လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကနေခဲ့တဲ့ အိမ်လေးကိုပြန်သွားကြည့်မိတယ်။

ပြီးခဲ့တဲ့ စနေနေ့က အရှေ့ဒဂုံကတိုက်ခန်းကို သွားကြည့်ပြီးအပြန်မှာ ငယ်ငယ်တုန်းကနေခဲ့တဲ့အိမ်လေးကို လမ်းကြုံလို့ ဝင်ကြည့်မိတယ်။
အဲဒီအိမ်လေးကတောင်ဒဂုံက ကုန်ပဒေသာမှတ်တိုင်နားမှာပါ။
အသက် ရ နှစ် ၊ နှစ်တန်းကျောင်းသူ အရွယ်မှာ နေခဲ့ရတဲ့ ဒီအိမ်လေးနဲ့ပတ်သတ်ပြီး အမှတ်ရစရာတွေကအများကြီးပဲ။
ဒီအိမ်လေးကို ပြောင်းတော့ အလုပ်သမားတွေမငှားဘဲ နိုးရဲ့ ဦးလေးတွေနဲ့ပဲပြောင်းခဲ့ကြတာ။
(အရင်နေတဲ့ တစ်ထပ်အိမ်လေးက ဒီအိမ်လေးနဲ့ တစ်လမ်းကျော်။နောက်မှပဲ အဲဒီအိမ်လေးကိုသွားကြည့်ဦးမယ်။ အဲဒီနေ့ကမိုးချုပ်နေပြီမို့)
အဲဒီတုန်းက အိမ်လခက တစ်လကို ၂၅၀၀ လား ၊ ၃၀၀၀ လားမမှတ်မိတော့ဘူး။
အိမ်ဝယ်ဖို့လုပ်ထားတဲ့ ငွေတွေ လူလိမ်ခံရပြီး နောက် ပြောင်းနေခဲ့တဲ့အိမ်လေးပေါ့။
အိမ်က သစ်သားနှစ်ထပ်အိမ်ကြီးဆိုပေမယ့် အောက်ထပ်မှာ ရှေ့ဘက်ခြမ်းက ခြေတံရှည် ၊ အနောက်ဘက်ခြမ်းတစ်ဝက်ကပဲ အကာအရံနဲ့ပေါ့။

အဲဒီအိမ်လေးမှာ
အမေနဲ့အတူတူ တိုက်ဖိုက်တစ်ပတ်လောက်ဖြစ်ဖူးတယ်။
မိုးရာသီဆို ခြံထဲမှာရေတွေပြည့်တော့ ဦးလေးတွေက ယင်ကောင်တွေသတ် ၊ ငါးစာလုပ်ပြီး နိုးကို ငါးမျှားသင်ပေးဖူးတယ်။
နေ့လည်ဘက်တစ်ယောက်တည်း ခြံထဲမှာ သြဇာစေ့ဆော့ဖို့ တွင်းတူးနေတုန်း ဘေးခြံက ကုလားကြီးမွေးထားတဲ့ကြက်ဖက ငယ်ထိပ်လာဆိတ်တာခံဖူးတယ်။
နွေရာသီကျောင်းပိတ်ရက်တွေဆို အောက်ထပ်မှာ တစ်ယောက်တည်း အဖြူ အမဲ TV လေးနဲ့ Family Game တစ်ညလုံးထိုင်ဆော့ဖူးတယ်။
ဆောင်းတွင်းတွေဆို ခြံထဲဆင်း ၊ အမှိုက်တွေမီးထိုင်ရိ်ှု့ရင်း မီးပုံကြီးဘေး အမေခွံတဲ့ထမင်းကို အပူအပင်ကင်းကင်းထိုင်စားဖူးခဲ့တယ်။
ခြံထဲမှာ ချဉ်ပေါင်ပင်တွေရှိတယ် ၊ နောက်ဖေးမှာ ဘူးစင်ရှိတယ် ။ ဘူးစင်အောက်မှာ ကန်စွနး်ခင်းရှိတယ်။
အိမ်ရှေ့မှာ ရှမ်းပြည်က သယ်လာတဲ့ နှင်းဆီပင်တွေရှိတယ်။ (ညဘက်တွေဆို သူခိုးခိုးမှာကြောက်လို့ အိမ်ခါနီးတိုင်း အဲဒီနှင်းဆီးပင်တွေကို အိမ်ထဲရွေ့အိပ်ရတယ်။)
ခြံဘေးက လမ်းကိုပြင်ပြီး ကတ္တရာလောင်းတော့ ကတ္တရာစေးကျိုတာသွားကြည့်မိလို့ အမေ့ဆီမှာ အဆူခံရဖူးတယ်။
သီတင်းကျွတ်ဆို တရုတ်တန်းက ဝယ်လာတဲ့ မီးရှုးမီးပန်း ၊ ဗောက်အိုးပေါကင်လိုက်တွေကို ၊ လမ်းထဲကတခြားကလေးတွေပါခေါ်ပြီး ခြံထဲမှာ အတူတူဆော့ခဲ့ဖူးတယ်။
၇ နှစ်ပြည့်တဲ့နေ့က အဲဒီအိမ်အပေါ်ထပ်မှာ ဦးလေးတွေက ကိတ်မုန့်လေးဝယ်ပြီး မွေးနေ့လုပ်ပေးတယ်။
အိမ်ရှေ့အိမ်က ကလေးအဖေ ဦးလေးကြီးကို သူ့မယားငယ် ရပ်ကွက်ထဲလာဆဲတော့ အိမ်ရှေ့ဝရံတာလေးကနေ တိတ်တိတ်လေးချောင်းကြည့်ဖူးတယ်။
ခြံရဲ့ဘေးလမ်းတစ်ဖက်ခြမ်းအိမ်စုတ်လေးက နတ်ကတော်အခြောက်ကြီးရဲ့ အမေ အဖွားကြီးရောင်းတဲ့ ဗယာကြော်ဟာ ဘဝရဲ့ ပထမဆုံးစားခဲ့ဖူးသော ဗယာကြော်ပဲ။
အိမ်နားက ကွမ်းယာသည်ဦးလေးကြီးသမီး ၊ ရွယ်တူကောင်မလေးလို ကွမ်းယာဆိုင်လေးထဲမှာ မှန်အိမ်လေးနဲ့စာကျက်ကြည့်ချင်ခဲ့ဖူးတယ်။
ပုဇဉ်းတွေဖမ်းတယ်။
ပန်းတွေကောက်ပြီး ပုတီးတွေလုပ်တယ်။
အိုးပုပ်ဆော့တယ်။
စာတွေကျက်တယ်။
ပန်းချီတွေဆွဲတယ်။
သီချင်းဆိုတယ်။
ကတယ်။

အရာရာဟာအမှတ်ရစရာတွေချည်း……………………….

အဲဒီအိမ်ကနေ တာမွေကိုပြောင်းတော့ ပန်းပင်တွေကို ဘေးအိမ်တွေကို လက်ဆောင်ပေးခဲ့ရတယ်။
တက်ခဲ့တဲ့ အ.မ.က (၁) က သူငယ်ချင်းတွေနဲ့ ခွဲခဲ့ရတယ်။
တာမွေတိုက်ခန်းမှာ ပြေးလွှာ ၊ ခုန်ပေါက်မိလို့ အောက်ထပ်ကလာတိုင်တိုင်း အဲဒီအိမ်လေးကို လွမ်းခဲ့ရတယ်။
တာမွေကကျောင်းသစ်မှာ အသားမကျမချင်း ကျောင်းဟောင်းက အပေါင်းအပါတွေအကြောင်းကို တွေးပြီး ဝမ်းနည်းခဲ့ရတယ်။
ကြာတော့ လည်း အသားကျသွားတာပါပဲ။

old
အပေါ်ထပ်လေးကို ရသလောက်ရိုက်လာတာ

အခုပြန်သွားကြည့်တော ့အိမ်လေးက အိုနေပြီ။ပြိုနေပြီ။
ဆောင်းတွင်းမှာတောင် ခြံထဲမှာခြံုပုတ်တွေထလို့။
ချဉ်ပေါင်ပင်လည်းမရှိဘူး။ ဘူးစင်လည်းမရှိ။
ကန်စွန်းကန်လည်းမရှိဘူး။
ဘေးက ခြံက ကုလားကြီးမိသားစုလည်းမရှိတော့ဘူး။
ငယ်ထိပ်တက်ဆိတ်တဲ့ ကြက်ဖကြီးလည်းမရှိတော့ဘူး။
ခြံရှေ့ကဦးလေးကြီးရော မိသားစုနဲ့အဆင်ပြေနေပြီလားမသိဘူး။
မီးရှုးမီးပန်းအတူဆော့ခဲ့တဲ့ လမ်းထဲက ကလေးတွေလည်း အိမ်ထောင်တွေတောင်ကျနေလောက်ရောပေါ့။
လက်ရှိနေကြတဲ့ မိသားစုကိုဆင်းပြီး နှှုတ်ဆက်တော့ သူတို့လည်းငှားနေကြတာတဲ့။
ငွေရေးကြေးရေး သိပ် အဆင်ပြေပုံမပေါက်တဲ့ အဲဒီမိသားစုလေးဟာ အမိုးအကာမလုံတော့တဲ့ ဒီအိမ်လေးမှာ နေရေး ထိုင်ရေး ရော အဆင်ပြေကြပါ့မလား။
ပြန်ခါနီးနှုတ်ဆက်တော့ ကလေးလေးတစ်ယောက် တာ့တာ ထွက်ပြတယ်။
နောက် အနှစ် ၂၀ ကျော်ကြာတဲ့အခါ ဒီကလေးလည်း ကိုယ့်လိုပဲ ဒီအိမ်လေးမှာနေခဲ့ရတဲ့ ဘဝထက် မြင့်မားတိုးတက်သွားတဲ့ ဘဝအခြေအနေတစ်ခုနဲ့ ဒီအိမ်လေးကို ပြန်လာကြည့်နိုင်ရင်ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ ………………………………………………….

ချစ်တဲ့
#NOe

Leave a Reply

Your email address will not be published. Required fields are marked *