ဒါ သခွပ်ပွင့်သုပ်ပါ။

ဒါ သခွပ်ပွင့်သုပ်ပါ။ငယ်ငယ်တုန်းက ကျောင်းထမင်းချိုင့်မှာ “သခွပ်ပွင့်သုပ်” ပါလာရင် ထမင်းအတူစားတဲ့သူငယ်ချင်းတွေက “ဟဲ့… ဘာဟင်းကြီးလဲ?” လို့ တအံ့တဩမေးကြတာ ခဏခဏခံရတယ်။အိမ်ထောင်ကျပြီးတော့ ပထမဆုံး သခွပ်ပွင့်တွေသုပ်တုန်းကလည်း ကထွင်းတစ်ယောက်အူကြောင်ကြောင်နဲ့ ။သူမှမစားဖူးတာ။စားဖူးသွားတော့လည်း ကြိုက်သွားတာပဲ။အခုလည်း သူစားချင်တယ်ဆိုလို့ ချက်ချင်းထသုပ်လိုက်တာပါ။သခွပ်ပွင့်ခြောက်ကိုပြုတ်ကန်စွန်းရွက်ကိုရေနွေးဖျောပြီးတော့ ကတ်ကြေးလေးနဲ့ညှပ်။ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ၊ နနွင်း ၊ ပုစွန်ခြောက်နဲ့ငပိကိုထောင်းပြီး နနွင်းလေးနဲ့ဆီသတ်။အားလုံးရောပြီး သံပုရာသီးလေးညှစ်သုပ်။ကြက်သွန်ကြော်နဲ့ နှမ်းအမဲလေးဖြူး။ငရုတ်သီးခြောက်ကြော်လေးကိုက်ကိုက်ပြီးစားရင်သိပ်ကောင်း။(မိမိကတော့ ငရုတ်သီးခြောက်ကြော်ဖို့မေ့သွားလို့

😬

)ဒါ သခွပ်ပွင့်သုပ်ပါ။#NOe

အိမ်ထောင်သက်၁နှစ်မပြည့်ခင်ငပိ၁ပိဿာကုန်သွား

ငနိုးတို့ ငယ်ငယ်တုန်းက အိမ်မှာ ငပိတွေကို စဉ့်အိုးလေးတစ်လုံးထဲ သိပ်ပြီး သိမ်းတယ်။စဉ့်အိုးလေးက ချစ်စရာလေးရယ်။အဲဒီစဉ့်အိုးလေးထဲငပိသိပ်တာ ငနိုးတာဝန်။ရခိုင်က ငပိတွေအသစ်ရောက်ပြီဆို စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်တစ်ရက်ရက်မှာ အင်္ဂလိပ်စာကျောင်းနဲ့ ကျူရှင်ချိန်တွေပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါ ငနိုးလေးဟာ အမေနဲ့အတူ ငပိသိပ်ဖို့ပြင်ဆင်ရတယ်။အိမ်နေရင်းထဲက အစုတ်ဆုံးကိုရွေးဝတ် ၊ ဆံပင်တိုလေးဆိုပေမယ့် ရှေ့ဆံပင်တွေကျမှစိုးလို့ ကလစ်တွေနဲ့သေချာသိမ်းပြီးရင် အမေသေချာဆေးကြောနေလှန်းထားတဲ့ စဉ့်အိုးလေးထဲမှာ ငပိတွေစသိပ်ရတယ်။ ငပိထုပ်ထဲက ငပိလက်တစ်ဆုပ်စာလောက်ယူ စဉ့်အိုးလေးထဲ လက်မလေးနဲ့ သေသေချာချာဖိဖိထည့်ပြီး ငပိတွေကို သိပ်ရတယ်။ငနိုးက လက်သီးနဲ့ပါ အဆစ်ထိုးသေးတာ။ငပိသိပ်တဲ့နေရာမှာ လေမခိုဖို့က အဓိကမလား ?ငပိတစ်ခါသိပ်ရင် အနည်းဆုံး ၄ ပိဿာအထက်မှာရှိတယ်။(အိမ်မှာက လူများတဲ့အပြင် ဆွမ်းချိုင့်တွေကလည်းများတာကို။ဒီကြားထဲဟင်းချက်ပြီး အရပ်ဝေတာတို့ ၊ အိမ်မှာ အလှူလုပ်တာတို့ ဘာတို့ကလည်းရှိသေးတာ။)ငပိသိပ်ပြီးရင် ငနိုးလေးဟာ ရေချိုးပေတော့ပဲ။ခေါင်းပါတစ်ခါတည်းလျှော်ရတာ။ငပိနံ့တွေရော ချွေးနံ့တွေရောမို့ ဆပ်ပြာ အနည်းဆုံး ၃-၄ခါ လောက်တောင် တိုက်ယူရတယ်။ရေချိုးပြီးရင် ထမင်းစားတယ်။ပြီးရင် တစ်ရေးတစ်မော အိပ်ပြီပဲ။အရမ်းပင်ပန်းတာကို။အဲဒါ ငနိုး ၆ တန်းလောက်ထိ နှစ်တိုင်းလုပ်ခဲ့ရတာ။နောက်ပိုင်း အိမ်ပြောင်းရင်း အဲဒီ ငပိအိုးလေးကွဲသွားတော့ အမေက စဉ့်အိုးအသစ်ထပ်မဝယ်တော့ဘူး။ရခိုင်ကလည်း ငပိကို အရင်လို ပလပ်စတစ်အိတ်နဲ့ထုတ် ၊ ဖက်တွေပတ်ပြီးမပို့တော့ဘဲ ငပိ ၁ ပိဿာဝင် ပလတ်စတစ်ဘူးတွေနဲ့ တစ်ခါတည်းသိပ်သိပ်ပြီးပဲပို့တော့တယ်။အဆင်ပြေတယ်လို့ထင်ရပေမယ့် မိမိအတွက်တော့အဆင်မပြေဘူး။ငပိဆိုရင် စဉ့်အိုးလေးနဲ့ပဲသိမ်းချင်နေတုန်း

လောလောဆယ်တော့အိမ်မှာက ငပိတွေကိုရခိုင်က အဖွားပို့ပေးလိုက်တဲ့အတိုင်းပလတ်စတစ်ဘူးနဲ့ပဲ သုံးနေတုန်း။အခြေအနေပေးတဲ့ တစ်နေ့ စဉ့်အိုးကောင်းကောင်းလေးတစ်လုံးသွားရှာဝယ်ပြီး ငပိသိပ်ဦးမယ်။မောင်ကိုဦးတို့ မွေးလာရင်လည်း စဉ့်အိုးလေးနဲ့ ငပိသိပ်ဖို့ သင်ပေးဦးမယ်။ရိုးရာဟင်းချက်ပစ္စည်းတွေကိုမိရိုးဖလာ ရိုးရာနည်းအတိုင်း သိမ်းတာကအကောင်းဆုံးပဲမလား ?#NOe

“ထမင်းဟင်းချက်တာ ဘယ်ကတတ်လဲ?”

“ထမင်းဟင်းချက်တာ ဘယ်ကတတ်လဲ?”လို့မေးရင်“အမေ့ဆီက တတ်တာ” လို့ဖြေရမယ်။(၅၀% နှုန်းပေါ့။)အမေဟာ သိပ်ကိုဟင်းချက်ကောင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။နောက်ပြီး ဘယ်ရာသီဥတုမှာ ဘာအစာကိုစားသင့်တယ် ၊ဘယ်အစားအစာကို ဘယ်လိုချက်ပြီး ဘာလေးနဲ့တွဲစားရင် ပိုလိုက်ဖက်တယ်၊(Nurse လည်းလုပ်ခဲ့တော့)ဘယ်အစားအစာမှာ ဘာအာဟာရဓာတ်တွေပါတယ် … ဆိုတာမျိုးတွေကအစ စစ်စစ်ပေါက်ပေါက် သိတဲ့အမျိုးသမီးပါ။ဥပမာ – ငနိုးတို့ ငယ်ငယ်က မိုးတွင်းရောက်ပြီဆို ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်နီအစိမ်းတွေကျွေးတယ်။ဒီအတိုင်းဆိုမစားမှာစိုးလို့ သခွါးသီးကို ပါးပါးလှီး ၊ သံပုရာသီးလေးတွေညှစ်ပြီး ကြက်သွန်နီနဲ့သုပ်ကျွေးတာမျိုး။နောက်ပြီး ကြောင်လျာသီးတို့ ၊ ကြက်ဟင်းခါးသီးတို့လို အခါးတွေဆိုလည်း ငယ်ငယ်ကတည်းက စားကျင့်ရှိအောင် မျိုးစုံကို ချက်ကျွေးတာ။အစားစုံစားတော့ ငနိုးတို့ အိမ်မှာ ဘယ်သူမှ အားဆေးစွဲသောက်စရာမလိုဘူး။တော်ရုံလောက်ဆို ဖျားတာ ၊ နာတာလည်း သိပ်မဖြစ်ကြဘူး။နေမကောင်းဖြစ်လည်း အမေက အစားပဲဝင်အောင်ကျွေးတယ်။

အမေ့စကားနဲ့ပြောရရင် “ဆေးသောက်မယ့်ပိုက်ဆံကို အစားပဲစားလိုက်မယ်” ဆိုတာမျိုးပေါ့။အဲလို အမေနဲ့ကြီးပြင်းလာတာမို့ ငနိုးက ငယ်ငယ်ကတည်းက ချက်တာပြုတ်တာနဲ့သိပ်မစိမ်းဘူး။လူမှန်းသိတတ်စကတည်းက ကြက်သွန်ခွါ ၊ ငရုတ်သီးထောင်း ၊ ဟင်းရွက်သင်၊ ဆန်ဆေး ဘာညာတောက်တိုလောက်ကလုပ်တတ်နေပြီ။ကစားစရာထဲမှာလည်း အများဆုံးက အိုးပုတ်ပဲ။မြေအိုးပုတ်နဲ့ စဉ့်အိုးပုတ်လေးတွေ ပလက်စတစ်ခြင်းကြီးနဲ့ ၂ ခြင်းတောင်ရှိခဲ့တာ။မိမိ ၇ တန်းလောက်မှာ အမေက မိမိမသိအောင် သွားလွှင့်ပစ်လိုက်လို့ တော်တော် ငိုလိုက်ရသေးတယ်။

မှတ်မှတ်ရရ ၈တန်းမှာ (အမေဗိုက်ကြီးတော့ စိတ်ဆိုးနေတုန်း)အဖွားဆီက ပိုက်ဆံတောင်းပြီး ကိုယ်တိုင်စျေးဝယ် ချက်စားဖူးတယ်။(အဲဒီတုန်းက ငါးပြေမစားချင်လို့စျေးသွားဝယ်တာ စျေးသည်က တီလားဗီးယားကို ငါးပြေမပါဆိုပြီးလိမ်ရောင်းလိုက်တယ်။အိမ်ရောက်တော့ အဖွားက “ငါ့မြေးရယ် သမီးဟာက ငါးပြေမ မဟုတ်ဘူး။တီလားဗီယားကြီး” ဆိုလို့ ကိုယ်မှာ ဈေးသည်ကို ဒေါသတွေထွက်ပြီး မျက်ရည်စက်လက်နဲ့ ငါးဟင်းချက်စားခဲ့ရတာက အမှတ်တရပဲ

အသက်အရွယ်ရလာတော့ ကိုယ့်ဟာကိုယ်လက်တည့်စမ်းပြီးချက်ကြည့်တယ်။ကောင်းတာလည်းရှိသလို ၊ မကောင်းတာလည်းရှိတယ်။YouTube က ဟင်းချက် Video တွေလိုက်ကြည့်တယ်။(Master Chef Myanmar တော့မကြည့်ဘူး

အဓိကကတော့ ဟင်းချက်ရင် ခေါင်းသုံးပြီး နှလုံးသားနဲ့ချက်တာပဲ။

မိမိအတွက်တော့ ဟင်းချက်ခြင်းဟာ “ကမ္ဘာဦးကတည်းက လူသားတွေနဲ့အတူဖြစ်တည်လာခဲ့တဲ့ အနုပညာတစ်ရပ်” လို့ခံယူထားတယ်။အမေကလည်း ပြောဖူးတယ်။“လူတိုင်း ဟင်းချက်တတ်ကြတယ်။”တဲ့။ဒါပေမယ့် မိမိကိုတော့“ထမင်းဟင်းချက်တာ ဘယ်ကတတ်လဲ?”လို့မေးရင်“အမေ့ဆီက တတ်တာ” လို့ဖြေရမယ်။

#NOe

စျေးသွားရင် နိုးက အခုလို ဗူးလေးတွေ ယူသွားဖြစ်တယ်

စျေးသွားရင် အခုလို ဗူးလေးတွေ ယူသွားဖြစ်တယ်။သဘာဝပတ်ဝန်းကျင် ကို ဂရုစိုက်လွန်းလို့ဆိုတာထက် အသား ၊ ငါးတွေက ကြွတ်ကြွတ်အိတ်နဲ့ဆို အဆင်မပြေလို့။ဥပမာ – ပုစွန်လိုဟာမျိုးဆို ခေါင်းက အစူးတွေက အိတ်ကိုဖောက်တော့ ခြင်းထဲမှာ ပုစွန်အရည်တွေ စီးကျကုန်တာမျိုး။- ငါးတန်လို အသားပျော့တဲ့ ငါးတွေအရင်ဝယ်မိတဲ့အခါ သူ့အပေါ်မှာ အခြားပစ္စည်းတွေနဲ့ဖိမိသွားရင် ငါးအသားတွေနာသွားတာမျိုး။- အမဲသားတွေလိုအသားမာတဲ့ဟာတွေလည်း ကြွတ်ကြွတ်အိတ်နဲ့ဆို အပေါ်ကအဖိခံရရင် အသားထဲကအရည်တွေထွက် ၊ အဲ့အရည်တွေက ခြင်းထဲမှာထပ်ပွ။အဲလိုမျိုး ဒုက္ခတွေကို မခံစားချင်လို့ အခုလိုဗူးလေးတွေနဲ့ပဲဝယ်ဖြစ်တယ်။အသားငါးတင်မက ပဲပြားတို့ ၊ ပဲကြီးတို့ ဘာတို့ဝယ်လည်း ဒီလိုဗူးလေးနဲ့ပဲထည့်လာခဲ့တယ်။သီတာဈေးက မိမိဝယ်နေကျ ဈေးသည်တွေဆိုသိနေကြပြီ။”ဗူးလေးတွေ နဲ့ဝယ်တဲ့ အစ်မကြီး” ဆိုပြီး။တစ်ချို့က”အိမ်ရောက်ရင် ရေခဲသေတ္တာထဲတန်းထည့်ရုံပဲပေါ့” ဆိုပြီးပြောကြသေးတာ။အမှန်တော့ ဗူးနဲ့ပဲ ဝယ်ဝယ် ၊ အိတ်နဲ့ပဲဝယ်ဝယ် ရေခဲသေတ္တာထဲထည့်မယ်ဆို အိမ်ရောက်ရင် အကုန်ပြန်ဆေး ၊ ပြန်ကိုင်ရတာပါပဲ။ပုစွန်တို့ ၊ ငါးသေးသေးလေးတို့ပါတဲ့နေ့ဆိုပိုဆိုး။အခွံချွတ်ရတာနဲ့ ၊ ငါးလေးတွေခေါင်းချိုးရတာနဲ့။အသားတွေဆိုလည်း မထူးပါဘူး။ဆားနဲ့သေချာပွတ်ပြီး ၃-၄ ရေလောက်ဆေးရတာ လက်ချောင်းလေးတွေဆို ပဲကြီးခွံလို့တွန့်လို့။ဒီနေ့လိုမျိုးဆို ဘေစင်မှာရပ်ရတာကြာလွန်းလို့ ခြေထောက်တွေ အမြစ်တွယ်ပြီး အပင်ပေါက်လောက်တယ်။

ကိုယ်တွေက လူနည်းတဲ့အိမ်မို့ ဒီလောက်လေးပဲပင်ပန်းတာ။အမေဆို မနက်စောစောဈေးသွားပြီး အခုလိုအသားတွေ ငါးတွေကိုင်ရင် နေ့တစ်ဝက်ကျိုးပဲ။ပြောချင်တာက အခုလို ဗူးလေးတွေနဲ့ ဈေးဝယ်ရတာအဆင်ပြေပါတယ်လို့။

#NOe

ယနေ့ အထူးစပယ်ရှယ် ငါးခေါင်းဟင်း

ငါးခေါင်းစားချင်လို့တာစူနေတာ ရက်ပေါင်း ၆ ထောင်လောက်တောင်ရှိတော့မယ်။

မအားတာရယ်။စားဖို့ အဖော်မရှိတာရယ်။(ယူထားတဲ့ လင်က “ငါးခေါင်းမစား၊အင်းစိန်သား”လေ

စားချင်တဲ့ငါးခေါင်းမတွေ့တာရယ်။ …. နဲ့ အကြောင်းမတိုက်ဆိုင်ဘူးဖြစ်နေတာ။တစ်နေ့က သူငယ်ချင်းမတစ်ယောက်နဲ့စကားစပ်မိရင်းက “ငါးခေါင်းချက်ပါလား။စားချင်လို့” ဆိုလာတော့ ငနိုးတစ်ယောက် ရေငတ်တုန်းရေတွင်းထဲကျဆိုသလို နှလုံးပီတိဂွမ်းဆီထိသို့ ပျော်ရွှင်သွားတာ။ဒီပိတ်ရက် ဖြစ်အောင်ချက်မယ်ပေါ့။မနေ့ကစျေးသွားတာနောက်ကျတော့ ဘာငါးခေါင်းမှမရလိုက်ဘူး။ဒီနေ့က နည်းနည်းစောစောသွားပေမယ့် ကိုယ်စားချင်တဲ့ ပင်လယ်ငါးခူခေါင်းမရှိဘူး။(မိမိအတွက်က ငါးခေါင်းတကာ့ငါးခေါင်းတွေထဲ ပင်လယ်ငါးခူခေါင်းသာ အကောင်းဆုံးပဲ)အစ်နေ့နဲ့ လပြည့်ညှပ်သွားတော့ အသား ငါးသည်တော်တော်ရှား။ဟိုရှာဒီရှာနဲ့ စျေးနည်းနည်းပတ်လိုက်တော့ ငါးရောင်ခေါင်းတစ်ခေါင်းရတယ်။၅၀ သားကျော်၊ ၆၀ သားနီးပါး ပဲရှိတာဆိုတော့ တော်တော်သေးတယ်ပြောရမယ်။ငါးခေါင်းဟင်းချက်ရင် အနည်းဆုံး ၁ ပိဿာကျခေါင်းလောက်မှအဆင်ပြေတာ။နို့မို့ရင် စားလို့သိပ်မကောင်းချင်။ဒါပေမယ့်လည်းမတတ်နိုင်ဘူး။ဒီနေ့ သီတာစျေးမှာ ဒီခေါင်းအကြီးဆုံးပဲ။အာ့နဲ့ ကက္ကတစ်ခေါင်းတစ်ခေါင်းပါထပ်ဝယ်လိုက်တော့ အားလုံးပေါင်း ၈၀ သားကျော်ကျော်ဖြစ်သွား။နောက်ထပ် ပဲပြားကို ကြော်ပြီးရှောက်ရွက်ကလေးနဲ့ သုပ်မယ်။ကန်စွန်းရွက်ကြော်မယ်။ငရုတ်သီးစိမ်းလေးတွေလှော်ထောင်းပြီးသံပုရာသီးညှစ်မယ်။ပူတီနာနဲ့ ပဲသီးပြုတ်တို့မယ်။ကဲ …. ငါးခေါင်းဟင်းတော့ ချက်ပြီးပြီ။အင်းစိန်သားနဲ့ရန်ဖြစ်ဖို့ပဲကျန်တော့တယ် ။

#NOe