မိမိတို့ အိမ်ထောင်ကျပြီး ပထမဆုံးရန်ဖြစ်ကြတာ “ကက္ကတစ်ငါးဥကြော်တဲ့ကိစ္စ” ကစတာပဲ

မိမိတို့ အိမ်ထောင်ကျပြီး ပထမဆုံးရန်ဖြစ်ကြတာ “ကက္ကတစ်ငါးဥကြော်တဲ့ကိစ္စ” ကစတာပဲ။ကထွင်းက အဲလို ငါးဥကြော်မစားဖူးဘူး။ငါးဥမှမဟုတ်ပါဘူး။ငါးကြင်းနဲ့ ငါးသလဲထိုးကလွဲရင် ကျန်တဲ့ ရေသတ္တဝါတော်တော်များများသူမစားဖူးတာများတယ်။ပုစွန်တို့ ဂဏန်းတို့ဆိုလည်း သိပ်စားလေ့စားထမရှိဘူး။ဂုံးတို့ ခရုတို့ ကမာတို့ ရေခူတို့ ဘာညာသာရကာစမာကလာတွေဆို ဝေးရောပဲ။အသားဆိုလည်း ဝက်သားတစ်မျိုးလောက်ပဲစွဲစွဲမြဲမြဲစားခဲ့တာမျိုး။မိမိကကျတော့ ရေထဲကအကောင်ဆို ကျန်တာတွေအသာထား ရေပိုးကအစစားတာမျိုး။အသားဆိုလည်း ဆိတ် ၊ အမဲ ၊ ဘဲ ၊ ငှက် အကုန်စား။ပုရစ်လောက်တော့သနား… နွားချေးပိုးလည်းစားတယ် ။

အသီးအရွက်ဆိုလည်း ကထွင်းက ဂေါ်ဖီ ၊ ကန်စွန်းရွက် ၊ ချဉ်ပေါင် ၊ မုန်လာဥ၊ခရမ်းသီး … အဲလိုမြို့စာတွေလောက်ပဲစားတာ။မိမိက မြို့စာလည်းစားတယ်။လက်ပံပွင့်၊သခွပ်ပွင့် ၊ ဂွေးတောက်သီး ၊ သပွပ်သီး ၊ ငှက်ကြီးတောင် ၊ ကနဖော့ ၊ ငှက်ပျောဖူး ၊ ကင်းမုံသီး… အဲလိုတောစာတောင်စာတွေလည်းအရမ်းစားတယ်။နောက်တစ်ခုက ကထွင်းအတွက် ဟင်းထပ်တာဟာ ပြဿနာမဟုတ်ပေမယ့် မိမိအတွက်ကျတော့ ဟင်းထပ်တာဟာ မဟာပြဿနာတစ်ရပ်။ဥပမာ – ကထွင်းဟာ ဝက်အချိုချက်တစ်မျိုးတည်းကို တစ်ပတ်ထဲမှာ ၂ ရက် ၃ ရက်စားရလည်းအေးဆေး။မိမိကတော့ ချက်နည်းမတူရင်တောင် အသားတစ်မျိုးကို တစ်ပတ်တည်းမှာ ၂ ခါမစားနိုင်။ငါးနီတူ ရခိုင်သုပ်တို့ ၊ သင်္ဘောသီးရခိုင်သုပ်တို့ ၊ ရခိုင်ရှောက်သီးသုပ်တို့ကျ ကထွင်းကကြိုက်ပေမယ့် မိမိကမကြိုက်။(ငါးနီတူကိုဆို အနံ့တောင်မခံချင်။ မျက်ခွက်ဆိုမကြည့်ချင်)အဲ့တော့ ဘာလုပ်ရလဲဆိုတော့ ညှိရတယ်။“ဟင်းချက်တဲ့ကိစ္စလေးများဟယ်” ဆိုပြီး ပေါ့သေးသေးတော့မထင်နဲ့ ။ မိမိတို့ လင်မယားကြားမှာ ဒီကိစ္စက တော်တော်ညှိရတာ။၂ ယောက်လုံးက ချက်တတ်ပြုတ်တတ်ဖြစ်နေတော့ ပိုဆိုး။သူဆရာ ၊ ငါဆရာနဲ့ မီးဖိုချောင်မှာ ဗိုလ်လုပွဲ ခဏခဏကျင်းပခဲ့ကြရတာမျိုး။အခုတော့ တော်တော်လေးအဆင်ပြေပါတယ်။ကထွင်းလည်း ငါးတန်တွေ ၊ ငါးခူတွေတောင်စားတတ်လာပြီး ဂုံးတို့ ၊ ပုစွန်တို့ ၊ ကင်းမုံသီး ၊ သခွပ်ပွင့်တို့လည်း ကြိုက်သွားပြီ။ဂဏန်းလှော်တောင် စားတတ်နေပြီ။မိမိလည်း ဟင်းတစ်မယ်ကို (ချက်နည်းကွဲရင် )၁ ပတ် ၂ ခါလောက်တော့ စားနိုင်နေပြီ။သူချက်တဲ့ ပဲပြား ၊ ပိန်းဥ သက်သတ်လွတ်ဟင်းတို့ ၊ ဆီကျက်ခေါက်ဆွဲတို့ ၊ ခေါက်ဆွဲကြော် ဘာတို့ကတော့ မိမိရဲ့ favorite တွေပဲ။၂ ယောက်ပေါင်းပြီး ပေါင်မုန့်ဖုတ်လိုက် ၊ ကိတ်မုန့်ဖုတ်လိုက် ၊ ချာပါတီလုပ်လိုက်နဲ့ ဟန်ကိုကျလို့

သူငါးခေါင်းဟင်းမကြိုက်တာနဲ့ မိမိငါးနီတူမကြိုက်တဲ့ကိစ္စမျိုးကျ “ ကိုယ်ကြိုက် ၊ ကိုယ်ချက်၊ ကိုယ်စား“အနေနဲ့ ချွင်းချက်ပဲထားလိုက်တော့တယ်။လောကကြီးမှာ ဘယ်အရာမှ ၁၀၀% စံနှုန်းပြည့် အမြဲမရနိုင်ဘူးလေနော်။သူ့အကြိုက် ၊ ကိုယ့်အကြိုက်က အမြဲထပ်တူတော့ ဘယ်ကျပါ့မလဲလေ။တစ်ချို့ကိစ္စတွေမှာ မလိုအပ်ဘဲ ခေါင်းမာပြီး အတ္တတွေကြီးနေရင် မဖြစ်သင့်တာတွေဖြစ်ပြီး အကျိုးယုတ်သွားတတ်တာကိုး။လူတွေရဲ့ ဖြစ်တည်ရှင်သန်မှုမှာအခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးရဲ့ပထမဦးစားပေး “စား” ဆိုတဲ့ကိစ္စမှာတင်တကျက်ကျက်နဲ့ ခဏခဏထထသတ်နေကြရင်လည်းကိစ္စများမြောင် ဤလူ့ဘောင်မှာ၂ ယောက်အတူတွဲပြီးရှေ့လျှောက်ဘယ်လိုစခန်းသွားကြတော့မတုံး?၂ဦး ၂ဖက် ချစ်လို့ ကြိုက်လို့ အခက်အခဲတွေအများကြီးကိုရင်ဆိုင်ပြီးတောင် မိမိတို့သဘောဆန္ဒအရ ကိုယ်ထူကိုယ်ထမရရအောင်တည်ထောင်ခဲ့ကြရတဲ့ အိမ်ထောင်မို့ အစားတစ်လုတ်အတွက်နဲ့တော့ ရန်မများသင့်

။(ဒီကိစ္စနဲ့က ရန်ဖြစ်လို့ ဝ ပြီလေနော် )_

ပြောချင်တာက“ဟင်းချက်တဲ့ကိစ္စလေးများဟယ်” ဆိုပြီး ပေါ့သေးသေးတော့မထင်နဲ့ ။ မိမိတို့ လင်မယားကြားမှာ ဒီကိစ္စက တော်တော်ညှိရတာ။၂ ယောက်လုံးက ချက်တတ်ပြုတ်တတ်ဖြစ်နေတော့ ပိုဆိုး။သူဆရာ ၊ ငါဆရာနဲ့ မီးဖိုချောင်မှာ ဗိုလ်လုပွဲ ခဏခဏကျင်းပခဲ့ကြရတာမျိုး။

#Noe

အေးပေါ့….ရေချိုးနေရင်း ဖုန်းတို့ ကွန်ပျူတာတို့မှ သုံးမရတာ။

မိမိတို့လင်မယားဟာမနက်မိုးလင်းကနေ ညမိုးချုပ်ထိတွေ့နေရတာပါ။အလုပ်ကလည်း အတူတူဆိုတော့အခုလို Stay Home ကာလမှမဟုတ်ပါဘူးပုံမှန်နေ့ရက်တွေမှာလည်း တစ်ချိန်လုံးတွေ့နေရတာပါ။ဒီလောက်တွေ့နေရပေမယ့် ကထွင်းတို့က ပြောစရာရှိတာတွေကိုအခြားအချိန်မှာမပြောဘူး။မေးစရာရှိလည်း အခြားအချိန်မှာ မမေးဘူး။သူရေချိုးပြီဆိုရင် ရေချိုးနေရင်း အော်အော်ပြောတော့တာ။မေးစရာတွေရှိလည်း ရေချိုးနေရင်း လှမ်းလှမ်းမေးတော့တာပဲ။ရေပန်းသံနဲ့မို့ မိမိကသေချာမကြားလို့ ပြန်မဖြေရင်မဖြေမချင်း မေးနေတော့တာနော်။ဘာအကျင့်မှန်းကိုမသိ။တစ်သက်နဲ့တစ်ကိုယ်ရေချိုးရင်းသီချင်းလေးညည်းတာမျိုးပဲကြားဖူးတယ်။ကထွင်းကျမှ ရေချိုးရင်း အမေးအဖြေ ကဏ္ဍတွေရောဟောပြောရေးတွေရောအတွေးအမြင်ဖလှယ်တာတွေရော စုံပလုံစိနေတာပဲ။သူ့မျက်နှာဝက်ခြံပေါက်တဲ့ကိစ္စအစအလုပ်ကိစ္စတွေအလယ်အနတ္တစကြဝဠာအဆုံး အကြောင်းအရာအစုံကိုရေချိုးနေရင်း တရစပ်ပြောတာမျိုးနော်။ရေချိုးခန်းကထွက်တာနဲ့ ဘာမှမပြောတော့ပြန်ဘူး။ကိုယ်တွေမှာ သူရေချိုးပြီဆို ရေချိုးခန်းရှေ့ ငုတ်တုတ်ပဲ။အေးပေါ့….ရေချိုးနေရင်း ဖုန်းတို့ ကွန်ပျူတာတို့မှ သုံးမရတာ။

#NOe

မင်္ဂလာဆောင်ပြီး ၈ လကျော်မှ အိမ်ရောက်လာတဲ့ လက်ဖွဲ့

မင်္ဂလာဆောင်ပြီး ၈ လကျော်မှ အိမ်ရောက်လာတဲ့ လက်ဖွဲ့

အမှန်တော့ မင်္ဂလာမဆောင်ခင် ၁လခွဲကျော်ကတည်းကကို Kaung Sitt က မင်္ဂလာလက်ဖွဲ့အဖြစ်Asia Art Connect မှာကိုယ်တွေ ၂ ယောက်ကို model ထိုင်ပြီးပန်းချီအဆွဲခံဖို့ စီစဉ်ပေးခဲ့တာ။မင်္ဂလာဆောင်ကိစ္စတွေနဲ့ အရမ်းအလုပ်ရှုပ်သွားလို့ပန်းချီအဆွဲခံဖို့ကိစ္စကို ဘယ်လိုမှမရောက်လိုက်ဘူး။“မင်္ဂလာဆောင်ပြီးမှပဲ အေးအေးဆေးဆေးတစ်ရက် စီစဉ်ပြီး အဆွဲခံပါတော့မယ်” လို့ဆိုပြန်တော့လည်း အဲဒီမင်္ဂလာဆောင်ဝတ်စုံပြန်ဝတ်ရမှာ ၊ မိတ်ကပ်ပြင်ရဦးမှာတွေတွေးကြောက်ပြီး မဆွဲဖြစ်ပြန်ဘူး။အာ့နဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေရရင် ဓာတ်ပုံပေးပြီးပဲ ဆွဲလိုက်ပါတော့မယ် ဆိုပေမယ့် တကယ်တမ်းဓာတ်ပုံတွေရလာတော့ ဘယ်ပုံကိုဆွဲခိုင်းရမယ်ဆိုတာ ဝေခွဲမရပြန်ဘူး။နောက်ဆုံး ပန်းချီခန်းက ဖုန်းဆက်ပြီး Remind ခဏခဏလုပ်ရတဲ့အထိပဲ

တကယ်တော့ ကထွင်းနဲ့မစေ့စပ်ခင် ဟိုးသမီးရည်းစားဘဝကတည်းက၂ယောက်ပုံတူပန်းချီဆွဲချင်ခဲ့တာ။Pre Wedding တွေ ဘာတွေ ရိုက်ရမှာလည်း စိတ်မပါတော့ ပုံတူပန်းချီကောင်းကောင်းတစ်ကားသိပ်ဆွဲချင်ခဲ့တာမျိုး။စေ့စပ်ပြီး မင်္ဂလာမဆောင်ခင် တစ်နှစ်လောက်မှာ ပုံတူပန်းချီဆွဲဖို့လိုက်စုံစမ်းတော့ကိုယ်လိုချင်တဲ့ size နဲ့လက်ရာက အနည်းဆုံး ၁၅ သိန်းအထက်မှာချည်းပဲ။မျက်စိစုံမှိတ် ပိုက်ဆံအကုန်ခံပြီးဆွဲလိုက်ရင်ဆွဲဖြစ်သွားမှာဆိုပေသော်ငြားလည်းအဲ့လောက် Size ပန်းချီကားကြီးကိုသေချာ setting ချပြီး တခမ်းတနားထားနိုင်တဲ့အိမ်အနေအထားမျိုးကလည်း ကိုယ့်မှာမပိုင်သေးတဲ့ အခြေအနေမို့ လောလောဆယ်ထိတော့မဆွဲဖြစ်သေး။မဆွဲနိုင်သေး။ဆွဲဖြစ်အောင်/ဆွဲနိုင်တဲ့အခြေအနေရောက်အောင်တော့ကြိုးစားနေဆဲ။ပြောချင်တာက ဒီပန်းချီကားလက်ဆောင်ရလို့အရမ်းပျော်ပါတယ်။အရမ်းလည်း သဘောကျပါတယ်။

လက်ဖွဲ့တဲ့ ကိုကောင်းစစ်တို့ ဇနီးမောင်နှံကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ။ပန်းချီကား လမ်းကြုံယူလာပေးတဲ့ မစန္ဒီကိုလည်း ကျေးဇူးတင်ပါကြောင်း။

#NOe

“ကျွန်တော်က ခင်ဗျားနဲ့ပတ်သက်ပြီး တာဝန်ယူထားတာ”

“ကျွန်တော်က ခင်ဗျားနဲ့ပတ်သက်ပြီး တာဝန်ယူထားတာ”သမီးရည်းစား ဘဝတုန်းက ကထွင်း ဒီလိုပြောရင် အရမ်းစိတ်ဆိုးတာပဲ။တာဝန်ယူရအောင်သူနဲ့ကိုယ်နဲ့က သမီးရည်းစားဘဝမှာ ဘာမှလွန်လွန်ကျူးကျူးလည်းဖြစ်ထားကြတာမဟုတ်ဘူးလေ။နောက်ပြီး ငွေရေးကြေးရေးကအစ ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးတာ။ယုတ်စွဆုံး ဆိုင်ထိုင်မုန့်စား ဘာညာတောင် တစ်ယောက်တစ်ဝက်ရှင်းတာမျိုး။ဒီလောက် ကိုယ့်ကိစ္စကိုယ်ရှင်းနေတဲ့ မိမိကိုဘာကိစ္စနဲ့ ဒီ “ကျွန်တော်က ခင်ဗျားနဲ့ပတ်သက်ပြီး တာဝန်ယူထားတာ” ဆိုတဲ့စကား ခဏခဏပြောမှန်း အဲဒီတုန်းက စဉ်းစားမရဘူး။မင်္ဂလာမဆောင်ခင် တစ်ရက်အလိုထိ သူဒီစကားပြောလို့ စကားများမလိုဖြစ်ကြသေးတာ။အိမ်ထောင်ကျပြီး ၁ ပတ်အတွင်းမှာတော့ မိမိတော်တော်သဘောပေါက်သွားတယ်။အခုဆိုပိုသဘောပေါက်လာတယ်။ဟုတ်တယ်။တာဝန်ယူရတယ်။ကထွင်းနဲ့ ပတ်သက်တဲ့ စားရေး သောက်ရေး နေရေး ထိုင်ရေး တွေ မိမိတာဝန်ယူရတယ်။သူ့ကျန်းမာရေးကိုတာဝန်ယူရတယ်။သူ့ရဲ့စိတ်လုံခြုံမှုအတွက်တာဝန်ယူရတယ်။

သူ့ရဲ့နေ့စဉ်ဘဝကိုအတိုင်းအတာတစ်ခုထိတာဝန်ယူရတယ်။ဒီနေရာမှာ တာဝန်ယူတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ကျွေးမွေး လျှော်ဖွတ် ပြုစုယုယတာမျိုးကိုဆိုလိုတာမဟုတ်ဘူး။နေရာတကာ အစစအရာရာဝင်ရောက်စွက်ဖက်နှောင့်ယှက်တာမျိုးလည်းမဟုတ်ဘူး။သူ့ရဲ့ရှင်သန်နေထိုင်မှု အဆင်ပြေဖို့ ထည့်သွင်းစဉ်းစားစီစဉ်ဆောင်ရွက်ရတာမျိုးဖြစ်တယ်။ဥပမာ – ဆေးမသောက်ချင်တဲ့သူ့ကို အပူကန်ပြီး အာခေါင်မှာအပူဖုပေါက်နေတဲ့အခါ မန်ကျည်းသီးနဲ့ထန်းလျက်စိမ်တိုက်တာမျိုး။သူကိုယ်ပူပြီးဖျားတဲ့အခါ ညမအိပ်ဘဲစောင့်ကြည့်ရတာမျိုး။(၂ယောက်တည်းနေတာလေ။ကိုယ်မှမကြည့်ရင် ဘယ်သူကြည့်မလဲ?)ဒါဟာ ချစ်လို့ ၊ ကြိုက်လို့ လုပ်ပေးတယ် ဆိုတာထက် မိမိအတွက်တော့“တာဝန်ယူမှု”ဖြစ်တယ်။ဘယ်သူမှတာဝန်ပေးတာမဟုတ်ပေမယ့် ဘဝခရီးရှည်တစ်ခုကို ကိုယ်နဲ့အတူလျှောက်နေတဲ့ ခရီးဖော်အပေါ်မှာ ကိုယ့်အသိစိတ်နဲ့ကိုယ်ထားရှိတဲ့ တာဝန်ယူမှုဖြစ်တယ်။ရဲဖော်ရဲဖက်စိတ်ဖြစ်တယ်။မိမိကတော့ အိမ်ထောင်ကျပြီးမှ ဒါကိုသေချာနားလည်ပြီး ကထွင်းနဲ့ပတ်သက်သမျှတာဝန်ယူတတ်ခဲ့ပေမယ့် ကထွင်းကတော့ သမီးရည်းစားဘဝကတည်းကအခုထိတော့ မိမိနဲ့ပတ်သက်သမျှအကုန်တာဝန်ယူနေဆဲ… “ကျွန်တော်က ခင်ဗျားနဲ့ပတ်သက်ပြီး တာဝန်ယူထားတာ”သမီးရည်းစား ဘဝတုန်းက ကထွင်း ဒီလိုပြောရင် အရမ်းစိတ်ဆိုးတာပဲ။အခုတော့ … ကျေနပ်တယ်။အနည်းဆုံးတော့ “မိမိ ဘဝမှာတစ်လောကလုံးနဲ့ကိုယ်တစ်ယောက်သဘောထားတွေကွဲလွဲကြတဲ့အခါသူနဲ့အမြင်မတူရင်တောင်ကိုယ့်ဖက်ကရပ်မယ့်သူတစ်ယောက်ရှိနေသေးတယ်။” ဆိုတဲ့ အသိကြောင့် ကျေနပ်တယ်။(စိတ်အခန့်မသင့်တော့လည်း ရန်ထထဖြစ်ကြတာပေါ့

)#NOe

“လွမ်းစရာရှိရင် နာစရာနဲ့ဖြေ “

လူတွေကတော့ ပြောကြတယ် “လွမ်းစရာရှိရင် နာစရာနဲ့ဖြေ “ တဲ့။မိမိကတော့ သူနဲ့ပတ်သက်လို့ နာစရာရှိရင် လွမ်းစရာနဲ့ဖြေပစ်တယ်။ဟုတ်တယ်လေ။ချစ်တာတွေ ၊ ကြိုက်တာတွေ ခဏထား ။ကိုယ်တွေ ၂ ယောက်အတူရှိခဲ့ကြတဲ့ ကာလရှည်ကြီးမှာ အမှတ်မထင်ပြန်တွေးမိရုံလေးနဲ့တင် မျက်ရည်တွေဝဲရတဲ့အထိ ပျော်ရွှုင်ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေက မနည်းဘူးကို။ပြန်တွေးကြည့်ရင် လွမ်းစရာတွေပဲ။ဒီလိုပဲ စိတ်အခန့်မသင့်တဲ့အခါ ဒေါသနဲ့ ငြင်းကြ ခုန်ကြ အော်ကြ ဟစ်ကြ ငိုကြ ယိုကြနဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်ရတဲ့ အချိန်တွေလည်းမနည်းပါဘူး။ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းချင်းမတူတဲ့ လူ ၂ ယောက်ပေါင်းဖက်ကြတာမို့ အစစအရာရာ စိတ်သဘောထားတိုက်ဆိုင်တယ်ဆိုတာမျိုးတော့ ဘယ်ရှိပါ့မလဲ?ဒါပေမယ့် အစစအရာရာမှာ သူလည်းအမြဲမမှားသလို ကိုယ်လည်းအမြဲမမှန်ဘူး ဆိုတာလေးတော့ သေချာ သဘောပေါက်လက်ခံထားရင် အခြေအနေတွေကအမြဲတင်းမာမနေတော့ဘူးပေါ့လေ။လျော့သင့်တာလျော့ ၊ ဖြေသင့်တာဖြေနဲ့ ဒီလိုပဲ အဆင်ပြေအောင် ညှိယူကြရတာပဲ။ဥပမာ -မနေ့ကလို KFC ကို တမင် ၂ set မှာပြီး “ကြက်ကြော်စားမလား?”သွားမေးရတာမျိုး။

တကယ်တော့ “ကြက်ကြော်စားမလား?” ဆိုတဲ့စကားဟာ ပုံမှန်ဆို ဘာမှမဟုတ်ပေမယ့်အဲဒီအချိန်မှာ ဒီစကားတစ်ခွန်းထွက်လာဖို့ မိမိမာနတွေဘယ်လောက် နိမ့်ချလိုက်ရတယ်ဆိုတာ မိမိပဲသိတယ်။

လူဘဝဆိုတာ တိုတိုလေးရယ်။ဘယ်အချိန်မှာဘာတွေဖြစ်သွားမယ်ဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူး။နောင်တစ်ချိန် သူမရှိတော့တဲ့အခါမှ ကိုယ်ကယူကြုံးမရဖြစ်နေတာမျိုး (သို့မဟုတ်)ကိုယ်မရှိတော့တဲ့အခါမှ သူကယူကြုံးမရဖြစ်ရတာမျိုးတွေ မကြုံချင်ဘူးလေ။ဒေါသဟာမီးဖြစ်လို့ ပူလောင်စေတယ် ။မေတ္တာဟာ အေးမြတယ်တဲ့။“ရေများရေနိုင် ၊ မီးများမီးနိုင်” ဆိုတဲ့သဘာဝနဲ့လောကကြီးမှာ လောလောဆယ်တော့ မိမိတို့ ၂​ ယောက်ကြား မေတ္တာတရားဟာအားကောင်းနေသေးတယ်လို့ဆိုရမယ်။

လူတွေကတော့ ပြောကြတယ် “လွမ်းစရာရှိရင် နာစရာနဲ့ဖြေ “ တဲ့။မိမိကတော့ သူနဲ့ပတ်သက်လို့ နာစရာရှိရင် လွမ်းစရာနဲ့ဖြေပစ်တယ်။ဟုတ်တယ်လေ။ချစ်တာတွေ ၊ ကြိုက်တာတွေ ခဏထား ။ကိုယ်တွေ ၂ ယောက်အတူရှိခဲ့ကြတဲ့ ကာလရှည်ကြီးမှာ အမှတ်မထင်ပြန်တွေးမိရုံလေးနဲ့တင် မျက်ရည်တွေဝဲရတဲ့အထိ ပျော်ရွှုင်ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေက မနည်းဘူးကို။ပြန်တွေးကြည့်ရင် လွမ်းစရာတွေပဲ။

#NOe

“တစ်မိုးအောက်တည်းမှာ စိတ်ဝမ်းကွဲနေကြတဲ့အခါ”

“တစ်မိုးအောက်တည်းမှာ စိတ်ဝမ်းကွဲနေကြတဲ့အခါ”ပြီးခဲ့တဲ့ သောကြာနေ့ညက ကထွင်းနဲ့ မိမိ စကားများကြတယ်။အဲဒီနေ့ကတည်းက ဒီနေ့ညနေထိ မိမိတို့ ၂ ယောက်မခေါ်မပြောဖြစ်ကြဘူး။ဒီလို ၃ ရက်လောက်ထိမခေါ်မပြောဖြစ်တာဟာ ၉ နှစ်တာအတွင်း ဒါဟာ ပထမဆုံးဖြစ်တယ်။(ရန်ဖြစ်ပြီးပြီးချင်းရော ၊ ကြားထဲမှာပါ ကထွင်းက သဘောထားကြီးစွာ လာလာခေါ်ပါသေးတယ်။မိမိက စိတ်မကြည်တာနဲ့မခေါ်မပြောဘဲ ခပ်ချေချေနေပစ်လိုက်တာ။ဘာစကားမှကိုအပြောမခံတာ။)ဒီ ၃ ရက်လုံး မိမိက အခန်းအောင်းတယ်။(စနေနေ့ကတော့ ကိစ္စရှိလို့ ညနေပိုင်းအပြင်တစ်ချက်ထွက်လိုက်သေးတယ်။)ကြာသပတေးနေ့က Ma Sandi ဝယ်လာပေးတဲ့ စပျစ်သီးတစ်ဗူးမှလွဲ၍ ဘာမှမစားဘဲ ရေသောက်ဗိုက်မှောက်နေပစ်တာ။(အခုတော့ မျက်ကွင်းဟောက်ပက်ဖြစ်နေ။)သူကတော့ တစ်ယောက်တည်း ထမင်းဟင်းချက်လိုက် ၊ အိမ်အလုပ်လုပ်လိုက် ၊ ရုံးကိစ္စတွေလုပ်လိုက်နဲ့ ယောက်ယက်ကိုခတ်လို့။မိမိက ဒီတစ်ပတ် စျေးလည်းမသွားတော့ သူ့ခမျာရှိတဲ့ အခြောက်အခြမ်းတွေချက်ပြုတ်စားသောက်ရတာပေါ့။မိမိကလည်း သူချက်ထားတာတွေ သွားမစားချင်။မာနကြီးတယ်။ မရဘူး။အာ့ ဒီညနေရောက်တော့ ဗိုက်အရမ်းဆာလာလို့ Food Panda က KFC မှာတာ ဘယ်လိုလို့ ၂ set မှာဖြစ်သွားလဲ မသိပါဘူး။Delivery ရောက်လာတော့ တစ်ယောက်တည်းလည်း ကြက်ကြော် ၄ တုံးမစားနိုင်တာနဲ့ “ကြက်ကြော်စားမလား?” ဆိုပြီး မေးရာက ပြန်ပြေလည်သွားကြလေသတည်းပေါ့။ဘာကိစ္စနဲ့ရန်ဖြစ်ကြလဲ? တောင်သေချာမမှတ်မိချင်တော့

သေချာပြန်စဉ်းစားကြည့်တော့ ၂ ယောက်စလုံးအတွက်အကျိုးအမြတ်မရှိလှ။ပြေးကြည့်မှ ဒီ ၂ယောက်တည်းရှိကြတာရယ်။ဒီလိုမျိုး တစ်မိုးအောက်တည်းမှာ စိတ်ဝမ်းကွဲနေကြရင် သူလည်း စိတ်မကောင်းဖြစ်ရ ၊ ကိုယ်လည်း အစာမစားရ ။သူလည်းအဆင်မပြေ ၊ ကိုယ်လည်း ဗိုက်ဆာနဲ့ အဆင်မပြေလှဘူး။နောက်ဆို မိမိသတိထားရမယ်။အခုလို ရန်ဖြစ်ပြီး အခန်းတွင်းအောင်းရင်စားဖို့ ရိက္ခာတစ်ပတ်စာလောက် ဝယ်စုထားဦးမှပါလေ

#NOe

ကထွင်း အရင်လို ပုံမှန် တရားပြန်ထိုင်နေတာ ၃ ရက်လောက်ရှိပြီ

ကထွင်း အရင်လို ပုံမှန် တရားပြန်ထိုင်နေတာ ၃ ရက်လောက်ရှိပြီ။မိမိနဲ့စတွေ့တဲ့အချိန်မှာ သူကတစ်ရက်ကို အနည်းဆုံး ၁ နာရီတရားထိုင်နေကျ။သမီးရည်းစားတွေဖြစ်ကြပြီးနောက်ပိုင်း သူ့ကိုတရားမထိုင်ဖို့ မိမိ တောင်းဆိုခဲ့တယ်။စိတ်ခံစားချက်(မရှိသလောက်)နည်းပြီး အေးစက်တည်ငြိမ်လွန်းတဲ့အပြင် အရာရာကိုအကျိုးအကြောင်းအမြဲဆင်ခြင်သုံးသပ်နေတတ်သူတစ်ယောက်ကို ရည်းစားတော်ရတာဟာ အသက် ၂၀ ဝန်းကျင်အရွယ် မိမိအတွက် အဆင်မပြေလှဘူးလေ။မိမိက စိတ်လှုပ်ရှားစရာ ၊ အံ့ဩဖွယ်ရာတွေကိုပဲ အမြဲတောင့်တ မျှော်လင့်နေတတ်သူတစ်ယောက်ဖြစ်ခဲ့တာကို။မိမိ လက်တွဲဖော်ကိုလည်း မိမိလိုပဲ ဖြစ်စေချင်ခဲ့တာ။ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ဒီကြားထဲ သူတရားထိုင်မြဲပါပဲ။ဒါပေမယ့် အရင်လို အချိန်သတ်သတ်မှတ်မှတ်နဲ့တော့မဟုတ်တော့ဘူးပေါ့။အားရင် အားသလို ၊ အချိန်ရရင် ရသလို။အရင်ကလောက်တော့ အေးတိအေးစက်ကြီး မဟုတ်တော့ပေမယ့် စိတ်လှုပ်ရှားခြင်း ၊ အံ့ဩခြင်းတို့ကတော့ အခုထိ သူ့ဆီမှာ (မရှိသလောက်)တွေ့ရခဲနေဆဲ။ဥပမာသူ့ကို မွေးနေ့ Surprise တို့ဘာတို့ သွားလုပ်လို့မရ။ကိုယ်ဘယ်ဆိုင်က မွေးနေ့ကိတ်ဝယ်လာမလဲ ဆိုတာကအစသူတွက်ထားပြီးသား။

လွယ်လွယ်နဲ့ ဆေးထိုးလို့လည်းမရဘူး။ဟိုတစ်လောက မိမိသူငယ်ချင်းမတွေနဲ့ Night Out ထွက်တော့ သူငယ်ချင်းမတစ်ယောက်ကသူ့ကိုနောက်ချင်တာနဲ့ ဖုန်းခေါ်ပြီး “ကထွင်းရေ နိုးတော့အရမ်းမူးနေပြီ။ဘာညာ” ဆိုပြီး ညှောင့်တော့ ဘသားချောက “အဲလိုဆိုလည်း အစ်မတို့အိမ်မှာပဲ သိပ်ထားလိုက်တော့” တဲ့။လေသံကပုံမှန်ပဲ။ အေးဆေးပဲ။ရယ်ရယ်မောမောပဲ။ စိတ်ပူခြင်း။ ဒေါသထွက်ခြင်းအလျဉ်းမရှိလို့ သူငယ်ချင်းမတွေက အံ့ဩယူရတယ်။“ဟဲ့ နင့်လင်တော်မောင်က ဘယ့်နှာကြီးလဲ” ပေါ့။ဒီရက်ပိုင်းမှာ မိမိတို့ ၂ ယောက်လုံး အလုပ်အရမ်းများပြီး ကိုယ်ရောစိတ်ပါ အရမ်းပင်ပန်းကြတယ်။ကိုယ်ကျန်းမာရေးက အစားအသောက်အနေအထိုင်ဆင်ခြင်လိုက်ရင်အဆင်ပြေပေမယ့် စိတ်ကျန်းမာဖို့ကတော့ အချိန်လေးတစ်ခုသတ်မှတ်ပြီး ပုံမှန် တရားထိုင်မှကို အဆင်ပြေမယ့် အနေအထား။ပြောခဲ့ဖူးသလိုပါပဲ။မိမိတို့ အိမ်ထောင်ရေးဟာ ဝက်သားနဲ့မျှစ်ချဉ်ချက်သလိုပဲ။ဝက်သားနဲ့မျှစ်ချဉ်ချက်တဲ့အခါ မီးငွေ့ငွေ့လေးနဲ့ အချိန်ကြာကြာတည်ထားရင် ဝက်သားမှာ မျှစ်ချဉ်အရသာကူးလာပြီး မျှစ်ချဉ်မှာဝက်သားအရသာစွဲသွားသလိုပေါ့။ကိုယ်တွေ ၂ ယောက်အတူနေတာကြာလာတဲ့အခါ သူဟာကိုယ်နဲ့တူလာပြီး ကိုယ်ဟာသူနဲ့တူလာတော့တာပဲ။(တစ်ခါတစ်လေတော့ ရန်ထထဖြစ်ကြ)

#NOe

တကယ်တော့ မိမိဟာ ကလေးလိုချင်တာမှတစ်ပိုင်း( မကဘူး ၁၅ ပိုင်းလောက်တောင်)သေနေတာပါ

တကယ်တော့ မိမိဟာ ကလေးလိုချင်တာမှတစ်ပိုင်း( မကဘူး။၁၅ ပိုင်းလောက်တောင်)သေနေတာပါ။ဒါပေမယ့် ကိုယ့်အခြေအနေ ကိုယ်အသိဆုံး။ကလေးမယူခင် လုပ်စရာတွေကအများကြီးရှိနေသေးတာကိုး ။ဥပမာ – Master တန်းဝင်ခွင့် တစ်ခုခုအောင်ဖို့တို့။ဟိမဝန္တာဖက်ခရီးရှည်ထွက်ဖို့တို့။ပိုက်ဆံလည်း လောက်လောက် လားလားရှာချင်သေး။အလုပ်ကလည်း အခုမှ လုပ်မယ်ကြံကာရှိသေးကို။အိမ်ထောင်ပြုဖို့တောင် ၉ နှစ်လောက်အချိန်ယူခဲ့ရတာလေ။အခုလို ကိုယ့်အကြောင်းပြုပြီး လူဖြစ်လာမယ် ပုဂ္ဂိုလ်တွေကို လူ့လောကထဲခေါ်သွင်းဖို့ဆိုတာကတော့ တော်တော်ကြီး (မိမိအတွက်က)တော်တော်တာဝန်ကြီးတာမို့ အချိန်ယူသင့်တယ်လေနော် ။အခုမှ မင်္ဂလာဆောင်ပြီးတာတောင် ၁ နှစ်မပြည့်သေးတာကို။ဒီတော့ပြောချင်တာက … ကလေးမမွေးမှာကို မစိုးရိမ်ကြပါနဲ့။(မိမိလို သိုးမည်းတစ်ကောင် အနေနဲ့ ဒီလောက ကြီးကို အကောင်းဆုံး ပြန်လုပ်ပေးနိုင်တာကလည်း ကလေးတွေကောင်းကောင်း မွေးပြီးထားခြင်းပါပဲ။

မွေးချိန်တန်ရင်မွေးမှာပါ။နည်းနည်းတော့ စိတ်ရှည်ရှည် စောင့်ကြပါဦးလို့နော်

#NOe

ယနေ့ အထူးစပယ်ရှယ် ငါးခေါင်းဟင်း

ငါးခေါင်းစားချင်လို့တာစူနေတာ ရက်ပေါင်း ၆ ထောင်လောက်တောင်ရှိတော့မယ်။

မအားတာရယ်။စားဖို့ အဖော်မရှိတာရယ်။(ယူထားတဲ့ လင်က “ငါးခေါင်းမစား၊အင်းစိန်သား”လေ

စားချင်တဲ့ငါးခေါင်းမတွေ့တာရယ်။ …. နဲ့ အကြောင်းမတိုက်ဆိုင်ဘူးဖြစ်နေတာ။တစ်နေ့က သူငယ်ချင်းမတစ်ယောက်နဲ့စကားစပ်မိရင်းက “ငါးခေါင်းချက်ပါလား။စားချင်လို့” ဆိုလာတော့ ငနိုးတစ်ယောက် ရေငတ်တုန်းရေတွင်းထဲကျဆိုသလို နှလုံးပီတိဂွမ်းဆီထိသို့ ပျော်ရွှင်သွားတာ။ဒီပိတ်ရက် ဖြစ်အောင်ချက်မယ်ပေါ့။မနေ့ကစျေးသွားတာနောက်ကျတော့ ဘာငါးခေါင်းမှမရလိုက်ဘူး။ဒီနေ့က နည်းနည်းစောစောသွားပေမယ့် ကိုယ်စားချင်တဲ့ ပင်လယ်ငါးခူခေါင်းမရှိဘူး။(မိမိအတွက်က ငါးခေါင်းတကာ့ငါးခေါင်းတွေထဲ ပင်လယ်ငါးခူခေါင်းသာ အကောင်းဆုံးပဲ)အစ်နေ့နဲ့ လပြည့်ညှပ်သွားတော့ အသား ငါးသည်တော်တော်ရှား။ဟိုရှာဒီရှာနဲ့ စျေးနည်းနည်းပတ်လိုက်တော့ ငါးရောင်ခေါင်းတစ်ခေါင်းရတယ်။၅၀ သားကျော်၊ ၆၀ သားနီးပါး ပဲရှိတာဆိုတော့ တော်တော်သေးတယ်ပြောရမယ်။ငါးခေါင်းဟင်းချက်ရင် အနည်းဆုံး ၁ ပိဿာကျခေါင်းလောက်မှအဆင်ပြေတာ။နို့မို့ရင် စားလို့သိပ်မကောင်းချင်။ဒါပေမယ့်လည်းမတတ်နိုင်ဘူး။ဒီနေ့ သီတာစျေးမှာ ဒီခေါင်းအကြီးဆုံးပဲ။အာ့နဲ့ ကက္ကတစ်ခေါင်းတစ်ခေါင်းပါထပ်ဝယ်လိုက်တော့ အားလုံးပေါင်း ၈၀ သားကျော်ကျော်ဖြစ်သွား။နောက်ထပ် ပဲပြားကို ကြော်ပြီးရှောက်ရွက်ကလေးနဲ့ သုပ်မယ်။ကန်စွန်းရွက်ကြော်မယ်။ငရုတ်သီးစိမ်းလေးတွေလှော်ထောင်းပြီးသံပုရာသီးညှစ်မယ်။ပူတီနာနဲ့ ပဲသီးပြုတ်တို့မယ်။ကဲ …. ငါးခေါင်းဟင်းတော့ ချက်ပြီးပြီ။အင်းစိန်သားနဲ့ရန်ဖြစ်ဖို့ပဲကျန်တော့တယ် ။

#NOe

ရန်ဖြစ်ကြပါတယ်

မှတ်မှတ်ရရပြောရရင် အိမ်ထောင်သက် ၁ လပြည့်ဖို့ ၁ ရက်အလိုမှာ ပထမဆုံးရန်ဖြစ်ကြတယ်။ငါးဥကြော်တဲ့ကိစ္စကစဖြစ်ကြတာပါ။အခုနောက်ဆုံးရန်ဖြစ်ထားတာလည်း ၁ ပတ်မပြည့်သေးပါဘူး။မီးဖိုချောင်သန့်ရှင်းရေးလုပ်ပြီး ရေမခြောက်တဲ့ကိစ္စနဲ့ဖြစ်ကြတာပါ။ကြားထဲမှာလည်း ငါးခေါင်းဟင်းချက်တဲ့ကိစ္စ ၊ ည ၂ နာရီလောက်ကြီး ကထွင်းကို ငရုတ်သီးညှော်တိုက်ပြီး မိမိ ခေါက်ဆွဲထသုပ်စားတဲ့ကိစ္စ ၊ ထမင်းမကုန်တဲ့ကိစ္စ … စတဲ့ ကိစ္စအဝဝနဲ့ ရန်ဖြစ်ကြတာတွေလည်းရှိပါတယ်။ရန်ဖြစ်ပြီးရင် ၂ ရက်မကြာပြန်ပြန်တည့်သွားပြီး အရင်အတိုင်းပြန်လည်ပတ်သွားတာပါပဲ။ ဒါကလည်းအမှန်အတိုင်းပြောရရင် ကထွင်းကြောင့်ပဲ။မိမိတို့ ၂ ယောက်ကြား ငြိမ်းချမ်းရေးဘယ်လိုတည်ဆောက်ရမလဲဆိုတာ သူကောင်းကောင်းနားလည်တယ်။(လူလည်ကြီးပါ။

ငနိုးမှားတဲ့အခါ သူခွင့်လွှတ်ဖို့ဝန်မလေးသလိုသူလွန်တဲ့အခါတွေလည်း ပြေလည်ရာပြေလည်ကြောင်း စပြောဖို့ ဘယ်တော့မှဝန်မလေးဘူး။အဓိကကတော့မိမိကမာနကြီးတယ်။ကထွင်းကဒေါသကြီးတယ်။(ကထွင်းက ခဏခဏ ဒေါထွက်တတ်တဲ့သူမဟုတ်ပေမယ့် အခန့်မသင့်ရင် ဒေါသအရမ်းကြီးပါတယ်။)အတ္တကတော့ ၂ ယောက်စလုံးကြီးတယ်။ရန်ဖြစ်ရင် ၂ ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မနာနာအောင် အပြန်အလှန်အသားကုန်တွေအော်အော်ပြောကြတာ နားတွေအူရတဲ့အထိပါပဲ။(လက်တွေ ၊ ခြေတွေတော့မပါကြဘူး။ဒီအတိုင်းအလွတ်အော်နေကြတာ။)အရမ်းဆိုးလာရင်မိမိရဲ့ဒေါသနောက်ဆုံးအဆင့်ဟာ ဘာစကားမှအပြောမခံတော့ဘဲ တိတ်နေလိုက်တာဖြစ်ပြီး (အရင်ကဆို ကားတွေပတ်မောင်းနေတာ) ၊ သူ့ရဲ့ဒေါသနောက်ဆုံးအဆင့်က ဗြောက်အိုးဖောက်သလိုစကားတွေ ကရားရေသွန် ဝူးဝူးဝါးဝါးပြောနေခြင်းဖြစ်တယ်။(သူ့ဟာနဲ့သူတော့ဟုတ်နေတာပါပဲ။

ဘယ်လောက်ပဲဒေါသထွက်တယ်ပြောပြောတိုက်ပွဲအချိန် အစအဆုံးဟာ ၂ နာရီထက်မပိုဘူး။အရာရာငြိမ်သက်သွားတဲ့အခါ ကထွင်းက “နိုး ကျွန်တော်စကားပြောချင်တယ်။၅ မိနစ်ပဲအချိန်ပေးပါ” ဆိုတာနဲ့စလိမ့်မယ်။မိမိကနည်းနည်းမူနေရင်(သို့မဟုတ်) ဒေါသမပြေသေးရင် ၅ မိနစ်ကနေတဖြည်းဖြည်း ၄ မိနစ် ၊ ၃ မိနစ် အစရှိသည်သူစျေးဆစ်မယ်။“ဘာပြောမှာလဲပြော” လို့ဆိုရင် “ကျွန်တော့်ကိုကြည့်ပါ၊ မျက်လုံးချင်းဆုံပြောချင်တာ ၊ လာပါနိုးရယ်… ခဏလေးပါပဲ။ မျက်လုံးချင်းဆုံပြီးစကားပြောရအောင် ဘာညာ သာရကာ ဘလာဘလာဘလာ …..”မိမိ ငိုလိုက် ရီလိုက်နဲ့ ၂ နာရီ ၊ ၃ နာရီလောက်စကားပြောပြီးရင်အရာရာ ပြန်အဆင်ပြေ ….အပြင်ထွက်ပြီးမုန့်စားရင် စား ဒါမှမဟုတ်အိမ်မှာတစ်ခုခုချက်စားကြပြီးရင်ရုပ်ရှင်ကြည့်ကြနဲ့ ရန်ဖြစ်ထားကြတာကိုယ်တွေမဟုတ်တော့တဲ့အချိုးတွေနဲ့(မျက်နှာပြောင်ကြတာ

နောက်ကြုံတော့လည်း ရန်ထပ်ဖြစ် ….

အိမ်း … ဘယ်လိုပဲဖြစ်ဖြစ်ပါဘဝလက်တွဲဖော်ဆိုတာတစ်လောကလုံးနဲ့ကိုယ်တစ်ယောက်သဘောထားချင်းတွေကွဲလွဲတဲ့အခါ(သူနဲ့အမြင်မတူရင်တောင်)ကိုယ့်ဖက်ကရပ်မယ့်သူပဲလေ။ဪ… သမုဒယ တွေ။#NOe