ရန်ဖြစ်ကြပါတယ်

မှတ်မှတ်ရရပြောရရင် အိမ်ထောင်သက် ၁ လပြည့်ဖို့ ၁ ရက်အလိုမှာ ပထမဆုံးရန်ဖြစ်ကြတယ်။ငါးဥကြော်တဲ့ကိစ္စကစဖြစ်ကြတာပါ။အခုနောက်ဆုံးရန်ဖြစ်ထားတာလည်း ၁ ပတ်မပြည့်သေးပါဘူး။မီးဖိုချောင်သန့်ရှင်းရေးလုပ်ပြီး ရေမခြောက်တဲ့ကိစ္စနဲ့ဖြစ်ကြတာပါ။ကြားထဲမှာလည်း ငါးခေါင်းဟင်းချက်တဲ့ကိစ္စ ၊ ည ၂ နာရီလောက်ကြီး ကထွင်းကို ငရုတ်သီးညှော်တိုက်ပြီး မိမိ ခေါက်ဆွဲထသုပ်စားတဲ့ကိစ္စ ၊ ထမင်းမကုန်တဲ့ကိစ္စ … စတဲ့ ကိစ္စအဝဝနဲ့ ရန်ဖြစ်ကြတာတွေလည်းရှိပါတယ်။ရန်ဖြစ်ပြီးရင် ၂ ရက်မကြာပြန်ပြန်တည့်သွားပြီး အရင်အတိုင်းပြန်လည်ပတ်သွားတာပါပဲ။ ဒါကလည်းအမှန်အတိုင်းပြောရရင် ကထွင်းကြောင့်ပဲ။မိမိတို့ ၂ ယောက်ကြား ငြိမ်းချမ်းရေးဘယ်လိုတည်ဆောက်ရမလဲဆိုတာ သူကောင်းကောင်းနားလည်တယ်။(လူလည်ကြီးပါ။

ငနိုးမှားတဲ့အခါ သူခွင့်လွှတ်ဖို့ဝန်မလေးသလိုသူလွန်တဲ့အခါတွေလည်း ပြေလည်ရာပြေလည်ကြောင်း စပြောဖို့ ဘယ်တော့မှဝန်မလေးဘူး။အဓိကကတော့မိမိကမာနကြီးတယ်။ကထွင်းကဒေါသကြီးတယ်။(ကထွင်းက ခဏခဏ ဒေါထွက်တတ်တဲ့သူမဟုတ်ပေမယ့် အခန့်မသင့်ရင် ဒေါသအရမ်းကြီးပါတယ်။)အတ္တကတော့ ၂ ယောက်စလုံးကြီးတယ်။ရန်ဖြစ်ရင် ၂ ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မနာနာအောင် အပြန်အလှန်အသားကုန်တွေအော်အော်ပြောကြတာ နားတွေအူရတဲ့အထိပါပဲ။(လက်တွေ ၊ ခြေတွေတော့မပါကြဘူး။ဒီအတိုင်းအလွတ်အော်နေကြတာ။)အရမ်းဆိုးလာရင်မိမိရဲ့ဒေါသနောက်ဆုံးအဆင့်ဟာ ဘာစကားမှအပြောမခံတော့ဘဲ တိတ်နေလိုက်တာဖြစ်ပြီး (အရင်ကဆို ကားတွေပတ်မောင်းနေတာ) ၊ သူ့ရဲ့ဒေါသနောက်ဆုံးအဆင့်က ဗြောက်အိုးဖောက်သလိုစကားတွေ ကရားရေသွန် ဝူးဝူးဝါးဝါးပြောနေခြင်းဖြစ်တယ်။(သူ့ဟာနဲ့သူတော့ဟုတ်နေတာပါပဲ။

ဘယ်လောက်ပဲဒေါသထွက်တယ်ပြောပြောတိုက်ပွဲအချိန် အစအဆုံးဟာ ၂ နာရီထက်မပိုဘူး။အရာရာငြိမ်သက်သွားတဲ့အခါ ကထွင်းက “နိုး ကျွန်တော်စကားပြောချင်တယ်။၅ မိနစ်ပဲအချိန်ပေးပါ” ဆိုတာနဲ့စလိမ့်မယ်။မိမိကနည်းနည်းမူနေရင်(သို့မဟုတ်) ဒေါသမပြေသေးရင် ၅ မိနစ်ကနေတဖြည်းဖြည်း ၄ မိနစ် ၊ ၃ မိနစ် အစရှိသည်သူစျေးဆစ်မယ်။“ဘာပြောမှာလဲပြော” လို့ဆိုရင် “ကျွန်တော့်ကိုကြည့်ပါ၊ မျက်လုံးချင်းဆုံပြောချင်တာ ၊ လာပါနိုးရယ်… ခဏလေးပါပဲ။ မျက်လုံးချင်းဆုံပြီးစကားပြောရအောင် ဘာညာ သာရကာ ဘလာဘလာဘလာ …..”မိမိ ငိုလိုက် ရီလိုက်နဲ့ ၂ နာရီ ၊ ၃ နာရီလောက်စကားပြောပြီးရင်အရာရာ ပြန်အဆင်ပြေ ….အပြင်ထွက်ပြီးမုန့်စားရင် စား ဒါမှမဟုတ်အိမ်မှာတစ်ခုခုချက်စားကြပြီးရင်ရုပ်ရှင်ကြည့်ကြနဲ့ ရန်ဖြစ်ထားကြတာကိုယ်တွေမဟုတ်တော့တဲ့အချိုးတွေနဲ့(မျက်နှာပြောင်ကြတာ

နောက်ကြုံတော့လည်း ရန်ထပ်ဖြစ် ….

အိမ်း … ဘယ်လိုပဲဖြစ်ဖြစ်ပါဘဝလက်တွဲဖော်ဆိုတာတစ်လောကလုံးနဲ့ကိုယ်တစ်ယောက်သဘောထားချင်းတွေကွဲလွဲတဲ့အခါ(သူနဲ့အမြင်မတူရင်တောင်)ကိုယ့်ဖက်ကရပ်မယ့်သူပဲလေ။ဪ… သမုဒယ တွေ။#NOe

Leave a Reply

Your email address will not be published. Required fields are marked *