ကထွင်း အရင်လို ပုံမှန် တရားပြန်ထိုင်နေတာ ၃ ရက်လောက်ရှိပြီ

ကထွင်း အရင်လို ပုံမှန် တရားပြန်ထိုင်နေတာ ၃ ရက်လောက်ရှိပြီ။မိမိနဲ့စတွေ့တဲ့အချိန်မှာ သူကတစ်ရက်ကို အနည်းဆုံး ၁ နာရီတရားထိုင်နေကျ။သမီးရည်းစားတွေဖြစ်ကြပြီးနောက်ပိုင်း သူ့ကိုတရားမထိုင်ဖို့ မိမိ တောင်းဆိုခဲ့တယ်။စိတ်ခံစားချက်(မရှိသလောက်)နည်းပြီး အေးစက်တည်ငြိမ်လွန်းတဲ့အပြင် အရာရာကိုအကျိုးအကြောင်းအမြဲဆင်ခြင်သုံးသပ်နေတတ်သူတစ်ယောက်ကို ရည်းစားတော်ရတာဟာ အသက် ၂၀ ဝန်းကျင်အရွယ် မိမိအတွက် အဆင်မပြေလှဘူးလေ။မိမိက စိတ်လှုပ်ရှားစရာ ၊ အံ့ဩဖွယ်ရာတွေကိုပဲ အမြဲတောင့်တ မျှော်လင့်နေတတ်သူတစ်ယောက်ဖြစ်ခဲ့တာကို။မိမိ လက်တွဲဖော်ကိုလည်း မိမိလိုပဲ ဖြစ်စေချင်ခဲ့တာ။ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ဒီကြားထဲ သူတရားထိုင်မြဲပါပဲ။ဒါပေမယ့် အရင်လို အချိန်သတ်သတ်မှတ်မှတ်နဲ့တော့မဟုတ်တော့ဘူးပေါ့။အားရင် အားသလို ၊ အချိန်ရရင် ရသလို။အရင်ကလောက်တော့ အေးတိအေးစက်ကြီး မဟုတ်တော့ပေမယ့် စိတ်လှုပ်ရှားခြင်း ၊ အံ့ဩခြင်းတို့ကတော့ အခုထိ သူ့ဆီမှာ (မရှိသလောက်)တွေ့ရခဲနေဆဲ။ဥပမာသူ့ကို မွေးနေ့ Surprise တို့ဘာတို့ သွားလုပ်လို့မရ။ကိုယ်ဘယ်ဆိုင်က မွေးနေ့ကိတ်ဝယ်လာမလဲ ဆိုတာကအစသူတွက်ထားပြီးသား။

လွယ်လွယ်နဲ့ ဆေးထိုးလို့လည်းမရဘူး။ဟိုတစ်လောက မိမိသူငယ်ချင်းမတွေနဲ့ Night Out ထွက်တော့ သူငယ်ချင်းမတစ်ယောက်ကသူ့ကိုနောက်ချင်တာနဲ့ ဖုန်းခေါ်ပြီး “ကထွင်းရေ နိုးတော့အရမ်းမူးနေပြီ။ဘာညာ” ဆိုပြီး ညှောင့်တော့ ဘသားချောက “အဲလိုဆိုလည်း အစ်မတို့အိမ်မှာပဲ သိပ်ထားလိုက်တော့” တဲ့။လေသံကပုံမှန်ပဲ။ အေးဆေးပဲ။ရယ်ရယ်မောမောပဲ။ စိတ်ပူခြင်း။ ဒေါသထွက်ခြင်းအလျဉ်းမရှိလို့ သူငယ်ချင်းမတွေက အံ့ဩယူရတယ်။“ဟဲ့ နင့်လင်တော်မောင်က ဘယ့်နှာကြီးလဲ” ပေါ့။ဒီရက်ပိုင်းမှာ မိမိတို့ ၂ ယောက်လုံး အလုပ်အရမ်းများပြီး ကိုယ်ရောစိတ်ပါ အရမ်းပင်ပန်းကြတယ်။ကိုယ်ကျန်းမာရေးက အစားအသောက်အနေအထိုင်ဆင်ခြင်လိုက်ရင်အဆင်ပြေပေမယ့် စိတ်ကျန်းမာဖို့ကတော့ အချိန်လေးတစ်ခုသတ်မှတ်ပြီး ပုံမှန် တရားထိုင်မှကို အဆင်ပြေမယ့် အနေအထား။ပြောခဲ့ဖူးသလိုပါပဲ။မိမိတို့ အိမ်ထောင်ရေးဟာ ဝက်သားနဲ့မျှစ်ချဉ်ချက်သလိုပဲ။ဝက်သားနဲ့မျှစ်ချဉ်ချက်တဲ့အခါ မီးငွေ့ငွေ့လေးနဲ့ အချိန်ကြာကြာတည်ထားရင် ဝက်သားမှာ မျှစ်ချဉ်အရသာကူးလာပြီး မျှစ်ချဉ်မှာဝက်သားအရသာစွဲသွားသလိုပေါ့။ကိုယ်တွေ ၂ ယောက်အတူနေတာကြာလာတဲ့အခါ သူဟာကိုယ်နဲ့တူလာပြီး ကိုယ်ဟာသူနဲ့တူလာတော့တာပဲ။(တစ်ခါတစ်လေတော့ ရန်ထထဖြစ်ကြ)

#NOe

Leave a Reply

Your email address will not be published. Required fields are marked *