစ်ချင်ဘူး။ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကိုယ့်ကို မပတ်သက်ချင်ဘဲ မဆက်နွယ်ချင်ဘဲ သနားလို့သော်လည်းကောင်း ၊ မကောင်းတတ်လို့သော်လည်းကောင်း ၊ ကိုယ့်ကို ငဲ့ကွက်၍သော်လည်းကောင်း ၊ ကိုယ်နာကျင်သွားမှာစိုးလို့သော်လည်းကောင်း ဆက်လက်ပတ်သက်ဆက်နွယ်နေရတာမျိုးကိုမလိုချင်တာ။မချစ်သော်လည်း အောင့်ကာနမ်းခံရတာမျိုးကိုမလိုလားတာ။

ပတ်သက် ဆက်နွယ်ချင်သည့်တိုင်အောင် တစ်ခုခုကြောင့် ကိုယ့်ကို ငဲ့လိုက်ရတာမျိုး လည်းမလိုချင်ဘူး။ဥပမာ – အများနဲ့ အုပ်စုလိုက်ခရီးသွားကြတဲ့အခါ အားလုံးက လေယာဉ်စီးသွားချင်ပေမယ့် ကိုယ့်က လေယာဉ်မစီးနိုင်လို့ဆိုပြီး ကားပြောင်းစီးလိုက်ရတာမျိုး။ စျေးပေါပေါ ဟိုတယ်တည်းဖို့လုပ်ထားပေမယ့် ကိုယ် ဂဂျီဂဂျောင်ကျလို့စျေးကြီးတဲ့ ဟိုတယ်ပြောင်းတည်းလိုက်ရတာမျိုး.. တွေ မဖြစ်ချင်ဘူး။နောက်ပြီး တစ်စုံတစ်ယောက်ကို မှီခိုပြီး ရှင်သန်နေထိုင် အသက်ဆက်ရတာမျိုးကိုယ်မဖြစ်ချင်ဘူး။စိတ်ပိုင်းဆိုင်ရာအရရော ၊ ရုပ်ပိုင်းဆိုင်ရာအရရော ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မမှီချင်တာ။ကိုယ့်ဘဝမှာ ဘယ်သူမရှိလို့တော့မဖြစ်ပါဘူး ဆိုတာမျိုးမရှိအောင်လည်းအမြဲသတိထားတယ်။ဥပမာ – မင်္ဂလာဆောင်ပြီး ၃ လအတွင်းမှာ ကထွင်းကို အရမ်းတွယ်တာမိသွားလို့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရတာမျိုး။လူတွေကိုပဲ မမှီချင်တာ မဟုတ်ဘူး။သက်ရှိ ၊ သက်မဲ့ ဘယ်အရာကိုမှ မတွယ်ချင်ဘူး။ဒါလေးမှမစားရရင် ၊ ဒါလေးမှမဝတ်ရရင် ၊ ဒါလေးမှ မသောက်ရရင် “ အဆင်မပြေဘူး “ ဆိုတဲ့အခြေအနေမျိုးတွေကို မကြိုက်ဘူးလေ။ငယ်ငယ်ကတည်းက မိဘ ဂရုစိုက်တာ မခံခဲ့ရလို့ ဒီလိုဖြစ်သွားတာလည်းမဟုတ်ပြန်ဘူး။ကိုယ်တွေက အသက် ၁၃ နှစ် (၈တန်းကျောင်းသူဘဝအထိ)ကျောင်းသွားရင် ကိုယ့်လွယ်အိတ်တောင်ကိုယ်မလွယ်ခဲ့ဖူးဘူး။သနပ်ခါးလည်း အမေပဲ ခြေဆုံးခေါင်းဆုံးလူးပေးတာ။ခေါင်းလည်းအမေပဲဖြီးပေးတာ။ထမင်းလည်း အမေပဲခွံကျွေးတာ။အမေ ဘူးသီးကို ကိုယ်ဝန်စရှိတော့ ကိုယ်နဲ့ပြဿနာတက်တယ်။ကိုယ်တွေရှိနေရက်နဲ့ အမေ ဘာကြောင့် ကလေးထပ်မွေးမလဲ ဆိုတာ အဖြေရှာမရဘဲ ကိုယ်တွေမှာ မိုးမီးတွေလောင်တာ။(မွေးလာမှ ဘူးသီးကိုချစ်သွားတာက သပ်သပ်။မမွေးခင်ကတော့ တော်တော်မုန်းတာ။မွေးတော့လည်း ဆေးရုံသွားမကြည့်ဘူး။)အဲဒီကတည်းကအမေ့ကိုမကပ်တော့တာ။ကျောင်း မပို့ခိုင်းတော့ဘူး။လာလည်းမကြိုခိုင်းတော့ဘူး။(လာကြိုရင်လည်းမသိချင်ယောင်ဆောင်ပြီး ပြေးတာ။ အမေက ဗိုက်တစ်လုံးနဲ့မို့လိုက်မရဘူးလေ။နောက်တော့လည်းလာမကြိုတော့ဘူး။)ထမင်းလည်းကိုယ့်ဟာကိုယ်ပဲစားတယ်။သနပ်ခါးလည်းအလူးမခံတော့ဘူး။ကိုယ့်ဟာကိုယ်လူးတယ်။မလူးချင်ရင် မျက်နှာပြောင်နဲ့ကျောင်းသွားတယ်။ခေါင်းမဖြီးနိုင်တဲ့အခါ စုတ်ဖွားကေနဲ့ပေါ့။အားလုံး ကိုယ့်လက်ကိုယ့်ခြေလုပ်ဖြစ်တယ်။ဒါတောင် ၁၀ တန်းအထိ အဝတ်လျှော်တာ ၊ ထမင်းချက်တာ အိမ်အလုပ် ဘာညာဝင်မလုပ်ရဘူး။(အိမ်အလုပ်တွေ တတ်အောင်သင်တာကတစ်ပိုင်း ၊ စာကျက်ပျက်မှာစိုးလို့ ဝင်မလုပ်ခိုင်းတာကတစ်ပိုင်း)အဲဒီမှာပိုနားလည်သွားတယ်ပဲပြောရမလား?“ဘဝမှာ ဘယ်သူ့ကိုမှ ကိုယ်အပိုင်မရနိုင်ဘူး ။ ကိုယ့်ကိစ္စကိုယ်ရှင်းတာအကောင်းဆုံး ။ ဘဝမှာ ဘယ်လောကဓံနဲ့ကြုံကြုံ အဆင်ပြေဆုံးဖြစ်အောင် ကိုယ်တိုင်ရင်ဆိုင်ရမှာပဲ”ဆိုတာကို တော်တော်နားလည်လိုက်တယ်။တကယ်တော့ မိမိဟာ လူမှန်းသိတတ်စကတည်းက “အသက် ၁၈ နှစ်ပြည့်ရင် ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကိုယ့်ဘဝကိုယ်ကျောင်းမယ်။” ဆိုပြီးဆုံးဖြတ်ခဲ့ပြီးသား။(ဘဝပေးအခြေအနေအရ အသက် ၁၆ နှစ်ကတည်းက ကိုယ့်အတွက်သာမက မိသားတစ်စုလုံးအတွက်ပိုက်ဆံရှာခဲ့ရတယ်။ )မွေးကတည်းက အတ္တကြီး ၊ မာနကြီး ၊ ဒေါသကြီး ရတဲ့အထဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံရှာနိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လာနိုင်တဲ့အခါ မောက်မာထောင်လွှားဘဝမေ့တတ်တဲ့သူမဖြစ်ဖို့ ကိုယ့်ကိုယ်ကို အရမ်းထိန်းကျောင်းရတယ်။(ထိန်းကျောင်းပေးမယ့်သူလည်းမရှိသလို။ ထိန်းကျောင်းရင်လည်း ကိုယ်တွေကလက်ခံမှာမဟုတ်ဘူး။)အောင်မြင်တာလည်းရှိခဲ့တယ်။ကျဆုံးတာလည်းရှိခဲ့တယ်။အဆင်ပြေတာလည်းရှိခဲ့တယ်။သောက်တလွဲတွေလည်းကြုံဖူးခဲ့တယ်။ကိုယ်ပိုင်အိမ်ကောင်းကောင်းနဲ့နေဖူးသလို (စီးပွားပျက်တုံးက) ၁၂ ပေ x ပေ ၅၀ ပဲရှိတဲ့ စုတ်တိစုတ်ပဲ့ တိုက်ခန်းအဟောင်းလေးမှာ တစ်မိသားစုလုံး ကျပ်ကျပ်တည်းတည်းလည်းနေခဲ့ဖူးတယ်။ကိုယ်နဲ့သွေးမတော်သားမစပ် ကလေး ၃ ယောက်ကို တစ်လကို သိန်းချီအကုန်ခံပြီး နှစ်ပေါက်အောင် ကျောင်းစရိတ်ထောက်ပံ့ခဲ့ဖူး(နေဆဲဖြစ်)သလို ၊ Bus ကားခ ၅၀ ကုန်မှာစိုးလို့ ကျိုက္ကဆံ Super One နားကနေ (ဂိုက်သွားသင်ပြီးရင်) ကျောက်မြောင်းထိ ည ၉ နာရီလောက်ကြီး တစ်ယောက်တည်း လမ်းလျှောက်ပြန်ဖူးတယ်။ တစ်ခုချင်းစီပြန်ပြောမယ်ဆိုရင် အများကြီးပဲ။အဆင်မပြေတာတွေကြောင့် ဝမ်းမနည်းသလို ၊ အဆင်ပြေတာတွေကြောင့်လည်း ဂုဏ်မဆာချင်ဘူး။ဘဝမှာ ဘာလာလာ ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဖို့တော့ အမြဲကြိုးစားတယ်။တစ်ခုပဲ…ချီးထုတ်မဖြစ်ချင်ဘူး။ဘဝမှာ မဖြစ်ချင်ဆုံးကိုပြောပါဆိုရင် “ချီးထုတ်”ပဲ။ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဘဝမှာမှ ကိုယ်ဟာ ချီးထုတ်မဖြစ်ချင်ဘူး။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *