မနေ့ကမနက် ရေကူးပြီးပြန်လာတော့ အိမ်တံခါးခေါက်တာ တော်ရုံနဲ့ လာမဖွင့်လို့ စိတ်တိုလာတာနဲ့ အတွင်းတံခါးကို အားနဲ့ဆောင့်ဖွင့်လိုက်တော့ ဘုရားရှိခိုးရာကတံခါးဖွင့်ဖို့ ထ လာတဲ့ အမေ့ကိုလှမ်းတွေ့လိုက်တယ်။ အမေအရင်လိုမဟုတ်တော့ဘူး။ ကြမ်းပြင်ကိုလက်ထောက်ပြီး ထ ရ တဲ့ အရွယ်တောင်ရောက်လာပြီ။
ညဘက်အိမ်ပြန်ရောက်တော့ အိမ်ရှေ့ဆက်တီမှာ မှေးနေနဲ့ အမေ့ကို သတိထားကြည့်မိတယ်။ အမေ့ နဖူးက ဆံစတွေ တော်တော် ဖြူနေပြီ။
ဒီနေ့ လည်း သွားကိုက်နေတယ်တဲ့။ ဆေးခန်းသွားမယ်ဆိုတော့ မသွားချင်ဘူးတဲ့။အမေနဲ့နေ့လည်စာအတူစားရင်း “တခြားနေ့တွေဆို သူတစ်ယောက်တည်း ထမင်းစားရမှာပဲ”ဆိုပြီး တွေးမိလို့ ရင်ထဲမှာ ဆို့တက်လာတယ်။ သူ့ကြည့်ပြီး ဘာပြောလို့ပြောရမှန်းလည်း မသိတော့ဘူး။အမေတော်တော် အသက်ကြီးလာပါလား လို့ သတိထားမိတဲ့ မနေ့က စလို့ စိတ်ထဲမှာနေရတာတစ်မျိုးကြီးဖြစ်နေတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိဘူး။အလုပ်တွေကလည်း ရှိနေသေးတော့ အခုလောလောဆယ် လူက ရုံးမှာရောက်နေတယ်။ စိတ်ကတော့ အိမ်မှာ။ ညနေကျရင်တော့ အိမ်စောစောပြန်ချင်တယ်။