I would like to say…. Wow…Wow…Wow

Facebook မှာမပျော်တော့လို့ Account ကို တော်တော်ကြာကြာ Deactivate လုပ်ထားလိုက်တယ်။

ဒီနေ့မနက်မှာတော့ ပြန် Activate လုပ်ပြီး ကိုယ်လုံးဝမလုပ်ချင်တဲ့ ကိစ္စတစ်ခုကိုလုပ်ခဲ့ရတယ်။

Facebook မှာ အကြွေးတက်တောင်းရတာပဲ။

ကိုယ့်ကိုယ်ကိုမကြိုက်လိုက်တာပြောမနေပါနဲ့တော့။ကိုယ်လုံးဝမလုပ်ချင်တဲ့အလုပ်ပါ။

ဒါပေမယ့်လည်းမတတ်နိုင်ဘူး။ တစ်ဖက်က သူ့ရဲ့ Personality ကို Facebook ပေါ်မှာပဲတည်ဆောက်တတ်တဲ့ သူမျိုးမို့ ကိုယ်လည်းဒါမျိုးလုပ်မှဖြစ်တော့မယ့်အခြေအနေရောက်သွားတာပဲ။

တစ်လက်စတည်း Facebook ကိုပိုအယုံအကြည်မဲ့သွားတယ်။

ကိုယ့်ကိုအကြွေးပေးရမှာကြောက်လို့ ပတ်ရှောင်နေတဲ့သူက ခရီးတွေတောက်လျှောက်သွားပြီး Facebook ပေါ်မှာကျ သူဌေးဂိုက်နဲ့ သာယာစိုပြေ ငါတို့မြေလုပ်နေတာ မနည်းမနော Postတွေ။

သူ့အမေလည်း သနားပါတယ်။ “သားသမီးမကောင်း မိဘခေါင်း”ဆိုတာမျိုး…..ကိုယ့်ကိုတောင်းပန်ရှာတယ်။

တကယ်ဆို တောင်းပန်ရမယ့်သူက သူ့အမေမဟုတ်ဘဲ သူကိုယ်တိုင်ပဲဖြစ်သင့်တာလေ။

မြန်မာကားတွေထဲမှာပြောသလိုပဲပေါ့။ “လူဆိုတာလုပ်ရဲရင် ၊ ခံရဲရမယ်”မလား?

ပြောမယ့်သာပြောရတယ်။ ကိုယ်တွေဆိုသည်မှာ စိတ်တို ဒေါသထွက်နေတာကလွဲ သူ့ကို မုန်းသွားတာ ရွံသွားတာမျိုးလည်းမဟုတ်ပြန်ဘူး။

တာဝန်ယူမှု ၊ တာဝန်ခံမှုမရှိဘဲ ပြီးစလွယ် ရှောင်ပြေးနေတတ်တဲ့ စိတ်ဓာတ်ကိုတော့ အံ့ဩတယ်။

အသက်ကလည်း ငယ်တော့တာမဟုတ်။

ဒီလိုစိတ်ဓာတ်တွေနဲ့ ဒီလိုလူငယ်တွေများလာရင် ဒီလူမှုပတ်ဝန်းကျင်အတွက်တော့ ရင်လေးစရာပဲ။

ဟူး … မလွယ်ကြောတွေ။

လူတွေကလည်း ဘာတွေလား? ပဲ။

စိတ်လေချက်…

အခုတော့ Facebook ကို ပြန် De ထားလိုက်ပြီ။ Activate ဖြစ်နေရတာကို စိတ်မသက်သာလွန်းလို့။

#NOe

ဒီနေ့အဖွားရခိုင်ပြန်သွားတယ်…

ဒီပိတ်ရက်မှာ ကားပြင်တာနဲ့ပဲအချိန်ကုန်နေတယ်။

ဒီမနက် ၄ နာရီခွဲ ကထွင်းပုဂံကပြန်ရောက်လို့ ကျောင်းမှာသွားကြိုရသေးတယ်။

အိမ်ပြန်ရောက်တော့ ၆ နာရီထိုးနေပြီ။ ခဏဆိုပြီးပြန်အိပ်လိုက်တာ ၉ နာရီမှနိုးတယ်။

ကမန်းကတမ်းထပြီး ရေမိုးချိုးပြီး အဖွားကို လေဆိပ်လိုက်ပို့ရတယ်။

အဖွားကတစ်ယောက်တည်းပြန်နေကျရယ်။

အဲဒါကို ရွှေပိုးက တစ်ယောက်တည်းစိတ်မချဘူးဆိုပြီး စိတ်ပူနေတယ်။

အဖွား Boarding Gate ဖြတ်ပြီးဝင်သွားကြည့်ပြီး လှည့်ပြန်နှုတ်ဆက်မလားလို့ မျှော်လင့်ကြသေးတယ်။

အဖွားက ဂရုတောင်မစိုက်ဘူး။ ဝင်သွားပြီးကတည်းက လှည့်ကိုမကြည့်တာ … ၂ယောက်သား ဒီအတိုင်းလှည့်ပြန်ခဲ့ရတယ်။

၁ နာရီကျော်တော့ အဖွားရခိုင်ကိုကျန်းမာစွာရောက်ရှိကြောင်းဖုန်းလက်ခံရရှိတယ်.

တစ်နေ့နေ့မှာ အခုလိုပဲ ကိုယ်ချစ်တဲ့သူတွေက ကိုယ့်ကို ကျောခိုင်းသွားပြီး ထာဝရပြန်လှည့်ကြည့်မခံရမယ့် အခြေအနေတွေကြုံလာရဦးမှာပဲ။

အဲ….

ကိုယ်ချစ်တဲ့သူတွေကို ကျောခိုင်းသွားပြီး ထာဝရပြန်လှည့်မကြည့်နိုင်တော့မယ့်သူက ကိုယ်လည်းဖြစ်ဦးမှာပဲလေ။

အိမ်း…. သံယောဇဉ်တွေ….

#NOe

အို ဘယ်လိုတွေ…

Now & Ever ရုပ်ရှင်အထူးပွဲပြတဲ့နေ့က Interview တွေကြည့်ဖြစ်တယ်။

အဲဒီမှာ ဘဝင်မကျတာတစ်ခုသွားတွေ့တယ်။

ဘာလဲဆိုတော့ Now & Ever က မင်းသမီး ပိုင်ဖြိုးသုရဲ့ အမျိုးသား ဒါရိုက်တာ ဏကြီးကိုမေးကြတဲ့ မေးခွန်းတွေပေါ့။

“သုသုကို ဇာဏ်ခီနဲ့ Ro နေတာတွေ့တော့ သဝန်မတိုဘူးလား ” ဆိုတာမျိုးတွေ။

What the F**k ပဲ။ ကိုဏကြီးမို့ ဒီမေးခွန်းကို အရေးအရာယူပြုပြီးဖြေနေတာ။

ကိုယ်တွေသာဆို ဆဲလွှတ်မှာ။

ဒီမေးခွန်းဟာ ကိုဏကြီးကို အကို ဟာ အကို့မိန်းမအလုပ်နဲ့ပတ်သတ်ပြီးဘောထားသေးလား လို့ သွယ်ဝိုက်မေးတဲ့ အဓိပ္ပာယ်ပဲ။

နောက်တစ်ခုက မေးတဲ့သူတွေအနေနဲ့ သုသု ဟာ အလုပ်ကိုအလုပ်လိုလုပ်သွားတယ်ဆိုတာမမြင်တာကြလည်းဖြစ်တယ်။

လူတွေက အဲလိုပဲ Professional Lifeနဲ့ Personal Life နဲ့ မကွဲပြားကြတော့ဘူး။ပိုဆိုးတာက သမီးရည်းစား (သို့)လင်မယားကြားမှာ တစ်ယောက်ကိုတစ်ယောက်မဖြစ်မနေကို သဝန်တိုမှုတွေရှိကိုရှိရမယ် ဆိုတာကြီး ခေါင်းထဲစွဲနေကြတာပဲ။

တစ်ယောက်နဲ့တစ်ယောက်ကြား သဝန်မတိုဘူးလို့ဆိုလိုက်ရင် တကယ်မချစ်ကြတဲ့သူတွေလို့ ကောက်ချက်တွေချကုန်ကြရော…

ရွံစရာတွေ…

လူတစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်မချစ်ဆိုတာ သဝန်တိုမှုနဲ့ တိုက်ရိုက်အချိုးမကျကြောင်း ၊ သက်ဆိုင်မှုလည်းမရှိကြောင်း …

#NOe

၃၀-၁၀-၂၀၁၉

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေပိုးမွေးနေ့……

အဖွားရယ် ၊ ဘူးသီးရယ် ၊ရွှေပိုးရယ် ကိုခေါ်ပြီး ကိုထွန်းလင်းနဲ့ ဘုရားသွားတယ်။

ဒေဝါလီနေ့မို့ လူအရမ်းများတော့ အဖွားက စိတ်တိုတယ်။

ပြီးတော့ M3 မှာ ဒင်းဆမ်းသွားစားကြတယ်။ ကထွင်းက ရွှေပိုးကိုမွေးနေ့လက်ဆောင်ဆိုပြီး မနက်စာကျွေးတယ်။

မနက်စာစားပြီးတော့ အဖွားကိုအိပ်ပြန်ပို့ပြီး လှော်ကားသွားကြတယ်။ လမ်းမှာ ဂျေဒိုးနပ်တွေဝင်စားကြသေးတယ်။

ရန်ကုန်မှာနေလာတာ ၂၅ နှစ်လောက်ရှိနေပြီ လှော်ကားကိုတစ်ခါမှမရောက်ဖူးဘူး။

လှော်ကားက ပျော်စရာကြီးရယ်။

တောအုပ်ကြီးမှာ နေ့တိုင်းနေရရင် သိပ်ကောင်းမှာပဲလို့ တွေးပြီး … ပိုက်ဆံတွေပိုရှာရမယ့်အကြောင်းက ပိုပိုခိုင်မာလာတယ်။

ဘဝမှာ အချစ်လည်းရှာစရာမလိုတော့ဘူး။ ပညာရှာဖို့လည်း သိပ်အရေးမကြီးတော့ဘူး။ ပိုက်ဆံရှာစရာပဲရှိတော့တယ်။ ပိုက်ဆံတွေအများကြီး ရရင် ရသလောက်ရှာရမယ်။ ကြိုးစားရှာရမယ်။

လှော်ကားကပြန်တော့ စစ်သချိုင်းဝင်ကြတယ်။ပြီးတော့ အိုအီးရှီ မှာ ဆူရှီသွားစားကြတယ်။

တနင်္လာနေ့က ရုံးပိတ်ရက်ပေမယ့် ရုံးတက်ရတယ်။ အဲဒီနေ့က Project အသစ်တစ်ခုအတွက်လက်မှတ်ထိုးတယ်။တကယ်တော့ အဲ့ Project ကို လက်မှတ်ထိုးချင်လို့စောင့်နေတာ ၆ လလောက်ရှိနေပြီ။အခုမှပဲထိုးဖြစ်တာ။

မနေ့က မစန္ဒီ နဲ့ ကိုအမရ မင်္ဂလာဦးဆွမ်းကျွေးတယ်။

ရာသီဥတုက ပူပေမယ့် လှလှပပလေးပွဲတက်ပေးချင်လို့ မိတ်ကပ်တွေလိမ်းပြီး ဆံပင်တွေပါသွားပြင်လိုက်တယ်။

သူတို့ လက်မှတ်ထိုးတဲ့နေ့ မလိုက်ပေးနိုင်လိုက်လို့ မနေ့ ပွဲပြီးတဲ့အထိနေတဲ့အပြင် ပွဲပြီးလို့ မီးဆိုင်းသွားဝယ်တာတွေပါလိုက်ပေးလိုက်တယ်။

၂ ယောက်စလုံးက လှပပျော်ရွှင် ကြည်နူးဝမ်းသာ နေလိုက်ကြတာများ….မြင်ရသူတွေအတွက်ပါပျော်စရာကြီးရယ်။

#NOe

၂၁-၁၉-၂၀၁၉

နေပြည်တော်မှာ အတော်အတန်အရေးကြီးတဲ့ Project ကြီးတစ်ခုရတော့ အဲဒီ Project အတွက် စာချုပ်ကို JJ ဘောင်းဘီဝတ်ပြီး လက်မှတ်ထိုးဖူးတယ်။

အဲလိုပဲ လွှတ်တော်မှာ တစ်နေ့တစ်နေ့ Meeting ပေါင်း သောင်းခြောက်ထောင်လောက်ထိုင်ခဲ့ရတဲ့နေ့တွေတုန်းကလည်း ညနေပိုင်းတွေဆို တွေ့ရာ ပလက်ဖောင်းခေါင်းအုံးပြီး နေဝင်ချိန်ကောင်းကင်ကြီးကို ကြည့်လို့အပမ်းဖြေခဲ့ဖူးတယ်။

အခုနောက်ပိုင်းမှာပုံမှန်ထသွားထလာဖိနပ်တစ်ရံအတွက်ငွေ ၂၀၀၀ အထက်မသုံးဖြစ်တာအတော်ကြာပြီ။

ကိုယ်နဲ့သွေးမတော်သားမစပ်ပေမယ့် လစဉ်ကျောင်းစရိတ်အပြင် အဝတ်အစား ၊ မုန့်ဖိုးပဲဖိုးကအစ ထောက်ပံ့ပေးဖြစ်နေတဲ့ကလေးတွေရှိတယ်။

လူသိရှင်ကြား ပွဲအခမ်းအနားတွေနဲ့မဟုတ်ပေမယ့် လမ်းသွားရင်းစီးထားတဲ့ဖိနပ်ချွတ်ပေးခဲ့တာမျိုး ၊ အိမ်ရောက်မှစားဖို့ဝယ်လာတဲ့ မုန့်ထုတ်ပေးပစ်ခဲ့တာမျိုး ၊ ညနေလမ်းလျှောက်ဖို့ထည့်လာတဲ့အဝတ်ထုတ်ချပေးလိုက်တာမျိူးတွေတော့ ကြုံရင်ကြုံသလို ခဏခဏလုပ်ဖြစ်တယ်။

ငနိုးအတွက်တော့ အသက်ရှင်နေရမှုရဲ့အဓိပ္ပာယ်ဟာ အရေခွံကောင်းကောင်းတစ်ခုထက် အများကြီးပိုသလို နာမည်ကြီးတံဆိပ်တပ်စျေးကြီးအဆင်တန်ဆာတွေထက် အဆမတန်သာလွန်ခမ်းနားတယ်။

#NOe

၂၀-၁၀-၂၀၁၉

သိဒ္ဓတ္ထဟာ စကြာဝတေးမင်းအဖြစ်ကို စွန့်ပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့တောထွက်သွားတယ်။

သိဒ္ဓတ္ထရဲ့ ချမ်းသာမှုဟာ အခုခေတ်ဘုရင်တွေလို ပါးပါးလေးမဟုတ်ဘူး။

ချမ်းသာမှုတွေထားပါ။

သူ့ကိုခစားရတဲ့အပျိုတော်တွေဆိုတာတောင် နယ်နယ်ရရတွေမဟုတ်ဘူး။

ပြစ်မျိုးမှည့်မထင်အပျိုတော်တွေဟာ အသက် ၂၅ နှစ်ပြည့်ရင် ခစားခွင့်မရှိ။

ဥတု ၃ ပါးအတွက် ပြသာဒ်နန်းဆောင် တွေအပြင် ဆိုင်ရာဆိုင်ရာ စည်းစိမ်အဆောင်အယောင်ပေါင်း များစွာနဲ့။

ရထားတဲ့မိန်းမဆိုသည်မှာလည်း လူမက နတ်မကျလှတဲ့ ဘဒ္ဒကစ္စနာ။

ဒါပေမယ့်လည်း သိဒ္ဓတ္ထက အားလုံးထားပြီး တောထွက်သွားတယ်။

အားလုံးထားခဲ့တာနော်။

ဘာအဝတ်မှမယူသွားတာ။ဘာပစ္စည်းမှမယူသွားတာ။အပ်တိုတစ်ချောင်းတောင်မယူသွားဘူး။

အနော်မာသောင်ကမ်းမှာဆံပယ်ပြီးတောထဲဝင်တော့ တောစပ်မှာ ဆာဒူးဆိုလား ၊ သူတောင်းစားဆိုလား (မသဲကွဲတော့) နဲ့တွေ့တော့ နန်းတော်ကဝတ်လာတဲ့ နန်းဝတ်နန်းစားတွေချွတ်ပေးပြီး အဲ့သူတောင်းစားအဝတ်တွေနဲ့ လဲဝတ်သွားသေးတာ။

(တစ်ချို့ကလည်း ဗြမ္မာမင်းကဆက်သတဲ့ သင်္ကန်း ဘာညာနဲ့ အမွှန်းတင်ကြလေရဲ့။ တကယ်က အဝတ်စုတ်ပဲ။ လူ့ပြည်ကနန်းဝတ်နန်းစားတောင်စိတ်မဝင်စားတာ ဗြမ္မာသင်္ကန်းဝတ်ပါလိမ့်မယ် အားကြီးကြီး။)

ဘုရားဖြစ်တော့လည်း သင်္ချိုင်းသွားပြီး ပြည်တည်ပုပ်ပွနေကျွန်မအလောင်းက လောက်တဖွားဖွားနဲ့အဝတ်ကိုကောက်ယူပြီး ပံ့သကူသင်္ကန်းလုပ်ဝတ်သတဲ့။

ရှင်မဟာကဿပကိုပေးခဲ့တာ အဲဒီပံ့သကူသင်္ကန်းပေါ့။

အခုခေတ် ဗုဒ္ဓဘာသာဆိုတဲ့သူတွေ ဘာသာရေးနဲ့ပတ်သတ်တဲ့အခမ်းအနားတွေသွားခါနီး အဝတ်ရွေးပြီးဗျာများနေတာမြင်ရင် သူ့ကိုသတိရတယ်။

#NOe

Gym သွားချင်နေပါတယ်

ဒီနေ့မနက်လည်းစောစောနိုးတယ်။

နိုးနိုးချင်း Gym သွားချင်စိတ်ပေါက်တယ်။

ဟူး…..

တကယ်တော့ gym ဆိုတာ ကိုယ်နဲ့ စိမ်းတဲ့နေရာမဟုတ်။

ကိုယ်တွေ ဆယ်တန်းအောင်ခါစ gym စဆော့တုန်းကဆို ရန်ကုန်မှာ အခုလို gym culture သိပ်မထွန်းကားသေး။

အဲဒီကတည်းက ဆော့တာ။

တစ်နေ့ ၂ ကြိမ်ဆော့ခဲ့တဲ့အချိန်တွေတောင်ရှိခဲ့သေး။

နေပြည်တော်မှာ ရုံးစခွဲတော့ gym နားလိုက်တယ်။

ဒီကြားထဲ ဟော့ပေါ့တွေမတရားစားပြီး နည်းနည်းဝလာတော့ gym ပြန်ဆော့ပါသေးတယ်။

နောက်တော့ “ဟယ် .. ဝလိုက်တာ ။ gym ဆော့ပါလား ။ဗလာဗလာ “နဲ့ လာပြောကြတဲ့သူတွေကို ရွံ့လို့တမင်ကိုမဆော့ပဲနေပစ်တာ။

တကယ်ဝတယ်ဆိုတာ ဘာလဲ သိအောင်ပြချင်တာလည်းပါတယ်။

အခုတော့မနက်ပိုင်းတွေ gym ပြန်ဆော့တော့မယ်ဆံုးဖြတ်တယ်။

နောက်တစ်ပတ်က စပြီးပေါ့။

ခန္ဓာကိုယ်လှဖို့ဆိုတာ ငနိုးအတွက် မခက်ခဲကြောင်း …

#NOe

၀၉-၁၀-၂၀၁၉

Facebook မသုံးဖြစ်တာ ၁ လလောက်ရှိတော့မယ်။

ဒီတစ်လအတွင်း အလုပ်တွေအများကြီးလုပ်ဖြစ်တယ်။

အရင်ကထက်ပိုပြီး ပတ်ဝန်းကျင်ကိုလည်းအာရုံစိုက်ဖြစ်တယ်။

ညနေခင်းတွေဆို ကန်တော်ကြီးကို ပုံမှန်လမ်းလျှောက်ထွက်တယ်။

နေဝင်ချိန်ကို သေသေချာချာ ခံစားတယ်။

ကားကြပ်တဲ့အချိန်တွေဆိုလည်း ဘေးဘီ ဝဲယာသေချာကြည့်ဖြစ်တယ်။

လမ်းသွား လမ်းလာတွေ ၊ ကားစောင့်သူတွေ ၊ စျေးသည်တွေ ၊ ကလေးတွေ ၊ ငှက်တွေ ၊ လမ်းဘေးခွေးတွေ ၊ ဘတ်စ်ကားတွေ …

အကုန်လုံးကို သေချာအချိန်ပေး အလေးထား ဂရုတစိုက်ကြည့်ဖြစ်နေတော့ ကမ္ဘာကြီးဟာအရင်ကထက်ပိုလှလာတယ်။

 

ရုံးချိန်မှာလည်း အလုပ်ကို အာရုံစိုက်ရတာပိုကောင်းလာတယ်။

ဂိမ်းဆော့ချိန်လည်းပိုရလာတယ်။

ဒါပေမယ့် … ဂိမ်းလည်း ထင်သလောက်တော့မဆော့ဖြစ်ပြန်ဘူး။

Screen Time ကို လျော့သထက်လျော့အောင် လုပ်ချင်နေတယ်။

သက်သတ်လွတ်စားတာကလည်း ၄ လပြည့်တော့မယ်။

ဒီကြားထဲမှာ ကိုထွန်းလင်းနဲ့ဒံပေါက်သွားစားတဲ့နေ့က ကြက်သားနည်းနည်းစားဖြစ်လိုက်သေးတယ်။

ဒံပေါက်ထဲက အသားက ပုံမှန်တွေထက် ပိုနူးညံ့တယ်ဆိုပေမယ့် ကိုယ့်အတွက်တော့ အရမ်းမာနေလို့ မနည်းဝါးလိုက်ရတယ်။

ဝါးပြီးတော့ လည်း မျိုချဖို့ ကိုတော်တော် ကြိုးစားလိုက်ရတယ်။

အရသာတော်တော်ရှိတာတော့ ဝန်ခံရမယ်။

ဒါပေမယ့် နောက်နေ့ ဝမ်းချုပ်ပြီး အိမ်သာမတက်နိုင်လို့တော်တော်တော့ ဒုက္ခရောက်သွားသေးတယ်။

SUNDEW နဲ့ပတ်သတ်ပြီးပြောရရင် ဒီလထဲ ရုံးခန်းအသစ်ကိုပြောင်းမယ်။

ဟိုဖက်ရုံးခန်က ဒီဖက်ရုံးခန်းထက်အများကြီးလှတယ်။ဒီရုံးခန်းလေးကိုတော့ သံယောဇဉ်ရှိနေတယ်။

ဒါပေမယ့် အရမ်းငြီးငွေ့လာတာတော့ ပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။

SUNDEW ၁၀ နှစ်မပြည့်ခင်မှာ Campus သေးသေးလေးတစ်ခုလောက်တော့ လိုချင်သားရယ်။

မနေ့က ခုံတွေဆေးသုတ်ရင်တော့ “အော် … ဒီခုံတွေတောင် ပိုင်ရှင်တွေ အများကြီး ပြောင်းပြီးပါရောလား” လို့ ဆိုပြီး SUNDEW ရဲ့ ဖြတ်သန်းခဲ့တဲ့ တစ်လျှောက်ကို သတိရသွားသေးတယ်။

အေးလေ…… ၉ နှစ်တောင်ပြည့်တော့မှာပဲကို…..။

နောက်ပြီး ကိုယ်သူငယ်တန်းကနေ ဆယ်တန်းထိ စာလုပ်ခဲ့တဲ့ ခုံလေးရယ် ၊ နှစ်တန်းကနေ ဆယ်တန်းအထိသုံးလာတဲ့ စာအုပ်စင်လေးရယ်ကို တွေ့ပြီး “ငါတော်တော်အသက်ကြီးလာပါလား”လို့တောင် တွေးမိသေးတယ်။

ပြောနေကျအတိုင်းပြောရရင်တော့ “လက်ရှိအခြေအနေကို ကျေနပ်ပါတယ်။ဒါပေမယ့် မရောင့်ရဲနိုင်ဘူး”။

ဒါ့ကြောင့် လုပ်တွေအရင်ကထက်ပိုကြိုးစားချင်တယ်။

ပိုက်ဆံတွေလည်း ဒီ့ထက်အများကြီးပိုရှာနိုင်ချင်တယ်။

 

 

 

၁၂ လပိုင်းမှာ မင်္ဂလာဆောင် ဖို့ရှိတယ်။

မင်္ဂလာဆောင်ပြီးရင် ကိုထွန်းလင်းကို ပင်ပင်ပန်းပန်းဘာမှမလုပ်စေချင်ဘူး။

သူဝါသနာပါတဲ့ ပန်းချီလေးဆွဲပြီး အေးအေးဆေးဆေးလေးပေးနေချင်တယ်။

အခုအချိန်မှာ သူ့ကိုသွားပြောရင်တော့ “ခင်ဗျားကပြောနေတာပဲ။ဟုတ်တာလည်းမဟုတ်ဘူး။” ဆိုပြီးပြန်ပြောလိမ့်မယ်။

ဒီတော့ အလုပ်နဲ့ပဲ သက်သေပြတော့မယ်။

၂၀၂၀  ထဲမှာတော့ လုံးချင်းအိမ်လေးတစ်လုံး ဆောက်နိုင်ချင်တယ်။

Anyway…. Dreams Do Come True.

#NOe

ပုတ်သင်ညိုတစ်ကောင် လူယောင်ဆောင်နေသည်(၁)

ပုတ်သင်ညိုတစ်ကောင်နှင့်ဆုံဖူးသည်။

ဆုံဖူးသည် ဆိုသည်ထက် သူက  ကျွနု်ပ်ကို လာဆုံသည်ဆိုပိုမှန်မည်။

ဟုတ်သည်။

ပုတ်သင်ညိုတစ်ကောင်လာဆုံဖူးသည်။

ထိုစဉ်က ကျွနု်ပ်သည် တောင်တန်းတွေဖက် ခရီးသွားရန်ပြင်ဆင်နေခဲ့သည်။

ပုတ်သင်ညိုက ကျွနု်ပ် နှင့်လိုက်ချင်သည်ဆို၍ အိတ်ကပ်ထဲထည့်ခေါ်သွားခဲ့ဖူးသည်။

ခရီးလမ်းတစ်လျှောက်မှာ ပုတ်သင်ညိုက သူ့မိသားစုအကြောင်းတွေပြောပြသည်။

ခက်ခဲကြမ်းတမ်းလှ၍ဆွေမျိုးတွေမျက်နှာကြည့်နေရသည့်အဖြစ်အပျက်များပါသလို ချမ်းသာလွန်း၍ အရပ်ထဲတွင် ဘယ်သူကမှမနာလိုကြသည့်အကြောင်းများလည်းပါသည်။

ကျွနု်ပ်မှာလည်း ဘာပြန်ပြောရမှန်းမသိ၍ နှုတ်ဆိတ်၍သာနားထောင်ပေးခဲ့ရသည်။

တစ်ချက်တစ်ချက် ပုတ်သင်ညိုက မိကျောင်းမျက်ရည်တွေကျသည်။

ခရီးကပြန်လာပြီးနောက်ပိုင်း ပုတ်သင်ညိုက ကျွနု်ပ် နေရာတွင် နေခွင့်ပေးရန်တောင်းလာ၍ တစ်နေရာစာပေးနေခဲ့မိသည်။

ကျွနု်ပ်နေရာတွင် အနေကြာပြီး ကျွနု်ပ်၏ အစာတော်တော်များများစားပြီးနောက် ပုတ်သင်ညိုက ကျွနု်ပ်တွင် ရွှေဆွဲကြိုးများမှ တစ်ကြိုးကို သူ့လည်ပင်းတွင် ဆွဲလိုကြောင်း  ငိုယိုပြလာသည်။

 

ဤသို့ဖြင့် ………

 

(ဆက်ရန်)

 

 

ပီတိ

လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး မိတ်ဆွေအကိုတစ်ယောက်ရဲ့ အကူအညီနဲ့ လစဉ်ကျောင်းစရိတ်ထောက်ပံ့ပေးနေတဲ့ ကလေးတွေရှိတယ်။
အဲဒီကလေးတွေထဲကတစ်ယောက်က နောက်နှစ်ဆို ၁၀ တန်းတက်ပြီဆိုတော့ ဒီနေ့ ကျူရှင်လစာ စုံစမ်းကြည့်တာ တစ်လကို ၁ သိန်း ၈ သောင်းဆိုတော့ လန့်ပြီးပြန်လာတယ်။
အခုဆရာမတွေနဲ့က အသားကျနေတော့ ဈေးသက်သာပါစေဆိုပြီး အခြားကျူရှင်လည်းမပြောင်းရက်ဘူးလေ။
ဆယ်တန်းဆိုတော့ ၁၂ လစာ ၂၁ သိန်းကျော်တယ်။
ကူညီပေးနေတဲ့ မိတ်ဆွေအကိုကလည်း အခြားကူညီနေတာတွေရှိတာသိနေတော့ ထပ်ပြီး ဝန်မပိစေချင်ဘူး။
Online မှာလည်းတက်ပြီး အလှူငွေမကောက်ချင်ပြန်ဘူး။
အငယ်တွေလည်းရှိသေးတော့ကိုယ်တစ်ယောက်တည်းလည်းမတတ်နိုင်ပြန်ဘူး။
ဘာလုပ်ရမှန်းမသိတာနဲ့ ကိုယ့်သူငယ်ချင်းမမတွေကို ရင်ဖွင့်မိတယ်။
သူတို့က ဝမ်းသာအားရပဲ လစဉ်နိုင်သလောက်ဝိုင်းထောက်ပံ့မယ်ဆိုပြီး တကာခံသွားကြတယ်။
ပျော်တာ ပျော်တာ ဆိုတာလေ။
ဘယ်လိုပြောပြရမှန်းတောင်မသိဘူး။
အလှူရှင်တွေလည်း လိုရာပြည့်ကြပါစေ။
သမီးကြီးလည်း ဆယ်တန်းကို နှစ်ချင်းပေါက်အောင်မြင်ပါစေ။
#NOe