မနေနိုင်လွန်းလို့ပြောမိပြန်သည်။

ပွဲတစ်ခုသွားစရာရှိတယ်ဆိုကြပါစို့။

ကိုယ့်မှာရှိတာလေးနဲ့သွားရင် လူအထင်သေးမှာစိုးလို့ သူများဆီက အဖိုးတန် အဝတ်အစားတွေ ငှားဝတ်သွားတယ်။

ကိုယ့်ကိုယ်ကိုလည်းအရမ်းလှတယ်ထင်မိတယ်။
ခက်တာက အဲဒီအဝတ်အစားတွေက ကိုယ်နဲ့ ကွက်တိဖြစ်မနေတော့ ဝတ်ရတာ သက်တောင့်သက်သာမရှိလှဘူး။
ဒီတော့ ဟိုနား ၊ ဒီနား နည်းနည်းသီသွားတယ်။

ပွဲကိုရောက်သွားတယ်။
ငှားဝတ်လာတာလူသိမှာစိုးလို့ ကိုယ်ပိုင်ပစ္စည်းတွေလို ပုံဖမ်းပြီး လိုက်ကြွားမိတယ်။
ကိုယ့်အကြောင်း မသိတဲ့သူအချို့က “အရမ်းလှတယ်။”ဘာညာပြောပြီး ဝိုင်း မြှောက်ပင့်ကြတော့ ပျော်ရတယ်။

ဒါပေမယ့် ကိုယ်တစ်ခုခုလှုပ်ရှားမှုပြုတိုင်း အဝတ်အစားများပေသွားမလား? ပျက်စီးသွားမလား? ဆိုပြီး စိုးရိမ်ရတယ် ၊ ပူပန်ရတယ်။

အဝတ်အစားပိုင်ရှင်နဲ့ သိတဲ့သူအချို့က ပြုံးပြုံးကြီးတွေကြည့်သွားတာခံရတော့”ငါငှားဝတ်လာတာ သူတို့သိနေလား?”ဆိုပြီး စိတ်ထဲမှာမလုံမလဲတွေဖြစ်ရတယ်။

နောက်ဆုံး ကြိုက်လွန်းလို့ ပိုင်ရှင်ဆီပြန်မပေးတော့ဘဲ သိမ်းထားလိုက်တယ်။ပိုင်ရှင်က လာတောင်းတော့ ဘူးခံငြင်းပြီး ဆဲလွှတ်လိုက်တယ်။ပိုင်ရှင်ပြန်သွားတယ်။

ခက်တာက ပစ္စည်းတွေက ကိုယ်ပိုင်ဖြစ်မသွားဘူး။

ခိုးရာပါပစ္စည်းပဲဖြစ်သွားတယ်။

ကိုယ်မပိုင်ဘူး။ ဘယ်တော့မှ ပိုင်မှာမဟုတ်ဘူး။

ဘယ်သူမှမသိလည်း ကိုယ်သိတယ်။

ကိုယ်ခိုးထားတာ ကိုယ်အသိဆုံးပဲ။

ပစ္စည်းပိုင်ရှင်ကတော့ အစပိုင်းမှာ နှမြောစိတ်နည်းနည်းဖြစ်မယ်။
ကြာလာတော့မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်။
ဘာလို့လဲဆိုတော့ သူ့မှာက အဲဒီပစ္စည်းလိုပစ္စည်းတွေအများကြီးရှိသေးတယ်။
ဒီထက်ပိုကောင်းတဲ့ ပစ္စည်းတွေလည်း ထပ်ဝယ်နိုင်တဲ့ အခြေအနေနဲ့ကို။

အဲလိုပဲ တစ်ချို့တွေက Facebook မှာ Post တွေတင်တဲ့အခါလည်း ကိုယ်သိသလောက် တတ်သလောက်မှတ်သလောက်လေးပဲတင်လိုက်ရင် လူတွေအထင်သေးမှာစိုးလို့ သူများအတွေးအခေါ်တွေ ၊ အမှတ်တရဖြစ်ရပ်လေးတွေကို Copy ကူးပြီး ကိုယ်ပိုင်လုပ်တင်တယ်။

မသိတဲ့သူတွေ အထင်ကြီးတာခံရတယ်။
သိတဲ့သူတွေ ပြုံးသွားကြတယ်။

ကြာလာတော့ ကိုယ်ပိုင်တွေးခေါ်နိူင်စွမ်းတွေပျောက်လာတယ်။

ဟိုလူ့ဆီက ကူးလိုက် ၊ ဒီလူ့ဆီက ကူးလိုက်နဲ့ဆိုတော့ ဟိုလူနဲ့တူသလိုလို ၊ ဒီလူနဲ့တူသလိုလိုတွေဖြစ်ပြီး ကိုယ့်ရပ်တည်ချက်အစစ်အမှန်ကဘာမှန်းမသိနိုင်ဘဲ လေယူရာယိမ်းလို့ လေသံကြားတရားနာရတဲ့အဆင့်ရောက်မှန်းမသိရောက်သွားရတယ်။

တကယ်တမ်း အစစ်အမှန် ပိုင်ရှင် သမား တွေက ဘာမှမဖြစ်သွားဘူး။

ဘဝမှာ ဆက်လက်လေ့လာတွေးခေါ်နေမြဲ ၊ လောကကြီးကိုရင်ဆိုင်နေနိုင်မြဲပဲ။

ခိုးတဲ့သူအတွက်ကတော့ လူအထင်ကြီးခံချင်လို့ လုပ်မိလုပ်ရာလုပ်ခဲ့တာမှန်ပေမယ့် တကယ်ဖြစ်သွားတာက ကိုယ့်မှာ အဲလောက်အရည်အချင်းမရှိတာ လူတွေသိသွားမှာကြောက်ပြီး ဟန်ဆောင်ဖုံးကွယ်နေရတဲ့ ဘဝ။

ဘယ်နေ့အလိမ်ပေါ်သွားမလဲ? တွေးပူနေရတဲ့ အခြေအနေ။

ဘဝမှာနေပျော်ချင်ရင် ရိုးသားဖို့လိုတယ်။
အခြားသူတွေ အပေါ်မှာ မရိုးသားချင်ရင်တောင် ၊ ကိုယ့် ကိုယ်ကို အတတ်နိုင်ဆုံး ရိုးသားရမယ်။
ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး အာရုံစိုက်ပြီးလုပ်ရမှာက ကိုယ့်တာဝန်သာဖြစ်တယ်။

ချီးကျူးတာ ၊ ကဲ့ရဲ့တာ ပတ်ဝန်းကျင်ရဲ့အလုပ်။

ကိုယ်နဲ့လားလားမှမဆိုင်ဘူး။

အထင်ကြီးခံရလည်း ပျော်စရာမရှိသလို ၊ အထင်သေးခံရလို့လည်းငိုစရာမဟုတ်ဘူး။

လူအထင်ကြီးခံရရုံသက်သက်နဲ့ဆိုရင် လေတောင်မရှုနဲ့။

ကိုယ့်အသက်ရှင်ခြင်းအတွက်သာ လေရှုသင့်တယ်။

ဟန်ဆောင်နေရခြင်းဟာ လေးပင်လွန်းတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်။
မဟုတ်မမှန် ၊ မရိုးသားစွာ ဟန်ဆောင်နေရခြင်းက ပိုမိုလေးလံတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်။

ပြောနေကျစကားနဲ့ပြောရရင်
“ကိုယ်ဘာကောင်လဲ? ကိုယ်သိဖို့လိုတယ်။”
“ကိုယ့်အဆင့်ကိုယ်သိရမယ်။”

#NOe

(မရဘူးကွာ။တွေးခေါ်ရမှာပျင်းတယ်။တတ်လည်းမတတ်ဘူး။သူများဟာပဲ အလွယ် ကော်ပီကူး ၊ ဖြတ်ညှပ်ကပ်ပြီး ကိုယ်ပိုင်အထာဖမ်းရင်း အထင်ကြီးခံချင်တယ်ဆိုလည်း သဘောပါ။***စာလုံးပေါင်းလေးတွေတော့မှန်ပါစေ။***)

Leave a Reply

Your email address will not be published. Required fields are marked *