img_2916

The Black Sheep

Most of the people say “When no one believes in you,there will be your mom still supporting you.”

But for me , even everybody would believe in me and is supporting me, mom is sure for not believing in and supporting me.

😔

I haven’t got any appreciation from my mom since my childhood although I have been trying hard for my entire life.

When even I passed matriculation exam with flying colors , she didn’t dare to attend my prize-giving ceremony.

Actually, I had to go all prize-giving ceremonies alone since I was 12 years old as she denied all invitations from schools as well as other organizations.

She also denied to attend my convocation when I was graduated.

It’s so sad but true.

I can’t understand why she treats me such.

When I was kid , I used to be so smart and outstanding student.

I got too many metals.

I have never failed any exam in my student life.

After high school , I worked for my family instead of going university at 16 years old.

I used to be a ATM for family.

I started my own business at 19 years old.

Although being known as an Entrepreneur , Woman in Tech , Public Speaker and with so many other titles by other people , I’m just a black sheep for mom.

Anyway, I keep trying to achieve my goals of life.

Whether she accepts me or not , I’m still her kid.

Even being the person you hate most ,I love you mom.

#NOe

Check List

ငနိုး မသေခင်လုပ်သွားမယ့် Check List ထဲမှာ (အမေဘက်က) အဖိုးရဲ့ ဘဝအကြောင်း ကို စာရေး ဖို့လည်းပါတယ်။
လူအများက အဖိုးကို ကောင်စီဥက္ကဌ ၊ နိုင်ငံရေးသမား ၊ စီးပွားရေးသမား ၊ ရပ်ရွာလူကြီး …… စသည်ဖြင့် ဘယ်လိုပဲခေါင်းစဉ်တပ်ကြပါစေ
ငနိုးအတွက်ကတော့ အဖိုးဟာ God Father တစ်ယောက်ပဲ။ 😛
တကယ်တော့ ငနိုးဟာ အဖိုးခေတ်ကိုမမီလိုက်တဲ့သူပါ။
ငနိုး ၁၀ရက်သားမှာ အဖိုးဟာ ဘဝတစ်ပါးပြောင်းသွားခဲ့တယ်။
တနည်းပြောရင် အဖိုးနောက်ဆုံးတွေ့ခဲ့ရတဲ့ မြေးဟာ ငနိုးဖြစ်တယ်ပေါ့။
ဒါကြောင့် ငနိုးဟာ အဖိုးကို ဓါတ်ပုံထဲမှာပဲမြင်ဖူးခဲ့ရပါတယ်။

ငနိုးဟာအရပ်ပုပေမယ့် အဖိုးကတော့ အရပ်ရှည်ရှည် နဲ့ လူထွားကြီးဗျ။
(ငနိုးအဖွားကတော့ ပုပုညှပ်ညှပ်သေးသေးလေးပါ။ ငနိုးကတော့ အဖိုးနဲ့အဖွားရောထားတဲ့ ပုပုထွားထွားကြီးပေါ့။ 😛 )
အသားဖြူသလောက် အဖိုးဟာ ဒေါသလည်းအရမ်းကြီးပါတယ်တဲ့။
မီလိုက်တဲ့သူတွေပြောတာတော့ အဖိုးရိုက်ပြီဆိုရင် အရိုက်ခံရတဲ့သူဟာ အနည်းဆုံး အိပ်ရာထဲမှာ တစ်ပတ်လောက်ခွေနေရပါရောတဲ့။

ရွာမက ၊ မြို့မကျတဲ့ ဒေသတစ်ခုမှာ
အဖိုးဟာ ဒေသခံမျိုးဆက်သစ်တွေ ပညာရေးအဆင့်မြင့်လာအောင် အထက်တန်းကျောင်းဆောက်ခဲ့တယ်။
( အခုပုဏ္ဏားကျွန်း အထက ဟာ တကယ်တော့ အခြားမြို့အတွက် အစိုးရကချပေးတဲ့ကျောင်းပါ။ကျောင်းဆောက်ဖို့ သစ်တွေ၊အုတ်တွေသယ်လာတဲ့ အစိုးရသဘောင်္ကြီး ပုဏ္ဏားကျွန်းကို အဖြတ်မှာ အဖိုးက အတင်းဆိပ်ကမ်းကပ်ခိုင်းပြီး အဲဒီ ပစ္စည်းတွေနဲ့ညတွင်းချင်း ကျောင်းနေရာမှာ ပန္နက်ရိုက်လိုက်တာလို့လည်း လူကြီးတွေပြောတာကြားဖူးပါတယ်။)
ရောင်းဝယ်ဖောက်ကားမှုအဆင်ပြေအောင် စျေးဆောက်တယ်။
ကုန်စည်စီးဆင်းမှုလွယ်အောင် ဆိပ်ကမ်းဆောက်တယ်။
ဒေသတွင်းမွေးမြူရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်အောင် ရန်ကုန်ဘက်က နည်းပညာတွေ ယူလာ ၊ မျှဝေပေးတယ်။
အမျိုးထဲမှာ စာတော်ပြီး အလားအလာရှိတဲ့ ကလေးတွေကို ရန်ကုန်ထိပို့ပြီ ပညာသင်စေတယ်။
မျိုးဆွေ၄ပါးကိုစောင့်ရှောက်တယ်။

အဲလိုတွေလုပ်ခဲ့တဲ့အတွက် အဖိုးကို “အစိုးရလူ”ဆိုပြီး အဲဒီခေတ်က သူပုန်တွေအရမ်းမုန်းကြတယ်။
အဖိုးကိုဖမ်းမိရင်”အသားစားပစ်မယ်”လို့တောင်ကြုံးဝါးတဲ့ သူပုန်ဗိုလ်တွေရှိခဲ့တယ်။
အဖိုးနဲ့လူမှားပြီး သူပုန်သတ်တာခံခဲ့ရတဲ့ အဖိုးမိတ်ဆွေတွေလည်းရှိခဲ့တယ်။

နိုင်ငံရေးနဲ့ပတ်သတ်လာရင် အဖိုးပြောနေကျ စကားတစ်ခွန်းရှိခဲ့တယ်တဲ့။
“နိုင်ငံရေးလုပ်ချင်ရင် စားပွဲပေါ်ကပဲ တရားဝင် လုပ်ပါ။ဘယ်တော့မှ တောခိုပြီး သူပုန်မလုပ်နဲ့”
(ငနိုးလည်း လူကြီးတွေဆီကနေ တစ်ဆင့်စကားကြားရတာမို့ စကားလုံးလွဲချော်မှုရှိကောင်းရှိနိုင်ပါတယ်။)

အဖိုးဟာ ကိုယ့် မွေးရပ်မြေမဟုတ်တဲ့ ဒေသတစ်ခုအတွက် တိုးတက်ရာတိုးတက်ကြောင်းတွေအများကြီးလုပ်ခဲ့ပါတယ်။
(အဖိုးကို မိခင်ရဲ့ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းဘက်မှာမွေးဖွားခဲဲ့ပြီး အသက် ၁၀ နှစ်ဝန်းကျင်လောက်မှ ဖခင်ဇာတိဖြစ်တဲ့ ရခိုင်ဘက်ကို ဆွေပြမျိုးပြ အလည်လာရာကနေ စစ်ဖြစ်လို့မပြန်နိုင်တော့ဘဲ အဲဒီဒေသမှာပဲ အခြေချနေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။)
အဖိုးဟာ သူ့ပတ်ဝန်းကျင်ကို သူ့ကိုယ်ပိုင်မိသားစုထက်ပိုဂရုစိုက်ခဲ့တယ်။
သူ့ကို သဘောကျထောက်ခံတဲ့သူတွေများခဲ့သလို သဘောမကျ မနှစ်မြို့တဲ့သူတွေလည်းအများကြီးရှိခဲ့တယ်။
ဒါပေမယ့် အဖိုးဟာ ကိုယ်လုပ်စရာရှိတာကိုပဲ တစိုက်မက်မက်လုပ်ခဲ့တယ်။

ဒါကြောင့် ငနိုးက ဒေသအကျိုးစီးပွားအတွက် စကားများများမပြောဘဲ အလုပ်နဲ့ပဲသက်သေပြခဲ့တဲ့ အဖိုးရဲ့အကြောင်းကို အမှတ်တရအနေနဲ့ စာရေးမှာပါ။
(တစ်ချို့အတိတ်တွေဟာ ပေထက်အက္ခရာတင်မှ သမိုင်းအဖြစ်ကျန်ရစ်မှာပါ။)

အခုလောလောဆယ်ပြောချင််တာကတော့ “ငနိုးဟာ တစ်ချို့ကိစ္စတွေမှာ အဖိုးရဲ့သဘောထားတွေနဲ့တစ်ထပ်တည်းကျနေပါတယ်”ဆိုတာပါပဲ။

#NOe

ကလေးလေးဟာ မပျော်တော့ဘူး။

sad-kid

အငယ်ဆုံးဆိုပြီး ဘယ်သူမှအရေးမပေးကြတဲ့အခါ
ကလေးလေးဟာ မပျော်တော့ဘူး။

အမြဲဆူငေါက်နေတတ်တဲ့ မိဘတွေကြောင့်
ကလေးလေးဟာ မပျော်တော့ဘူး။

ဘာပဲလုပ်လုပ် အပြစ်တင်ခံရတာများလာတဲ့အခါ
ကလေးလေးဟာ မပျော်တော့ဘူး။

လက်ရေတစ်ပြင်တည်း ထမင်းဝိုင်းတွေမရှိတော့တဲ့အခါ
ကလေးလေးဟာ မပျော်တော့ဘူး။

တစ်အိမ်တည်းနေပြီး မျက်နှာချင်းဆိုင်လို့မရတဲ့ မိသားစုဝင်တွေကြားမှာ
ကလေးလေးဟာ မပျော်တော့ဘူး။

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကနေခဲ့တဲ့ အိမ်လေးကိုပြန်သွားကြည့်မိတယ်။

ပြီးခဲ့တဲ့ စနေနေ့က အရှေ့ဒဂုံကတိုက်ခန်းကို သွားကြည့်ပြီးအပြန်မှာ ငယ်ငယ်တုန်းကနေခဲ့တဲ့အိမ်လေးကို လမ်းကြုံလို့ ဝင်ကြည့်မိတယ်။
အဲဒီအိမ်လေးကတောင်ဒဂုံက ကုန်ပဒေသာမှတ်တိုင်နားမှာပါ။
အသက် ရ နှစ် ၊ နှစ်တန်းကျောင်းသူ အရွယ်မှာ နေခဲ့ရတဲ့ ဒီအိမ်လေးနဲ့ပတ်သတ်ပြီး အမှတ်ရစရာတွေကအများကြီးပဲ။
ဒီအိမ်လေးကို ပြောင်းတော့ အလုပ်သမားတွေမငှားဘဲ နိုးရဲ့ ဦးလေးတွေနဲ့ပဲပြောင်းခဲ့ကြတာ။
(အရင်နေတဲ့ တစ်ထပ်အိမ်လေးက ဒီအိမ်လေးနဲ့ တစ်လမ်းကျော်။နောက်မှပဲ အဲဒီအိမ်လေးကိုသွားကြည့်ဦးမယ်။ အဲဒီနေ့ကမိုးချုပ်နေပြီမို့)
အဲဒီတုန်းက အိမ်လခက တစ်လကို ၂၅၀၀ လား ၊ ၃၀၀၀ လားမမှတ်မိတော့ဘူး။
အိမ်ဝယ်ဖို့လုပ်ထားတဲ့ ငွေတွေ လူလိမ်ခံရပြီး နောက် ပြောင်းနေခဲ့တဲ့အိမ်လေးပေါ့။
အိမ်က သစ်သားနှစ်ထပ်အိမ်ကြီးဆိုပေမယ့် အောက်ထပ်မှာ ရှေ့ဘက်ခြမ်းက ခြေတံရှည် ၊ အနောက်ဘက်ခြမ်းတစ်ဝက်ကပဲ အကာအရံနဲ့ပေါ့။

အဲဒီအိမ်လေးမှာ
အမေနဲ့အတူတူ တိုက်ဖိုက်တစ်ပတ်လောက်ဖြစ်ဖူးတယ်။
မိုးရာသီဆို ခြံထဲမှာရေတွေပြည့်တော့ ဦးလေးတွေက ယင်ကောင်တွေသတ် ၊ ငါးစာလုပ်ပြီး နိုးကို ငါးမျှားသင်ပေးဖူးတယ်။
နေ့လည်ဘက်တစ်ယောက်တည်း ခြံထဲမှာ သြဇာစေ့ဆော့ဖို့ တွင်းတူးနေတုန်း ဘေးခြံက ကုလားကြီးမွေးထားတဲ့ကြက်ဖက ငယ်ထိပ်လာဆိတ်တာခံဖူးတယ်။
နွေရာသီကျောင်းပိတ်ရက်တွေဆို အောက်ထပ်မှာ တစ်ယောက်တည်း အဖြူ အမဲ TV လေးနဲ့ Family Game တစ်ညလုံးထိုင်ဆော့ဖူးတယ်။
ဆောင်းတွင်းတွေဆို ခြံထဲဆင်း ၊ အမှိုက်တွေမီးထိုင်ရိ်ှု့ရင်း မီးပုံကြီးဘေး အမေခွံတဲ့ထမင်းကို အပူအပင်ကင်းကင်းထိုင်စားဖူးခဲ့တယ်။
ခြံထဲမှာ ချဉ်ပေါင်ပင်တွေရှိတယ် ၊ နောက်ဖေးမှာ ဘူးစင်ရှိတယ် ။ ဘူးစင်အောက်မှာ ကန်စွနး်ခင်းရှိတယ်။
အိမ်ရှေ့မှာ ရှမ်းပြည်က သယ်လာတဲ့ နှင်းဆီပင်တွေရှိတယ်။ (ညဘက်တွေဆို သူခိုးခိုးမှာကြောက်လို့ အိမ်ခါနီးတိုင်း အဲဒီနှင်းဆီးပင်တွေကို အိမ်ထဲရွေ့အိပ်ရတယ်။)
ခြံဘေးက လမ်းကိုပြင်ပြီး ကတ္တရာလောင်းတော့ ကတ္တရာစေးကျိုတာသွားကြည့်မိလို့ အမေ့ဆီမှာ အဆူခံရဖူးတယ်။
သီတင်းကျွတ်ဆို တရုတ်တန်းက ဝယ်လာတဲ့ မီးရှုးမီးပန်း ၊ ဗောက်အိုးပေါကင်လိုက်တွေကို ၊ လမ်းထဲကတခြားကလေးတွေပါခေါ်ပြီး ခြံထဲမှာ အတူတူဆော့ခဲ့ဖူးတယ်။
၇ နှစ်ပြည့်တဲ့နေ့က အဲဒီအိမ်အပေါ်ထပ်မှာ ဦးလေးတွေက ကိတ်မုန့်လေးဝယ်ပြီး မွေးနေ့လုပ်ပေးတယ်။
အိမ်ရှေ့အိမ်က ကလေးအဖေ ဦးလေးကြီးကို သူ့မယားငယ် ရပ်ကွက်ထဲလာဆဲတော့ အိမ်ရှေ့ဝရံတာလေးကနေ တိတ်တိတ်လေးချောင်းကြည့်ဖူးတယ်။
ခြံရဲ့ဘေးလမ်းတစ်ဖက်ခြမ်းအိမ်စုတ်လေးက နတ်ကတော်အခြောက်ကြီးရဲ့ အမေ အဖွားကြီးရောင်းတဲ့ ဗယာကြော်ဟာ ဘဝရဲ့ ပထမဆုံးစားခဲ့ဖူးသော ဗယာကြော်ပဲ။
အိမ်နားက ကွမ်းယာသည်ဦးလေးကြီးသမီး ၊ ရွယ်တူကောင်မလေးလို ကွမ်းယာဆိုင်လေးထဲမှာ မှန်အိမ်လေးနဲ့စာကျက်ကြည့်ချင်ခဲ့ဖူးတယ်။
ပုဇဉ်းတွေဖမ်းတယ်။
ပန်းတွေကောက်ပြီး ပုတီးတွေလုပ်တယ်။
အိုးပုပ်ဆော့တယ်။
စာတွေကျက်တယ်။
ပန်းချီတွေဆွဲတယ်။
သီချင်းဆိုတယ်။
ကတယ်။

အရာရာဟာအမှတ်ရစရာတွေချည်း……………………….

အဲဒီအိမ်ကနေ တာမွေကိုပြောင်းတော့ ပန်းပင်တွေကို ဘေးအိမ်တွေကို လက်ဆောင်ပေးခဲ့ရတယ်။
တက်ခဲ့တဲ့ အ.မ.က (၁) က သူငယ်ချင်းတွေနဲ့ ခွဲခဲ့ရတယ်။
တာမွေတိုက်ခန်းမှာ ပြေးလွှာ ၊ ခုန်ပေါက်မိလို့ အောက်ထပ်ကလာတိုင်တိုင်း အဲဒီအိမ်လေးကို လွမ်းခဲ့ရတယ်။
တာမွေကကျောင်းသစ်မှာ အသားမကျမချင်း ကျောင်းဟောင်းက အပေါင်းအပါတွေအကြောင်းကို တွေးပြီး ဝမ်းနည်းခဲ့ရတယ်။
ကြာတော့ လည်း အသားကျသွားတာပါပဲ။

old
အပေါ်ထပ်လေးကို ရသလောက်ရိုက်လာတာ

အခုပြန်သွားကြည့်တော ့အိမ်လေးက အိုနေပြီ။ပြိုနေပြီ။
ဆောင်းတွင်းမှာတောင် ခြံထဲမှာခြံုပုတ်တွေထလို့။
ချဉ်ပေါင်ပင်လည်းမရှိဘူး။ ဘူးစင်လည်းမရှိ။
ကန်စွန်းကန်လည်းမရှိဘူး။
ဘေးက ခြံက ကုလားကြီးမိသားစုလည်းမရှိတော့ဘူး။
ငယ်ထိပ်တက်ဆိတ်တဲ့ ကြက်ဖကြီးလည်းမရှိတော့ဘူး။
ခြံရှေ့ကဦးလေးကြီးရော မိသားစုနဲ့အဆင်ပြေနေပြီလားမသိဘူး။
မီးရှုးမီးပန်းအတူဆော့ခဲ့တဲ့ လမ်းထဲက ကလေးတွေလည်း အိမ်ထောင်တွေတောင်ကျနေလောက်ရောပေါ့။
လက်ရှိနေကြတဲ့ မိသားစုကိုဆင်းပြီး နှှုတ်ဆက်တော့ သူတို့လည်းငှားနေကြတာတဲ့။
ငွေရေးကြေးရေး သိပ် အဆင်ပြေပုံမပေါက်တဲ့ အဲဒီမိသားစုလေးဟာ အမိုးအကာမလုံတော့တဲ့ ဒီအိမ်လေးမှာ နေရေး ထိုင်ရေး ရော အဆင်ပြေကြပါ့မလား။
ပြန်ခါနီးနှုတ်ဆက်တော့ ကလေးလေးတစ်ယောက် တာ့တာ ထွက်ပြတယ်။
နောက် အနှစ် ၂၀ ကျော်ကြာတဲ့အခါ ဒီကလေးလည်း ကိုယ့်လိုပဲ ဒီအိမ်လေးမှာနေခဲ့ရတဲ့ ဘဝထက် မြင့်မားတိုးတက်သွားတဲ့ ဘဝအခြေအနေတစ်ခုနဲ့ ဒီအိမ်လေးကို ပြန်လာကြည့်နိုင်ရင်ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ ………………………………………………….

ချစ်တဲ့
#NOe

စွန့်ဦးတီထွင် မျိုးရိုး

စကားမစပ် ကျုပ်ရဲ့ အမေဘက်က မျိုးနဲ့ရိုးနဲ့ကို အစဉ်အဆက် စွန့်ဦးတီထွင်တွေဗျ။
ခပ်ကြွားကြွားလေးပြောရရင်တော့ဗျာ ကျုပ်က စွန့်ဦးတီထွင် မျိုးရိုးရဲ့ အရိုက်အရာကို ဆက်ခံရမယ့် သူပေါ့။

ကျုပ်အမေကနေစပြောရရင်
သူ့အသက်ကလေး ၂၀ ကျော်မှာ သားသမီးတွေကို ရန်ကုန်မှာကျောင်းထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့ခေတ်သူ့အခါက မိန်းကလေးတိုင်းအားကျဖြစ်ချင်ခဲ့ရတဲ့ သူနာပြုဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ပြီး ရန်ကုန်မြို့ှုကြီးကို မိသားစုလိုက်ပြောင်းခဲ့တယ်။
ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အသက် ၂၀ ကျော်အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုဆုံးဖြတ်ခဲ့တဲ့ အခြေအနေမှာ အသိိုင်းအဝိုင်း ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု ၊ တားဆီးမှုတွေတော်တေ်ာလေးရှိခဲ့တာပါ။အဲဒီခေတ်က ဒီလိုအတွေးအခေါ်မျိုးနဲ့ ဒီလောက်ထိစွန့်စားဖို့ဆိုတာက တော်ရုံသတ္တိနဲ့တော့မရဘူးလေနော်။သူများတွေလို စီးပွားရှာဖို့ မဟုတ်ဘဲ သားသမီးပညာရေးအတွက် ရန်ကုန်ထိမိသားစုလိုက်ပြောင်းသွားတယ်ဆိုတာ ဒီနယ်မြို့လေးမှာ တော်တေ်ာလေးကို ဆန်းသစ်ပြီး ထူးခြား ဦးဖျားနေတဲ့ idea တစ်ခုပါ။
ရန်ကုန်ရောက်လာပြန်တော့လည်း သားသမီးတွေကို သူသူငါငါလို လူတန်းစေ့ ကျောင်းထားတယ်ဆိုရုံမဟုတ်ဘဲ နွေရာသီ အင်္ဂလိပ်ကျောင်း ၊ အနုပညာကျောင်း ၊ ဘင်ခရာ စတဲ့ အတွေ့အကြုံတွေလည်း ရအောင် သူလက်လှမ်းမီသလောက် တီထွင် ကြံဆခဲ့ရပါသေးတယ်။
သူ ဒီလိုကြိုးစားပြီး အားထုတ်ခဲ့ရတဲ့ သူ့ရဲ့ Product ဖြစ်တဲ့ ကျုပ်ကလည်း အထိုက်အလျောက်တစ်ခုရောက် ခရီးပေါက်ခဲ့တယ်ဆိုတော့ အခုဆိုရင် ဘာပဲပြောပြော ကျုပ်တို့နယ်မြို့လေး မိဘတွေဟာ သားသမီး ပညာရေးနဲ့ ပတ်သတ်ရင် ကျုပ်အမေကိုလာလာပြီး အနည်းနဲ့အများတော့ အလေးထားဆွေးနွေးတိုင်ပင်လာကြတာတွေရှိလာပါတယ်။

ကျုပ်အမေရဲ့ အဖေ၊ ကျုပ် အဖိုးဆိုရင်သူ့ခေတ်သူ့အခါ က သူ့နယ်မှာဆို တကယ်ကို စွန့်ဦးတီထွင်စစ်စစ်ကြီးပါ။
စျေးမရှိတဲ့ မြို့မှာ စျေးရအောင်တည်ခဲ့ ပြီး နယ်ခံကုန်သည်လူတန်းစားတစ်ရပ်ကိုပေါ်ပေါက်စေခဲ့သူ ၊ အထက်တန်းကျောင်းမရှိတဲ့မြို့မှာ အထက်တန်းကျောင်းရအောင်ဆောက်ခဲ့တဲ့သူ ၊လမ်းတွေဖောက်ခဲ့တဲ့သူ ၊တံတားတွေဆောက်ခဲ့တဲ့သူ ၊ရင်ကွဲသရက်သီး ၊ လက်ဖက် စတဲ့ အစားအစာတွေကို နယ်ခံတွေစားတတ်လာအောင် သင်ပေးခဲ့တဲ့သူ ဆက်ပြောရင်တော့ ဇာတ်လမ်းရှည်ကြီးမို့ ဒီလောက်နဲ့ တော်သေးပြီ။

ကျုပ်အဖိုးရဲ့ အဖေ ၊ ကျုပ်အဘိုးဆို ……………. တော်ပါပြီ ဆက်မပြောတော့ပါဘူး။ နိုင်ငံရေးတွေပါလာမှာစိုးလို့။

ဆိုလိုတာက လက်ရှိ ငနိုးသည် သူတိုနဲ့ယှဉ်ကြည့်ရင် သေးသေးလေးမှ တကယ့်သေးသေးလေး။

(တဖြေးဖြေးတိုးပွားကြီးမားလာတဲ့ တာဝန်တွေကြောင့် ဘဝင်မြင့်ချင်သလိုလိုဖြစ်နေ၍ နိဝါတောစ ဖြစ်အောင် ပြန်လည် ဆင်ခြင်မိခြင်းများ)

အသက်ကြီးလာသော အမေ


မနေ့ကမနက် ရေကူးပြီးပြန်လာတော့ အိမ်တံခါးခေါက်တာ တော်ရုံနဲ့ လာမဖွင့်လို့ စိတ်တိုလာတာနဲ့ အတွင်းတံခါးကို အားနဲ့ဆောင့်ဖွင့်လိုက်တော့ ဘုရားရှိခိုးရာကတံခါးဖွင့်ဖို့ ထ လာတဲ့ အမေ့ကိုလှမ်းတွေ့လိုက်တယ်။ အမေအရင်လိုမဟုတ်တော့ဘူး။ ကြမ်းပြင်ကိုလက်ထောက်ပြီး ထ ရ တဲ့ အရွယ်တောင်ရောက်လာပြီ။


ညဘက်အိမ်ပြန်ရောက်တော့ အိမ်ရှေ့ဆက်တီမှာ မှေးနေနဲ့ အမေ့ကို သတိထားကြည့်မိတယ်။ အမေ့ နဖူးက ဆံစတွေ တော်တော် ဖြူနေပြီ။
ဒီနေ့ လည်း သွားကိုက်နေတယ်တဲ့။ ဆေးခန်းသွားမယ်ဆိုတော့ မသွားချင်ဘူးတဲ့။အမေနဲ့နေ့လည်စာအတူစားရင်း “တခြားနေ့တွေဆို သူတစ်ယောက်တည်း ထမင်းစားရမှာပဲ”ဆိုပြီး တွေးမိလို့ ရင်ထဲမှာ ဆို့တက်လာတယ်။ သူ့ကြည့်ပြီး ဘာပြောလို့ပြောရမှန်းလည်း မသိတော့ဘူး။အမေတော်တော် အသက်ကြီးလာပါလား လို့ သတိထားမိတဲ့ မနေ့က စလို့ စိတ်ထဲမှာနေရတာတစ်မျိုးကြီးဖြစ်နေတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိဘူး။အလုပ်တွေကလည်း ရှိနေသေးတော့ အခုလောလောဆယ် လူက ရုံးမှာရောက်နေတယ်။ စိတ်ကတော့ အိမ်မှာ။ ညနေကျရင်တော့ အိမ်စောစောပြန်ချင်တယ်။

ကျေးဇူးတင်ပါတယ်ရှင့်

gg

ပထမ ဦးစွာ သက်ရှိထင်ရှားမရှိတော့ပေမယ့် သံသရာတစ်လျှောက်လုံးမှာ အဆင်ပြေပြေနေတတ်ထိုင်တတ်အောင် ဆောင်ရန် ရှောင်ရန်တွေကို လမ်းပြတော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့ အနန္တ ကျေးဇူးတရားတွေကို ဦးခိုက်ပါတယ်။
နောက်ပြီး ဒီအသက်အရွယ်ထိ လူဖြစ်အောင် မွေးခဲ့တဲ့ အမေ ၊
ကွယ်လွန်သွားပြီဖြစ်ပေမယ့်( သူ့အနေနဲ့ ဘယ်သူ ဘယ်ဝါရယ်လို့တောင်မသိတဲ့) နိုးတစ်ယောက် စိတ်ဓါတ်တွေကျပြီးအရာအားလုံးကို ရပ်တန့်လို့ ကျောခိုင်းလွှတ်ချလိုက်ချင်စိတ်တွေပေါ်လာတိုင်း ပြန်လည်စိတ်ဓာတ်တက်ကြွလာဖို့ နဲ့ ယုံကြည်ရာကို သတ္တိရှိရှိဆက်လျှောက်နိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ ပုံပြင်ကောင်းတွေ ချန်ထားပေးခဲ့တဲ့ Mr.Steve Jobs ၊
အလုပ်နဲ့ပတ်သတ်လာရင် နိုးဘာပြောပြော ခေါင်းညိတ်ပြီး အလိုလိုက်ပေးတတ်တဲ့ သူငယ်ချင်း Yoe Tha ၊
ပထမဆုံး “ဝ လုံး “သင်ပေးခဲ့ဆရာမ အစ လက်ရှိလေ့လာနေဆဲ ပညာရပ်တွေအထိ လမ်းပြပေးခဲ့တဲ့ ဆရာတွေအဆုံး သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ အားလုံး နဲ့
နိုးအပေါ်မှာ “ယပ်လေးတစ်ခတ် ၊ ရေအေးတစ်ခွက်” က အစ ကျေးဇူးရှိခဲ့ဖူးတဲ့ ကျေးဇူးရှင်အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းပါ။

မြန်မာ့ IT နယ်ပယ်ထဲက အမျိုးသမီးတွေကို (အထူးသဖြင့် Coding မရပေမယ့် နိုးလိုမျိုး ဒီ IT နယ်ပယ်ထဲမှာရပ်တည်ပြီး အသက်မွေးကြတဲ့ အမျိုးသမီးတွေကိုပါ) အခုလို အသိအမှတ်ပြုပေးတဲ့ Geek Girls Myanmar Community ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။

ဒီဆုကို နိုးရသွား တယ်ဆိုတာကလည်း အရမ်းကြီးကို အောင်မြင်ကျော်ကြားနေလို့မဟုတ်ဘဲ နိုး ကို ချစ်တဲ့သူတွေရဲ့ Voting တွေကြောင့် သာ ရခဲ့တာဖြစ်လို့ ဝိုင်းဝန်း အားပေးကြတဲ့ ချစ်မိတ်ဆွေ ၊ ဖိုးဖိုး ၊ ဖွားဖွား ၊ ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ ၊ မောင်လေး ၊ ညီမလေး ၊ သားသား ၊ မီးမီ တွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်မိပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ နိုးရဲ့ သံသရာခရီးဖော် သမုဒ္ဒယ သစ္စာရှင် ကို လည်း အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း…….

ငနိုးနှင့် E – Ticket

ဒီမနက်ကပေါ့ အမေက အဖွား နယ်ပြန်မှာမို့ လေယာဉ်လက်မှတ်ဝယ်ဖို့ မြို့ထဲသွားမယ်ပြောတော့
လျှာရှည်တဲ့ ငနိုူးတစ်ယောက် “ဒီလောက်ခေတ်ကြီးမှာ လေယာဉ်လက်မှတ်ဝယ်ဖို့များ မြို့ထဲသွားစရာမလိုပါဘူး။Online ကနေလုပ်လိုက်ရုံပဲ”လို့ အာချောင်မိတယ်လေ။
ကိုယ်တွေက IT နယ်ပယ်ထဲကလေ။ IT သုံးရင် ဘယ်လောက် လွယ်ကုူတယ်ဆိုတာ သက်သေပြချင်တာကိုး။

“အဲ့လို့ဆိုလည်း ပိုက်ဆံယူသွား။စနေနေ့ပြန်မယ့် လေယာဉ်လက်မှတ်ကို ဒီနေ့အရောက်လိုချင်တယ်”ဟု မယ်တော် မားသားကြီးက တစ်ချက်လွှတ် မိန့်တော်မူတယ်။

ရုံးရောက်တော့ ကွန်ပြုူတာလေးဖွင့် ဟိုရှာ ၊ ဒီရှာလုပ်ပြီး စျေးတွေလိုက်ကြည့်။ သဘောတွေကျပြီး အသက်သာဆုံးဆိုတာလေးကို ရွေးပြီး Booking လုပ်။
Payment လည်းကြည့်လိုက်တော့မှ “ငါ့ လခွမ်း ” Online Banking နဲ့မရဘူးဟ။1-Stop လည်းမရဘူး။ Master , Visa နဲ့ပဲရမယ်တဲ့။ ဒါမှမဟုတ် သူတို့ ရုံးချုပ်မှာ ငွေလာသွင်းရမယ်တဲ့။

“မှန်းစမ်း။ “Online Banking ရတဲ့ Airline တွေပြန်ကြည့် လိုက်ပြန်တော့လည်း စျေးက ထက်ဝက်မကပိုများနေတယ်။
ဟူး…………………………………

ဘာလုပ်ရမယ်မှန်းကို မသိတော့ ဘူး။ရုံးအတွက်သုံးတဲ့ Master ကတ်ကြီးကိုလည်း Personal အတွက်မသုံးချင်ဘူး။အလကားနေ စျေးပိုတွေလည်း မပေးချင်ဘူူးရယ်။

နေ့လည်ကျမှ သူတို့ရုံးမှာငွေသွားသွင်းပြီး ညဘက် အိမ်ပြန်ရောက်မှ “အမေရေ ။ ဟော့ဒီမှာ Online ကနေဝယ်တဲ့E Ticket ဆိုတာကြီးလေး”ဆိုပြီး ခပ်တည်တည်နဲ့ပေးလိုက်တော့မယ်။
လွယ်တော့မလွယ်ဘူး။ ဒါပေမယ့် ကြံတတ်ရတာပေါ့လေ။

ချောင်ချင်ဦးအာ။

ရှည်ချင်ဦး လျှာ။

Childhood Memo

နိုးဘဝတစ်လျှောက်လုံးမှာ မိဘကို ပူဆာခဲ့တာ လက်ချိုးရေလို့ရတယ်။

အဲ့ဒီထဲမှာ မှတ်မှတ်ရရကတော့

ဇာတိရခိုင်ကနေ ရန်ကုုန်ရောက်ရောက်ချင်း အသက် (၂) နှစ်ခွဲအရွယ်မှာ ကျောင်းတက်ချင်လို့ပူဆာခဲ့ဖူးတာပဲ။

အမေက စိတ်မချလို့

“ငယ်သေးတယ်”။

“ဗမာစကားမတတ်ဘဲကျောင်းတက်လို့မရဘူး။”

“နို့ဗူး မပြတ်သေးဘဲ ကျောင်းတက်လို့မရဘူး။”

စသဖြင့်စသဖြင့် အကြောင်းပြချက်မျိုးစုံပေးလည်း “ကျောင်းတက်ချင်တယ်”ပဲ။

ဦးလေးတွေက

“ကျောင်းမတက်ပါနဲ့ဦး အရုပ်တွေဝယ်ပေးမယ် / မုန့်တွေဝယ်ပေးမယ်”လို့

မက်လုံးတွေပေးလည်း “ကျောင်းတက်ချင်တယ်”ပဲ။

မရမက ပူဆာလွန်းလို့  အမေက နိုးကို တစ်ပတ်အတွင်း ဗမာစကားတတ်အောင်သင်ပြီး မူကြိုပို့ရပါလေရော။

အခုချိန်ထိ မှတ်မိနေသေးတယ်။

မိုင်လို အပြည့်ဖျော်ထည့်လာတဲ့ ဓါတ်ဗူးတစ်လုံးနဲ့ နို့ဗူးတစ်ဗူး။

(ထမင်းစားပြီးနဲ့ နေ့လည်းအိပ်ယာကနိုးရင် စို့ဖို့)

ထမင်းဗူးအပြာကြီး။ (အဲ့ထမင်းဗူးကရေဗူးအနီးကြီးနဲ့ တစ်ဆက်ထဲဗျ။)

ထမင်းဗူးထဲမှာ ကန်စွန်းရွက်ကြော်နဲ့ ကြက်ဥကြော်ပါတယ်။

မုန့်ဗူးတစ်ဗူး။ (ဘာပါလဲတော့ မမှတ်မိတော့ပါ)

အကျီင်္ အပိုတစ်စုံ ( ညနေရေချိုးပြီးရင် ၀တ်ဖို့)။

ပြီးတော့ ကျောပိုးအိတ်တစ်လုံး။

မြောက်ကြွ မြောက်ကြွနဲ့မူကြိုသွားတက်တာလေ။

မြေကြီးနဲ့ ခြေထောက်နဲ့မထိဘူး။

ကျောင်းတတ်ရတာ ဘယ်လောက်ပျော်နေလဲဆိုရင်

အမေပြန်ခါနီး တာ့တာ ပြတာတောင် လှည့်မကြည့်လို့

ဆရာမတစ်ယောက်က သတိလာပေးရတယ်။

ကောင်းတဲ့ဖက်ကတွေးရင်တော့ “ကျောင်းပျော်လေး”ပေါ့။

အမှန်တော့ ကိုယ်တွေက အဲ့အရွယ်ကတည်းက အိမ်မကပ်ချင်တဲ့ကောင်။

ဘာရယ်မဟုတ်ပါဘူး

Inside Out ကြည့်ပြီး Core Memory တွေ ပြန်ခေါ်ကြည့်တာ။