facebook ဖြတ်မှဖြစ်တော့မယ်

ဟိုတစ်လောက facebook ဖြတ်ဖို့ကြိုးစားခဲ့သေးတယ်။

အဆင်ပြေနေတာပဲ။

ဒါပေမယ့် ကိုထွန်းလင်းကိုမွေးနေ့အမှတ်တရ Video လေးတင်ပေးချင်လို့ဆိုပြီ ပြန်သုံးဖြစ်သွားတာ။

အခုတော့ ဖြတ်မှရတော့မယ်။

တော်တော်စိတ်ဒုက္ခပေးလွန်းလို့။

မထော်မနှမ်းတွေတော်တော်များလာတယ်။

ပေါက်ကရတွေလုပ်ရင်း အနုပညာရှင်ဆိုပြီး မထော်မနန်းတွေ နာမည်တပ်ခံလိုက်ရတဲ့သူတွေများလာတော့ သူသူငါငါက Facebook မှာ ပေါက်ကရတွေလုပ်ဖို့ပဲကြိုးစားလာကြသလားလို့။

နောက်ပြီး ကိုယ်တိုင်က ဘာမှ မယ်မယ်ရရမဟုတ်ဘဲ လူတကာကိုလိုက်ပြီး အောင်မြင်ကျော်ကြားမှုဆိုတာ ဘာညာ နဲ့ စဆရက လိုက်လုပ်နေကြသူတွေကလည်းတစ်မျိူး။

အာရုံတော်တော်နောက်လာရတယ်။

ကိုယ်တွေကအခွီတစ်လိုင်းလေ။

Deactivated လုပ်ဖို့ကျပြန်တော့လည်း MeFood Page က ရှိနေပြန်တယ်။

စိတ်ညစ်တယ်။

အခုတော့ Phone မှာ Facebook App ကိုဖျက်ထားလိုက်ပြီ။

PC မှာလည်းအတတ်နိုင်ဆုံးမသုံးဖြစ်အောင် ဂရုစိုက်ရတော့မယ်။

ရေးချင်တာတွေရှိရင်လည်း ဒီ  Website မှာပဲရေးတင်တော့မယ်။

You Tube မှာလည်း Vlog တွေတင်နိုင်အောင်ကြိုးစားရဦးမယ်။

#NOe

NOe Trend ,NOe Brand

-မှတ်မှတ်ရရ ငနိုးတို့ ၆တန်းကျောင်းသူအရွယ်ပေါ့။

ရန်ကုန်မှာ ဆံပင်ဖြောင့်တာတွေ စခေတ်စားတယ်။ငနိုးတို့ကျောင်းက မိန်းကလေးကျောင်းဆိုတော့ (Tomboy အချို့ကလွဲလို့)တစ်ကျောင်းလုံးနီးပါး ဆံပင်ဖြောင့်ကြတယ်။

ငနိုးမဖြောင့်ခဲ့ရဘူး။

အမေကမဖြောင့်ပေးလို့။

– ၈တန်းလောက်ရောက်လာတော့ အဝတ်အစားဆို Step တို့ , True တို့ , T-Zar တို့တစ်ခေတ်ထတယ်။

ဖိနပ်မှာဆို စကော ပေါ့။

ဘုရားစူးရပါစေ့။

(အခုအချိန်ထိ) ဘာတစ်ခုမှမဝတ်ဖူးခဲ့ဘူး။

အမေကမဝယ်ပေးလို့။

-ဆယ်တန်းအောင်တော့ Gioderno ခေတ်စားပြန်တယ်။အနားတောင်မကပ်ခဲ့ရဘူး။

ပိုက်ဆံမတတ်နိုင်လို့။

အဲဒီလိုနဲ့ပဲဆိုကြပါစို့ရယ်။

(ကိုယ့်အတွက်အသုံးမဝင်ရင်၊ သဘောမကျရင်)တစ်ခေတ်တစ်ခါ Trend ဖြစ်တဲ့ Brand တွေကို ကိုယ်နဲ့မဆိုင်သလိုသဘောထားတတ်တာဟာ အကျင့်တစ်ခုလိုကိုဖြစ်သွားတာပဲ။

အခုလည်း တကယ်လို့များ”Charles & Keith နဲ့ LV တစ်အိတ်မှမရှိတဲ့သူတွေကို သတ်စေ”ဆို ငနိုးထိပ်ဆုံးကအရင်သေမှာ။

(တစ်လက်စတည်း လောလောဆယ်ကိုင်ဖြစ်နေတဲ့ Branded အိတ်လေးတွေကိုထုတ်ကြွားလိုက်ပါတယ်။

-လိမ္မော်ရောင်လေးက MeFood Brand ပါ။ နိုးတို့ရုံးက လက်ဆောင်အနေနဲ့ ထုတ်တာပါ။မိုးကာသား ကြိုးဆွဲရှုံ့အိတ်လေးမို့ ရေစိုခံတာကြောင့် တောင်တက် ခရီးတွေထွက်ရင် အသုံးများပါတယ်။

– အဖြူရောင်ချည်သားအိတ်လေးက Tech Age Girls Myanmar က လက်ဆောင်ရတာပါ။”တစ်နှစ်တစ်အိတ်ရပါတယ်။မနှစ်ကအိတ်လေးကိုတော့ အိမ်က အငယ်ကောင် အပိုင်စီးသွားပါတယ်။”ဒီအိတ်လေးကိုတော့ နေပြည်တော်တို့ ဘာတို့မှာအစည်းဝေးတွေသွားတက်ရရင်ကိုင်ဖြစ်ပါတယ်။

– အလယ်က ရိုးရာလွယ်အိတ်နဲ့ ပိုက်ဆံအိတ်အသေးလေးကတော့ နေ့တိုင်းကိုင်ဖြစ်နေတဲ့အိတ်တွေပါ။ကျိုက်ထီးရိုးကနေဝယ်လာတာဖြစ်ပါတယ်။လွယ်အိတ်က ၃၅၀၀ ပေးရပြီး ပိုက်ဆံအိတ်ကတော့ ၁၀၀၀ ပါ။

လွယ်အိတ်ကအနက်ဆိုတော့ အပေလည်းခံပါတယ်။

ရေလျှော်လို့လည်းရပါတယ်။

ပေါ့ပေါ့ပါးပါးလည်းဖြစ်တော့ အိတ်ကကိုယ့်ကို လွယ်တာမဟုတ်ဘဲ ကိုယ်ကအိတ်ကိုလွယ်တယ် ဆိုတဲ့ ခံစားချက်ကိုအပြည့်အဝရစေပါတယ်။

ဘေးတိုက်ပဲလွယ်လွယ်၊ စလွယ်ပဲသိုင်းသိုင်း ၊ လက်ကပဲဆွဲဆွဲ အဆင်ပြေလွန်းတာကြောင့် နိုးကတော့ ရိုးရာလွယ်အိတ်လေးကို အရမ်းသဘောကျနေပါတယ်။

သို့ပေမယ့် ရိုးရာချည်ထည် အင်္ကျီအပွနဲ့ရှမ်းဘောင်းဘီတွဲဝတ်၊ ဝါးဦးထုပ်ဆောင်း၊ လွယ်အိတ်လွယ် ၊ သနပ်ခါးလူးပြီး ရန်ကုန်မြို့ထဲသွားရင် ဘောက်မဲ့ကြောင့် ဘိုလိုချည်းလာပြောကြလဲဆိုတာတော့အခုထိအဖြေရှာမရသေး။)

#NOe

The Black Sheep

Most of the people say “When no one believes in you,there will be your mom still supporting you.”

But for me , even everybody would believe in me and is supporting me, mom is sure for not believing in and supporting me.

😔

I haven’t got any appreciation from my mom since my childhood although I have been trying hard for my entire life.

When even I passed matriculation exam with flying colors , she didn’t dare to attend my prize-giving ceremony.

Actually, I had to go all prize-giving ceremonies alone since I was 12 years old as she denied all invitations from schools as well as other organizations.

She also denied to attend my convocation when I was graduated.

It’s so sad but true.

I can’t understand why she treats me such.

When I was kid , I used to be so smart and outstanding student.

I got too many metals.

I have never failed any exam in my student life.

After high school , I worked for my family instead of going university at 16 years old.

I used to be a ATM for family.

I started my own business at 19 years old.

Although being known as an Entrepreneur , Woman in Tech , Public Speaker and with so many other titles by other people , I’m just a black sheep for mom.

Anyway, I keep trying to achieve my goals of life.

Whether she accepts me or not , I’m still her kid.

Even being the person you hate most ,I love you mom.

#NOe

ကိုယ့်လူမျိုးကိုယ်ချစ်တယ်ဆိုတာ အခြားလူမျိုးတွေကိုမုန်းတီးနေဖို့မှမဟုတ်ဘဲဗျာ

အသက် ၂ နှစ်ကျော်ကတည်းက ရန်ကုန်ရောက်တယ်။
အသက် ၂၅ နှစ်ကျော်တဲ့အထိ ဗမာတွေအများစုရှိတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတယ်။
ဒါပေမယ့်
ငယ်ငယ်တုန်းက အတန်းထဲမှာ အသင်းခေါင်းဆောင်လုပ်တယ်။အတန်းခေါင်းဆောင်လုပ်တယ်။
နှစ်တိုင်းဆုပေးပွဲတွေတက် ဆုယူတယ်။
ကျောင်းကပွဲတွေမှာ ပါလေရာဖြစ်တယ်။
အားကစားမှာတော့မထူးချွန်ဘူး။

အရွယ်ရောက်လာတော့ စီးပွားရေးလောကထဲဝင်တယ်။
ကိုယ်ပိုင် Company ထောင်တယ်။
Vice President နေရာမှာထိုင်တယ်။
ဟောပြောပွဲတွေမှာ အထိုက်အလျောက်လူလက်ခံတဲ့ Public Speaker ဖြစ်လာတယ်။
ဆွဲဆောင်မှုရှိတဲ့ အလှဘုရင်မတစ်ပါးတော့မဖြစ်နိုင်ခဲ့ဘူး။

ပြောချင်တာကအခုမှစမှာ။
ဒီလိုဖြတ်သနး်လာတဲ့ တစ်လျှောက်မှာ ကိုယ့်ကိုယ်ကို ရခိုင်ဖြစ်ပါတယ်ဆိုတာကို ဘယ်တုန်းကမှ သိုဝှက်ထားတာမရှိခဲ့သလို ကြွားဝါခြင်းလည်းမရှိခဲ့ဘူး။
ဒါပေမယ့် ဘယ်တုန်းကမှ “ရခိုင်ဖြစ်လို့”ဆိုပြီး အနှိမ်ခံခဲ့ရတာမျိုးမရှိခဲ့ဘူး။
“ရခိုင်ဖြစ်လို့”ဆိုပြီး နေရာပေးမခံရတာမရှိခဲ့ဘူး။
“ရခိုင်ဖြစ်လို့”ဆိုပြီး လှောင်ပြောင်ဝိုင်းဟားခံခဲ့ရတာမျိုးမရှိခဲ့ဘူး။
(ဗမာတွေကို”အောက်သား၊×င်မာ၊သတောင်းစာမျိုးတွေ”ဆိုပြီးနှိမ်ခေါ်တတ်ကြတဲ့ ရခိုင်တွေတော့တွေ့ဖူးတယ်။)
ဆိုလိုတာက ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှ အခက်အခဲတွေ နဲ့ အခွင့်အလမ်းတွေဟာ
“ငနိုး ရခိုင်ဖြစ်ခြင်း မဖြစ်ခြင်း “နဲ့ လားလားမှ မသက်ဆိုင်ခဲ့ဘူး။
ဘယ်သူမဆို ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီပြီး ကိုယ်တကယ်ကျွမ်းကျင်တဲ့ နယ်ပယ်ဆိုရင်တော့နေရာတစ်ခုရနိုင်ကြတာချည်းပဲ။
အရည်အချင်းလည်းမရှိ ၊ ကျွမ်းကျင်မှုလည်းမရှိလို့ကတော့ ရခိုင်တွေ ဗမာတွေမပြောနဲ့ ဘာလူမျိုးပဲဖြစ်ဖြစ် ဘာနေရာမှမရနိုင်ဘူးလေ။
ဒါကြောင့်
ရခိုင်ဖြစ်လို့
ဗမာတွေကဝိုင်းနှိမ်လို့
ဘာညာနဲ့ ဆင်ခြေတွေပေးနေမယ့်အစားကိုယ့်ကိုယ်ကို အသုံးကျအောင်အရင်ကြိုးစားကြတာပိုကောင်းပါလိမ့်မယ်။
(ကိုယ့်လူမျိုးကိုယ်ချစ်တယ်ဆိုတာ အခြားလူမျိုးတွေကိုမုန်းတီးနေဖို့မှမဟုတ်ဘဲဗျာ။)
#NOe

ဖြတ်ရအခက်ဆုံး သမုဒ္ဒယသစ္စာ

“ဘဝဆိုတာတိုက်ပွဲ”လို့ဆိုကြပါစို့။
သူဟာကိုယ့်ရဲ့
(သို့မဟုတ်)
ကိုယ်ဟာသူ့ရဲ့
ရဲဖော်ရဲဖက်ဖြစ်တယ်။

“ဘဝဟာခရီးရှည်တစ်ခု”လို့ဆိုကြပြန်တော့
သူဟာကိုယ့်ရဲ့
(သို့မဟုတ်)
ကိုယ်ဟာသူ့ရဲ့
ခရီးသွားဖော်ဖြစ်လာတယ်။

တစ်ခါတစ်ရံမှာ
သူဟာ ကိုယ့်အရှေ့ကရပ်တယ်။
တစ်ရံတစ်ခါမှာ
ကိုယ်ဟာ သူ့အရှေ့ကရပ်တယ်။
ရံဖန်ရံခါမှာ
နှစ်ယောက်သား ဘေးချင်းယှဉ်ရပ်ဖြစ်ကြတယ်။

သူ့ရဲ့ဒေါသဟာ ကိုယ့်ရဲ့အမျက်ဖြစ်သလို
ကိုယ့်ရဲ့မောဟဟာ သူ့အတွက် အဝိဇ္ဇာဖြစ်ရာဖြစ်ကြောင်း။

ဒီဘဝမှာတော့ နှစ်ယောက်သားအတူတွဲပြီး
တောင်တွေကိုလည်းတက်ခဲ့ကြပြီ။
ပင်လယ်ကျယ်လည်းဖြတ်ခဲ့ကြပြီ။

ဒီဘဝကအစ နိဗ္ဗာန်မဝင်မီအထိ
သံသရာတစ်လေ ျှာက် ကျင်လည်ရဦးမယ့်
ဘဝအဆက်ဆက်မှာ
သုခဘုံတွေမှာ စံကြရဦးမယ်။
ဒုက္ခဘုံတွေမှာ ခံကြရဦးမယ်။

ဘယ်အခြေအနေပဲရောက်ရောက်
သူဟာကိုယ့်ရဲ့(သို့မဟုတ်)ကိုယ်ဟာသူရဲ့
ဖြတ်ရအခက်ဆုံး သမုဒ္ဒယသစ္စာ။

#NOe

Facebook မသုံးဖြစ်တဲ့ရက်တွေ

၂၀၀၉ လောက်ကတည်းက နိုး Facebook စသုံးဖြစ်တယ်။
အဲဒီတုန်းကတော့ ဘာရယ်မဟုတ်ပါဘူး။
အင်တာနက်ဆိုင်မှာ သူများတွေ Account ဖွင့်ကြတော့ နိုးလည်းလိုက်ဖွင့်ထားလိုက်တာ။
စစသုံးချင်းတုန်းကတော့ Game တွေဆော့ဖြစ်တယ်။
Pet Game တို့ဘာတို့ပေါ့။ (အခုတော့ အဲဒီ Game တွေလည်းမရှိတော့ပါဘူး)

နောက်တော့ စာလေးဘာလေးတွေရေးတင် ၊ ဓာတ်ပုံလေးတွေရိုက်တင်နဲ့ တဖြေးဖြေး Facebook စွဲတဲ့အဆင့်ရောက်လာတယ်။
ကိုယ့်စာလေးတွေ ၊ ပုံလေးတွေ Like များရင်သဘောကျတတ်လာတယ်။
React တွေရလာတဲ့နောက်ပိုင်း Love လေးတွေရတော့ ပို သဘောကျပေါ့။

ဒါပေမယ့် ဒီနှစ်ထဲမှာ ဘာဖြစ်လာလဲဆိုတော့ Facebook ကို တစစ ငြီးငွေ့လာတယ်။
ဒီလိုနဲ့ပဲ Facebook သုံးရမှာကြောက်လာတဲ့အဆင့်ဖြစ်လာတယ်။
ဘာလို့လဲဆိုတော့
တစ်ရက်တစ်ရက် မပြီးနိုင်မစီးနိုင်တဲ့ လေလှိုင်းတိုက်ပွဲတွေ ၊
ပုပ်ပွသမျှထုတ်ပြနေကြတဲ့ အတင်းအဖျင်းပေါင်းစုံတွေ ၊
ဆယ်လီရူးတွေရဲ့ မထော်မနှမ်းတွေ ၊
ဘာမှမဟုတ်တဲ့ စဆရကတွေရဲ့ တစ်ရာဖိုး သုံးပုဒ် တက်ကျမ်းတွေ စတာတွေ ကြောင့် Facebook သုံးရတာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတယ်လို့ဆိုရမှာပဲ။
အလကားနေရင်း စိတ်တိုနေတတ်တယ်။
ဘာမှမဟုတ်ဘဲ ဒေါသတွေထွက်နေတတ်တယ်။
Facebook ပေါ်မှာ သူများတွေကို ဟိုလိုနေပါ ၊ ဒီလိုထိုင်ပါ လို့ ပြောပြီး သူတို့ကိုယ်တိုင်က ဗရမ်းဗတာတွေဖြစ်နေတဲ့ သူတွေအကြောင်း အူမချေးခါးမကျန် ကိုယ်ကသိထားတော့ ပိုဆိုးတယ်။
ပြောပြန်ရင်လည်း မနာလိုလို့ ဘာလို့ ဆိုတာတွေကနောက်ဆက်တွဲလာကြဦးမယ်။

ဒါနဲ့လူတွေဆို Unfollow တွေ ၊ Block တွေ လုပ်။ Page တွေဆို Hide All တွေလုပ်။ (ဘယ်သူတွေက ဘယ်တုန်းက ကိုယ့်ကိုဆွဲထည့်ထားမှန်းမသိတဲ့)Group တွေ Leave လုပ် နဲ့ အလုပ်တွေကိုပိုရှုပ်တော့ မထူးပါဘူးဆိုပြီး လုံးဝကိုဖြတ်ချလိုက်တယ်။

ဒီလိုနဲ့ နိုး Facebook ပြတ်သွားပါတယ်။
အကောင့်ကို Deactivate လုပ်တာမဟုတ်ပေမယ့် Phone ထဲမှာ Uninstall လုပ်လိုက်တာဆိုတော့ Facebook မသုံးဖြစ်တော့ဘူးလို့ဆိုရမယ်။

စစချင်း တစ််ရက် နှစ်ရက်ကတော့ တော်တော်အဆင်ပြေတယ်။
သုံးရက်မြောက်လောက်မှာတော့ ပြန်သုံးချင်စိတ်နည်းနည်းပေါက်တယ်။
အခုတော့ မသုံးတာနဲ့ တော်တော်လေးအသားကျသွားပါပြီ။

အလုပ်လုပ်ဖို့အချိန်တွေပိုထွက်လာတယ်။
ကားမောင်းရင်း Noti တွေတက်လာလို့ “ဘာလဲဟ”ဆိုပြီး ဖုန်းကောက်ကြည့်ရတာတွေမရှိတော့ဘူး။
အစာစားရင် ဖုန်းကြည့်စရာမလိုတော့ ကိုယ်စားတဲ့အစာကိုကောင်းကောင်းအရသာခံနိုင်တယ်။
ဘေးပတ်ဝန်းကျင်ကလူတွေ ၊ အပင်တွေ ၊ အဖြစ်အပျက် အကြောင်းအရာတွေကို အရင်ကထက်ပို သတိထားမိလာတယ်။
ညဖက်တွေ အဖွားနဲ့စကားပြောဖြစ်တယ်။
၁၂နာရီမထိုးခင် အိပ်ရာဝင်ဖြစ်တယ်။
သစ္စာနီပြန်ဖတ်တယ်။
Googling ပိုလုပ်ဖြစ်တယ်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ App တွေသုံးဖြစ်လာတယ်။
သီချင်းတွေနားထောင်ဖြစ်တယ်။
ရုပ်ရှင်တွေကြည့်ြ့ဖစ်တယ်။
အခုဆို ကိုယ့် Website မှာစာပြန်ရေးဖြစ်တယ်။
အကောင်းဆုံးကတော့ ပေါ်ပင်တွေနဲ့ဝေးတာပဲ။

ဘယ်အချိန်မှာ ပြန်သုံးဖြစ်မယ်မသိပေမယ့် လောလောဆယ်မှာတော့ တော်တော် အဆင်ပြေတယ်။
စိတ်ချမ်းသာတယ်။
စာရေးချင်တာရှိရင်လည်း ဒီ Website ကနေပဲရေးတော့မယ်။
ပိုက်ဆံတွေအကုန်ခံပြီး Domain ဝယ်ထားတာ ၃ နှစ်လောက်ရှိပြီ။
ဘာမှလည်းသေချာမရေးဖြစ်တော့ မကိုက်ဘူးလေနော်။ 😛

ပုံတွေကတော့ Instagram နဲ့ Messager MyDay မှာတင်လို့ရနေတာပဲလေနော်။

အခုလည်းဒီစာကို Website ကပဲတစ်ဆင့် Share လိုက်တာပါ။

စာဖတ်နေတဲ့သူတွေထဲမှာလည်း
အလကားနေစိတ်အလိုမကျဖြစ်လာတာ။
ဘာမှန်းမသိဘဲ ဒေါသထွက်နေတာ။ မျိုးတွေရှိရင် Facebook တစ်ပတ်လောက်ဖြတ်ကြည့်လိုက်ပါလို့ အကြံပြုပါရစေ။

#NOe

တစ်ကိုယ့် နှစ်စိတ်

အမဲသားကြိုက်တယ်။
သက်သတ်လွတ်သမားဖြစ်ချင်တယ်။

ထီးဆန်နန်းဟန်တွေကို မြတ်နိုးတယ်။
တောထဲ တဲထိုးနေရတာကို ခုံမင်တယ်။

နှစ်ချို့အရက်တွေကိုတပ်မက်တယ်။
ရေနွေးကြမ်းမျိုးစုံကို တစ်ရက်နဲ့တစ်ရက် မတူအောင်သောက်တတ်တယ်။

ညဘက်တွေ တော်ရုံနဲ့မအိပ်ဘူး။
မနက်စောစောထတယ်။

fb

မိတ်ကပ်လှလှလိမ်းတတ်အောင်ကျင့်တယ်။
သနပ်ခါးကို နှစ်သက်စွာလူးတယ်။

စိမ်းစိုနေတဲ့တောအုပ်တွေကိုချစ်ခင်တယ်။
သစ်ခြောက်ပင်တွေကို စုံမက်တယ်။

သူဌေးကြီးဖြစ်ချင်တယ်။
သူတောင်းစားလိုနေချင်တယ်။

မိန်းမပီသစွာ ယောကျာ်းဆန်တယ်။
နက်မှောင်စွာ သန့်ရှင်းတယ်။
ဖွေးဆွတ်ကာ ညစ်နွမ်းတယ်။
ခါးသီးစွာ ချိုမြိန်ချင်တယ်။

ညာလက်မှာ ဓါး ၊
ဘယ်လက်မှာ ပန်းတွေထားပြီး
သြကာသလောကကြီးကို
ညင်သာပြတ်သားစွာ အုပ်ထိန်းမယ်။

ငါဟာ တောင်ပံတွေနဲ့ နှစ်စိတ် တစ်ကိုယ့် လူသားဖြစ်တယ်။

#NOe

ကတုံးတုံးချင်သည်။

ဟုတ်သည်။

ကျွန်ုပ် ကတုံးတုံးချင်သည်။

ယနေ့ညနေက ရေကူးကန်မှာ ခေါင်းလျှော်ရင်း ဤဆန္ဒပေါ်လာခြင်းဖြစ်သည်။

ကတုံးတုံးမည်။
ကိုယ့် ဆံပင် ကိုယ်ရိတ်ပြီး ကိုယ်ကတုံး ကိုယ်တုံးလိုသည်။
ကတုံးတုံးပြီးနောက် ဦးထုတ်မဆောင်းဘဲ အပြင်ထွက်မည်။
ဆံပင်တုများလည်းမစွပ်လိုပါ။
ကတုံးစစ်စစ်တစ်ယောက်လိုသာ အမှန်အကန်ရပ်တည်ကြည့်ချင်သည်။

ဒီအကြောင်းတွေ ရည်းစားကိုဖုန်းဆက်ပြီး လှမ်းပြောရာ “သီလရှင်ဝတ်ချင်တာလား”ဟုပြန်မေး၍ စိတ်ပျက်စွာ ဖုန်းချလိုက်ရသည်။

သီလရှင်နှင့် ကတုံးမ ထပ်တူမကျကြောင်း မည်သို့သက်သေပြရမည်နည်း။

သို့နှင့် စာဖတ်နေသောအဖွားကို ပြောပြသော်လည်း အရူးတစ်ယောက်လိုသာ ပြန်ကြည့်ခံရသည်။

ထို့ကြောင့် facebook ပေါ်တွင် ယခုကဲ့သို့ ရင်ဖွင့်လိုက်ရပါသည်။

ကျွန်ုပ် ကတုံးတုံးချင်ပါသည်။
#NOe

တွေးမိတွေးရာ (၁)

လူတွေဟာ ကမ္ဘာဦးမှာ ကိုယ်တုံးလုံးနေခဲ့ကြရာကနေဘာလို့အဝတ်အစားတွေဝတ်လာခဲ့လဲဆိုတဲ့အကြောင်းအရင်းကို ဆင်ခြင်ကြည့်တဲ့အခါ
“ရာသီဥတု ဒါဏ်ခံနိုင်ဖို့”လို့ ကောက်ချက်ချမိတဲ့ နောက်ပိုင်း
အဝတ်အစားတွေနဲ့ပတ်သတ်ရင် ရင်ခုန်နှုန်းနှေးလာခဲ့တယ်။
တပ်မက်ခြင်းနည်းလာခဲ့တယ်။
အဝတ်အစားကြောင့် ဖြစ်ရတဲ့ လောဘနည်းလာတယ်။ ဒေါသရှားလာတယ်။

ဒီလိုပဲ အစာစားခြင်းဟာ ရသာတဏှာအတွက်မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် သက်သက်သာဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို အသိချည်းမဟုတ်ဘဲ နှလုံးသားနဲ့ လက်ခံနိုင်တဲ့နေ့ကစပြီး ကိုယ်ဟာ အစားနည်းလာလိမ့်မယ်။
အစားတစ်လုတ်အတွက် ပေးရတဲ့ အချိန်တွေနည်းသွားမယ်။
ထမင်းတစ်နပ်အကြောင်းပြုပြီး လောဘဖြစ်ရတဲ့ အကြောင်းတရားတွေ ရှားလာလိမ့်မယ်။
စားချင်တာမစားရတဲ့ အခါ ဒေါသထွက်တတ်တဲ့ အကျင့်ပျောက်သွားမယ်။
ဝိတ်လည်းပြန်ကျသွားလိမ့်မယ်။ 😛

လောလောဆယ်ထိတော့ ဗိုက်ဆာလို့ စားတာထက် ရသာတဏှာအတွက် စားတာက များနေသေးတယ်။
ဆင်ခြင်ရဦးမယ်။
စားချင်တယ် ဆိုတာထက် စားသင့်တယ် ဆိုတဲ့ အကြောင်းအရင်းနဲ့ပဲ အစာစား နိုင်ဖို့ သတိထားရမယ်။

အသက် ၂၅ နှစ်ကျော်လာပြီးတဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ “မလိုအပ်”တာတွေကို အတတ်နိုင်ဆုံး စွန့်ပြီး “လိုအပ်”တာတွေကို ရှေးရှုဖို့ကြိုးစားချင်လာတယ်။

အပိုတွေမလုပ်ချင်တော့ဘူး။

ဥပမာ မလိုအပ်ဘဲ စကားတွေအများကြီး ပြောနေတတ်တာမျိုး။
အချိန်တွေပိုနေလို့ဆိုပြီး ကိုယ်မကြိုက်တဲ့ ရုပ်ရှင်ကို ဘာမှန်းမသိ ထိုင်ကြည့်နေတာမျိုး။
လူသိများရင်ပြီးရောဆိုပြီး ရှိသမျှပွဲတွေ အတင်း လိုက်တက်နေတာမျိုး တွေ ကို လုပ်ချင်စိတ် လုံးဝ(လုံးဝ) ပျောက်လာတယ်။

ဘဝကို စိတ်ပျက်သွားတာ မဟုတ်ဘူး။
စိတ်ဓာတ်ကျနေခြင်းနဲ့လည်း မတူဘူး။
နဂိုရှိတဲ့ တက်ကြွမှုတွေလည်းပျောက်ဆုံးမသွားဘူး။

လက်ရှိအနေအထားကို (အမှန်တကယ်) ကျေနပ်တယ်။
ဒါပေမယ့် ပုထုဇဉ်ပီပီ မရောင့်ရဲနိုင်သေးလို့ ဆက်ကြိုးစားတယ်။

ဒီလောက်ပဲ။

ခန္ဓာရခြင်းဟာ ဒုက္ခအမှန်ဖြစ်ကြောင်း စတင်နားလည်စပြုလာပြီးတဲ့ နောက်ပိုင်းမှာ နေ့စဉ်ဖြတ်သန်းမှုတွေဟာ အရင်ကထက် ပို အဆင်ပြေလာတယ်။

#NOe

ကိုယ့် လက်တွဲဖော် ရဲ့ တန်ဖိုးကို မသိတဲ့သူတွေဟာ ဖောက်ပြားတတ်ကြတယ်။

ယောက်ကျားဖြစ်စေ ၊ မိန်းမဖြစ်စေ လူတွေမှာ ကိုယ်စီကိုယ်စီ မတူညီတဲ့ တန်ဖိုးလေးတွေရှိတယ်။
တန်ဖိုးထားတတ်တဲ့အရာလေးတွေရှိတယ်။

ဥပမာ
တစ်ချို့က လှတာကို တန်ဖိုးထားတယ် ။
တစ်ချို့က အတွေးအခေါ်မြင့်တာကို တန်ဖိုးထားတယ်။
တစ်ချို့ကျပြန်တော့လည်း ငွေကြေး ဥစ္စာတွေကို တန်ဖိုးထားတယ်။

ဒီတော့ ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့လက်တွဲဖော် (ချစ်သူ၊ရည်းစား ၊ အိမ်ထောင်ဖက် )မှာ ကိုယ်တန်ဖိုးထားရတဲ့ အချက်လေးတွေမရှိဘူးဆိုတာသိရတဲ့အခါ (ဒါမှမဟုတ်) ပျောက်ဆုံးသွားတဲ့အခါ လူအများစုဟာ ဖောက်ပြန်ခြင်းကို ဦးတည်တတ်ကြတယ်။

ဒါဟာချစ်တယ် ၊ မချစ်ဘူးနဲ့မဆိုင်ဘူး။
ဖောက်ပြန်ခံရတဲ့သူမှာလည်းအပြစ်မရှိဘူး။
ချစ်ရက်နဲ့လက်တွဲခဲ့ကြပြီးမှ ဖောက်ပြန်ကြတဲ့ကိစ္စတွေအများကြီးပဲလေ။
ဥပမာ
ကိုယ့်တန်ဖိုးက အတွေးအခေါ်မြင့်တာဖြစ်နေပေမယ့် တစ်ဖက်လူရဲ့ တန်ဖိုးထားရာက ရုပ်ပိုင်းဆိုင်ရာအလှအပ ဖြစ်နေတဲ့အခါ ဖောက်ပြန်ခံရဖို့များတယ်။

လက်တွဲဖော်ရဲ့ တန်ဖိုးကိုသိပြီး အမှန်တကယ်တန်ဖိုးထားတယ်ဆိုတာကလည်း
ကားပေါ်ကအဆင်းထီးမိုးပေးတာ ၊
အိမ်ပြန်ချိန် အိမ်အောက်ထိလိုက်ပို့တာ ၊
ပိတ်ရက်တွေမှာ ဟင်းချက်ကျွေးတာ၊
အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရတွေစီစဉ်ပေးတာ ၊
လိုချင်တဲ့ပစ္စည်းကို အလိုက်တသိဝယ်ပေးတာ၊
စသဖြင့်
စသဖြင့်
စသဖြင့် တွေထက် အများကြီး (အများကြီး) ပိုပါသေးတယ်။

အမှန်တကယ် တန်ဖိုးထားတယ်ဆိုတာရဲ့နောက်မှာ လေးစားခြင်းဆိုတာကပ်ပါလာတယ်။

ကြောက်တာမဟုတ်ဘူးနော်။
သူ့ရဲ့ဖြစ်တည်မှု ၊ ရပ်တည်မှု တွေကိုပါ လက်ခံနိုင်လာတဲ့ လေးစားမှုမျိုး။

နားငြီးလို့ခေါင်းညိတ်တာမျိုးမဟုတ်ဘဲ
သူ့ရဲ့ဆုံးဖြတ်ချက် ၊ ခံယူချက်တွေ က ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်သည့်တိုင် ထောက်ခံပေးနိုင်တဲ့ လေးစားမှုမျိုး။

အလိုလိုက်တာမျိုးမဟုတ်ဘဲ
သူ့ရဲ့ ကြိုက်ခြင်း ၊ မကြိုက်ခြင်းတွေကိုပါ နားလည်ပေးနိုင်တဲ့ လေးစားမှုမျိုး တွေနဲ့ အမြတ်တနိုးလေးစားတာ။

အကယ်၍သာ လူတစ်ယောက်ဟာ သူ့ရဲ့လက်တွဲဖော်ကို ဒီလိုလေးစားမှုမျိုးတွေနဲ့တန်ဖိုးထားပြီး မြတ်နိုးရကောင်းမှန်း သိတတ်ခဲ့မယ်ဆိုရင် ဖောက်ပြားလိုစိတ်ဆိုတာ ဘယ်ဆီနေမှန်းတောင် သိမှာမဟုတ်ဘူး။

ဒီနေရာမှတစ်ခုပြောချင်တာက လောဘမကြီးဘဲ သူ့ဖက် ကိုယ့်ဖက် မျှကြည့်တတ်ဖို့လည်းလိုသေးတယ်ဆိုတာပါပဲ။

“ကိုယ်ကြိုက်တဲ့ဟော့ပေါ့ကို မင်းလိုက်စားရမယ်။
မင်းကြိုက်တဲ့ ကော်ဖီတော့ ကိုယ်လိုက်မသောက်နိုင်ဘူး။” ဆိုတဲ့အကျင့်တွေနဲ့တော့ တန်ဖိုးထားလေးစားမှုတွေ တောင်းဆိုလို့မရဘူးပေါ့။

အချုပ်ပြောရရင်တော့
ဖောက်ပြန်မခံချင်ဘူးဆိုရင် ကိုယ့်တန်ဖိုးကို သိတဲ့သူနဲ့ပဲလက်တွဲပါ။
ဖောက်ပြန်တတ်သူမဖြစ်ချင်ဘူးဆိုရင် ကိုယ်တန်ဖိုးထားနိုင်တဲ့သူနဲ့လက်တွဲပါ။
ဖောက်ပြန်လည်း မခံချင်ဘူး ၊ ဖောက်ပြန်တတ်သူလည်း မဖြစ်ချင်ဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက်အပြန်အလှန်တန်ဖိုးသိပြီး တန်ဖိုးထားနိုင်တဲ့သူအချင်းချင်း လက်တွဲပါ။

နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြောရရင်တော့
“ကိုယ့်ကိုကိုယ် လေးစားတတ်တဲ့သူတွေပဲ အခြားလူတွေကိုလေးစားရကောင်းမှန်းသိကြတာပါ။”

( ဟိုနေ့က ကိုထွန်းလင်းနဲ့ဆွေးနွေးရင်း ရလာတဲ့ အတွေးအခေါ်လေးကို အခြေခံရေးလိုက်တာပါ။ အမြင်မတူတာတွေလည်း ရှိပါလိမ့်မယ်။)
#NOe