၁၈-၁၀-၂၀၁၉

ဒီနေ့ရုံးခန်းပြောင်းတယ်။

မနက်အစောကြီးကတည်းက စျေးသွားပြီး မုန့်တီချက်ထားတယ်။

ရီချေက ခြေခေါက်လို့မလာနိုင် ၊ ထွန်းအိမ်ပိုင်ကလည်းမလာနိုင်။

လူစုံတက်စုံမဟုတ်ပေမယ့် ပျော်ဖို့တော်တော်ကောင်းတယ်။

ဘူးသီးလာကူတယ်။

ကလေးမက အစ်မကိုတော့ချစ်ရှာသား။

အိမ်ပြောင်းကားကနောက်ကျပေမယ့်ပြောင်းတာတော်တော်တော့မြန်တယ်။

နေရာချရတာပဲခက်တာ။

ဒါပေမယ့်တော်တော်တော့ပြီးသွားတယ်။

ဝေဝေ က မနားတမ်းကိုလုပ်နေတော့တာ။

ရိုးသက ရုံးအသစ်ကိုတော်တော်သဘောကျပုံပဲ။

စရိတ်တွေက တက်လာပြီ။

ပိုက်ဆံတွေပိုရှာရမယ်။

ညနေကျတော့ မြတ်ကိုရောက်လာတယ်။

၆ နာရီထိုးတော့ ထုံးစံအတိုင်း ကန်တော်ကြီးဖက်လမ်းလျှောက်ထွက်တယ်။

ကန်တော်ကြီးကို ကထွင်းနဲ့ ၂ ယောက်သား၂ ပတ်ပတ်နေတာ ၃ ရက်ရှိပြီ။

အရင်က ၁ ပတ်။

ကျိုက်ထီးရိုးကပြန်လာပြီးကတည်းက ၂ ပတ်ပတ်ဖြစ်နေတာ။

ခြေဖဝါးတွေနာတာမပြောပါနဲ့။

မတတ်နိုင်ဘူးလေ။

လျှောက်မယ်ဆုံးဖြတ်ထားရင် မဖြစ်ဖြစ်အောင်လျှောက်ရမှာပဲ။

ဘဝဟာလည်း …….. မဖြစ်ဖြစ်အောင်လျှောက်ရမှာပဲ။

#NOe

၁၀-၁၀-၂၀၁၉

မနက်၅ နာရီကတည်းက အလုပ်ထလုပ်မိတယ်။

မနက်စောစောထဖြစ်တဲ့နေ့တွေရဲ့ထုံးစံအတိုင်း ဒီနေ့ဟာ တာရှည်လွန်းတယ်။

အဖြစ်အပျက်တွေလည်းအရမ်းများတယ်။

သေချာတာကတော့ ငွေပိုရှာရမယ် ဆိုတာပဲ။

အခုတစ်လော စိတ်ဇောအဟုန်ဟာ ပိုက်ဆံတွေနောက်ပဲ အရှိန်နဲ့လိုက်နေမိတာ သတိထားမိတယ်။

ဒီအတိုင်းပဲဆက်လွှတ်ထားဖို့ ဆုံးဖြတ်ထားတယ်။

“Think Different” ဖို့ထက် “Think Profit” က ဒီအချိန်မှာ ဖြစ်သင့်ဆုံးပဲလေ။

ဒါမှ အသက် ၃၀ ပြည့်ပြီးရင် “Think Different” ကိုဘောင်ကျော်ပြီး “Think Insane” တွေဖက် ခြေဦးလှည့်နိုင်မှာ။

မနက်ဖြန်ကနေစပြီး သီတင်းကျွတ်ပိတ်ရက်ရှည်စပြီဆိုပေမယ့် ရုံးသွားပြီးအလုပ်လုပ်ရမယ့်အနေအထားတွေရှိတယ်။

ဒီနေ့အရမ်းပင်ပန်းလွန်းလို့ညနေ မိုးသည်းထဲမှာ မိုးရေထွက်ချိုးပစ်လိုက်တယ်။

ခဏတာတော့ ပေါ့ပါး လန်းဆန်းသွား

#NOe

Check List

ငနိုး မသေခင်လုပ်သွားမယ့် Check List ထဲမှာ (အမေဘက်က) အဖိုးရဲ့ ဘဝအကြောင်း ကို စာရေး ဖို့လည်းပါတယ်။
လူအများက အဖိုးကို ကောင်စီဥက္ကဌ ၊ နိုင်ငံရေးသမား ၊ စီးပွားရေးသမား ၊ ရပ်ရွာလူကြီး …… စသည်ဖြင့် ဘယ်လိုပဲခေါင်းစဉ်တပ်ကြပါစေ
ငနိုးအတွက်ကတော့ အဖိုးဟာ God Father တစ်ယောက်ပဲ။ 😛
တကယ်တော့ ငနိုးဟာ အဖိုးခေတ်ကိုမမီလိုက်တဲ့သူပါ။
ငနိုး ၁၀ရက်သားမှာ အဖိုးဟာ ဘဝတစ်ပါးပြောင်းသွားခဲ့တယ်။
တနည်းပြောရင် အဖိုးနောက်ဆုံးတွေ့ခဲ့ရတဲ့ မြေးဟာ ငနိုးဖြစ်တယ်ပေါ့။
ဒါကြောင့် ငနိုးဟာ အဖိုးကို ဓါတ်ပုံထဲမှာပဲမြင်ဖူးခဲ့ရပါတယ်။

ငနိုးဟာအရပ်ပုပေမယ့် အဖိုးကတော့ အရပ်ရှည်ရှည် နဲ့ လူထွားကြီးဗျ။
(ငနိုးအဖွားကတော့ ပုပုညှပ်ညှပ်သေးသေးလေးပါ။ ငနိုးကတော့ အဖိုးနဲ့အဖွားရောထားတဲ့ ပုပုထွားထွားကြီးပေါ့။ 😛 )
အသားဖြူသလောက် အဖိုးဟာ ဒေါသလည်းအရမ်းကြီးပါတယ်တဲ့။
မီလိုက်တဲ့သူတွေပြောတာတော့ အဖိုးရိုက်ပြီဆိုရင် အရိုက်ခံရတဲ့သူဟာ အနည်းဆုံး အိပ်ရာထဲမှာ တစ်ပတ်လောက်ခွေနေရပါရောတဲ့။

ရွာမက ၊ မြို့မကျတဲ့ ဒေသတစ်ခုမှာ
အဖိုးဟာ ဒေသခံမျိုးဆက်သစ်တွေ ပညာရေးအဆင့်မြင့်လာအောင် အထက်တန်းကျောင်းဆောက်ခဲ့တယ်။
( အခုပုဏ္ဏားကျွန်း အထက ဟာ တကယ်တော့ အခြားမြို့အတွက် အစိုးရကချပေးတဲ့ကျောင်းပါ။ကျောင်းဆောက်ဖို့ သစ်တွေ၊အုတ်တွေသယ်လာတဲ့ အစိုးရသဘောင်္ကြီး ပုဏ္ဏားကျွန်းကို အဖြတ်မှာ အဖိုးက အတင်းဆိပ်ကမ်းကပ်ခိုင်းပြီး အဲဒီ ပစ္စည်းတွေနဲ့ညတွင်းချင်း ကျောင်းနေရာမှာ ပန္နက်ရိုက်လိုက်တာလို့လည်း လူကြီးတွေပြောတာကြားဖူးပါတယ်။)
ရောင်းဝယ်ဖောက်ကားမှုအဆင်ပြေအောင် စျေးဆောက်တယ်။
ကုန်စည်စီးဆင်းမှုလွယ်အောင် ဆိပ်ကမ်းဆောက်တယ်။
ဒေသတွင်းမွေးမြူရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်အောင် ရန်ကုန်ဘက်က နည်းပညာတွေ ယူလာ ၊ မျှဝေပေးတယ်။
အမျိုးထဲမှာ စာတော်ပြီး အလားအလာရှိတဲ့ ကလေးတွေကို ရန်ကုန်ထိပို့ပြီ ပညာသင်စေတယ်။
မျိုးဆွေ၄ပါးကိုစောင့်ရှောက်တယ်။

အဲလိုတွေလုပ်ခဲ့တဲ့အတွက် အဖိုးကို “အစိုးရလူ”ဆိုပြီး အဲဒီခေတ်က သူပုန်တွေအရမ်းမုန်းကြတယ်။
အဖိုးကိုဖမ်းမိရင်”အသားစားပစ်မယ်”လို့တောင်ကြုံးဝါးတဲ့ သူပုန်ဗိုလ်တွေရှိခဲ့တယ်။
အဖိုးနဲ့လူမှားပြီး သူပုန်သတ်တာခံခဲ့ရတဲ့ အဖိုးမိတ်ဆွေတွေလည်းရှိခဲ့တယ်။

နိုင်ငံရေးနဲ့ပတ်သတ်လာရင် အဖိုးပြောနေကျ စကားတစ်ခွန်းရှိခဲ့တယ်တဲ့။
“နိုင်ငံရေးလုပ်ချင်ရင် စားပွဲပေါ်ကပဲ တရားဝင် လုပ်ပါ။ဘယ်တော့မှ တောခိုပြီး သူပုန်မလုပ်နဲ့”
(ငနိုးလည်း လူကြီးတွေဆီကနေ တစ်ဆင့်စကားကြားရတာမို့ စကားလုံးလွဲချော်မှုရှိကောင်းရှိနိုင်ပါတယ်။)

အဖိုးဟာ ကိုယ့် မွေးရပ်မြေမဟုတ်တဲ့ ဒေသတစ်ခုအတွက် တိုးတက်ရာတိုးတက်ကြောင်းတွေအများကြီးလုပ်ခဲ့ပါတယ်။
(အဖိုးကို မိခင်ရဲ့ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းဘက်မှာမွေးဖွားခဲဲ့ပြီး အသက် ၁၀ နှစ်ဝန်းကျင်လောက်မှ ဖခင်ဇာတိဖြစ်တဲ့ ရခိုင်ဘက်ကို ဆွေပြမျိုးပြ အလည်လာရာကနေ စစ်ဖြစ်လို့မပြန်နိုင်တော့ဘဲ အဲဒီဒေသမှာပဲ အခြေချနေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။)
အဖိုးဟာ သူ့ပတ်ဝန်းကျင်ကို သူ့ကိုယ်ပိုင်မိသားစုထက်ပိုဂရုစိုက်ခဲ့တယ်။
သူ့ကို သဘောကျထောက်ခံတဲ့သူတွေများခဲ့သလို သဘောမကျ မနှစ်မြို့တဲ့သူတွေလည်းအများကြီးရှိခဲ့တယ်။
ဒါပေမယ့် အဖိုးဟာ ကိုယ်လုပ်စရာရှိတာကိုပဲ တစိုက်မက်မက်လုပ်ခဲ့တယ်။

ဒါကြောင့် ငနိုးက ဒေသအကျိုးစီးပွားအတွက် စကားများများမပြောဘဲ အလုပ်နဲ့ပဲသက်သေပြခဲ့တဲ့ အဖိုးရဲ့အကြောင်းကို အမှတ်တရအနေနဲ့ စာရေးမှာပါ။
(တစ်ချို့အတိတ်တွေဟာ ပေထက်အက္ခရာတင်မှ သမိုင်းအဖြစ်ကျန်ရစ်မှာပါ။)

အခုလောလောဆယ်ပြောချင််တာကတော့ “ငနိုးဟာ တစ်ချို့ကိစ္စတွေမှာ အဖိုးရဲ့သဘောထားတွေနဲ့တစ်ထပ်တည်းကျနေပါတယ်”ဆိုတာပါပဲ။

#NOe

ပတ်ဝန်းကျင် နဲ့ အသိုင်းအဝိုင်း ကို ဂရုစိုက်တတ်တဲ့သူ

15319598_1384703908209052_1942638730_n

လူတော်တော်များများက ထင်ကြတယ် “ငနိုးဟာ ပတ်ဝန်းကျင် နဲ့ အသိုင်းအဝိုင်း ကို ဂရုမစိုက်တတ်တဲ့သူလို့”။
တကယ်တော့ ကျုပ်ဟာ အသိုင်းအဝိုင်းနဲ့ပတ်ဝန်းကျင်ကိုအရမ်းဂရုစိုက်တဲ့ သူပါ။

ကျုပ်ဆိုသည်မှာ ပတ်ဝန်းကျင်ညစ်ပတ်မှာစိုးလို့ စည်းကမ်းမဲ့ အမှိုက်မချဘူး။
ကွမ်းတံတွေးမထွေးဘူး။လမ်းဘေး အပေါ့မသွားဘူး။
လော်စပီကာမဖွင့်ဘူး။ သစ်ပင်မခုတ်ဘူး။
ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းလိုက်နာတယ်။

ကျုပ်အသိုင်းအဝိုင်း က လူတွေ အဆင်ပြေဖို့အတွက် လည်း အတတ်နိုင်ဆုံး ကြိုးစားပေးတယ်။
ဥပမာ လူတွေကြားထဲ တန်းစီစရာရှိရင် စည်းကမ်းတကျ တန်းစီတာမျိုး ။
ကျုပ်ရဲ့ ဝင်ငွေအချို့နဲ့ အသုံးမလိုတဲ့ ပစ္စည်းတွေ ဝယ်မယ့်အစား မတတ်နိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးတာမျိုး။ ကျောင်းသုံးပစ္စည်းဝယ်ပေးတာမျိုး။
သူတို့အတွက် အကျိုးရှိစေမယ့် စာအုပ်တွေ လက်ဆောင်ပေးလိုက်တာမျိုး။
လမ်းသွားလမ်းလာတွေကို ဒုက္ခပေးတတ်တဲ့ သစ်ကိုင်းခြောက်တွေ ၊ ဆူးညောင့် ခလုတ်တွေ ၊ ကျောက်တုံးတွေကို တွေ့ရင်တွေ့သလို ဖယ်ရှားပေးတာမျိုး။
အထုတ်အပိုးတွေ ၊ ခြင်းတောင်းတွေ မနိုင်မနင်းဖြစ်နေတဲ့ ယောက်ကျား၊ မိန်းမ ၊ လူကြီး လူငယ်မရွေးကို အိမ်တိုင်ရာရောက်အထုတ်ဆွဲပြီး လိုက်ပို့ပေးတာမျိုး။
ဘာမှမလုပ်ပေးနိုင်သည့်တိုင်အောင် အနည်းဆုံးတော့ ဘယ်သူနဲ့တွေ့တွေ့ လှိုက်လှိုက်လှဲလှဲ ပြုံးပြနိုင်ဖို့ လောက်တော့ ကျုပ်အမြဲ ကြိုးစားတယ်။
ကိုယ်ကူညီပေးလို့ရတဲ့ ကိစ္စဆို စကားနဲ့ဖြစ်ဖြစ် အားနဲ့ ဖြစ်ဖြစ် တတ်နိုင်သလောက်ကူညီလုပ်ဆောင်ပေးခြင်းဖြင့် ကျုပ် အသိုင်းအဝိုင်းကို ဂရုစိုက်ပါတယ်။

ကျုပ်ရဲ့ ခံယူချက်က တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ရာကို ဂရုစိုက်တယ် ဆိုတာ သူတို့အဆင်ပြေသွားမယ့် ကိစ္စတွေမှာ စေတနာသန့်သန့်နဲ့ ကိုယ့်ဘက်က လုပ်ပေးနိုင်သလောက် ကြည်ကြည်ဖြူဖြူ လုပ်ဆောင်ပေးလိုက်တတ်ခြင်းပဲ။
ကိုယ့်အပေါ်မှာ သူတို့ ပြောသမျှ ၊ ဝေဖန်သမျှ ကို ခေါင်းထဲထည့်ပြီး Feeling တက်နေတာဟာ သူတို့ကို ဂရုစိုက်တာမဟုတ်တော့ဘူး ။
သူတို့ ဂရုစိုက်တာကို ကိုယ်က ခံယူလိုက်ခြင်းပဲဖြစ်တယ်။

ကျုပ်ဘဝမှာ အရိုးရှင်းဆုံးနေထိုင်တယ်။
ဘယ်ကိစ္စပဲဖြစ်ဖြစ် စိတ်မဝင်စားလို့ မလုပ်ချင်ရင် ထိုင်နေလိုက်တယ်။အိပ်နေလိုက်တယ်။
စိတ်ဝင်စားမိလို့ လုပ်ပြီဆိုရင် အကောင်းဆုံးဖြစ်အောင်လုပ်တယ်။
ဘယ်သူ့ကိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ဟိတ်ဟန်ကင်းကင်းနဲ့ ပကာသန ရှင်းရှင်း ဆက်ဆံနိုင်အောင်ကြိုးစားတယ်။

ကျုပ်ဘာကောင်လဲ ကျုပ်သိတယ်။ကျုပ်ဘာလုပ်နေလဲ ကျုပ်နားလည်တယ်။

ဒါကြောင့် ပတ်ဝန်းကျင် နဲ့ အသိုင်းအဝိုင်း က ကြိုက်တာပြော ၊ ကြိုက်သလောက် ဝေဖန် ကျုပ်ကတော့ သူတို့ကို ကျုပ်ရဲ့ နောက်ဆုံးထွက်သက်ထိ ကျုပ်တတ်နိုင်သလောက်အစွမ်းကုန် (ကျုပ်နည်းကျုပ်ဟန်နဲ့) ဂရုစိုက်သွားမှာပါ။

ဒါပေမယ့် အတ္တကြီးလွန်းတဲ့ ကျုပ်ရဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းစတဲ့ စိတ်ခံစားချက်တွေကတော့ တစ်ခြားသူတွေရဲ့ ပြောစကားတွေ ၊ လုပ်ရပ်တွေမှာ ဘယ်တော့မှ မှီခိုမှာမဟုတ်ဘူး။
ကျုပ် Website ထဲမှာ ရေးထားတဲ့အတိုင်းပဲပြောရရင်
“Most people know me as an entrepreneur and co-founder of SUNDEW MYANMAR SOFTWARE HOUSE.
Actually, I’m just a dream follower. I love to dream big and follow them.
Although people thinks my dreams are crazy, I keep following with my soul.”

ချစ်တဲ့
#NOe

ယုံကြည်ရာ

“လူတွေအားလုံးလက်ခံထားတဲ့အလုပ်တွေကို ကျုပ် မလုပ်ချင်ဘူး။
ကျုပ်လုပ်တဲ့ အလုပ်တွေကိုပဲ လူတွေအားလုံးလက်ခံလာကြအောင် ကြိုးစားမယ်။”

ရခဲလှတဲ့လူ့ဘဝမှာ ကျုပ်ဟာကျုပ်
မင်းသမီးလည်းဖြစ်ခွင့်ရှိတယ်။
ဇာတ်ပို့လည်းဖြစ်ခွင့်ရှိတယ်။
ဗီလိန်လည်း ဖြစ်ခွင့်ရှိတယ်။
သူတောင်းစားလည်းဖြစ်ခွင့်ရှိသလို
အောင်မြင်ကျော်ကြားစီးပွားရေးသမားလည်းဖြစ်ခွင့်ရှိပြီး
သမ္မတကြီးလည်းဖြစ်ချင်ဖြစ်လို့ရတာပဲ။

img_1113
ပတ်ဝန်းကျင်ရဲ့ ဝေဖန် ရှုံ့ချမှုတဲ့လား?
ဘဝမှာ အဆင်ပြေအောင်မနေထိုင်နိုင်သူတစ်ချို့ရဲ့ ကျုပ်အပေါ်ထားတဲ့ ပစ္စည်းမဲ့ ဒေါသတွေ သတ်သတ်မို့ သူတို့ကို သနားသောအားဖြင့်အသိအမှတ်ပြုပေးပါတယ် ။ ဒါပေမယ့် အဖက်လုပ်ပြီးတော့ အရာမသွင်းတတ်ဘူး။
ကိုယ့်ဟာကိုယ် အေးအေးလူလူ လေ ထိုင် ရှုနေလည်း ဆဲချင်တဲ့ကောင်ကလာဆဲမှာပဲ။
ဒီနေရာမှာ စကားမစပ်ပြောရရင် ကျုပ်ရဲ့ ခံယူချက်ကတော့ အလကားနေရင်းအဆဲခံရတယ်ဆိုတာ ကိုယ့်အမှားမဟုတ်ဘူး။
လာဆဲတဲ့ကောင်က သူ့ယုံကြည်ချက်နဲ့သူ အကုသိုလ်ယူတဲ့ကိစ္စ ကိုယ်နဲ့မှမဆိုင်ဘဲရယ်။
နောက်ပြီး သူ့ခမျာ ကိုယ့်ကို မဆဲရလည်း နောက်လူတွေကို ပတ်ဆဲနေဦးမှာမို့ ဒီအတိုင်းလွှတ်ထားလိုက်တာက ကိုယ့်အတွက်ပိုပြီး အဆင်ပြေပါတယ်။
ရိုင်းရိုင်းပြောရရင်ဗျာ ချီးထုတ်တွေကို ချီးထုတ်အတိုင်းထား။ မနေနိုင်ဘဲကောက်ကိုင်မိရင် ချီးပေတာပဲ အဖတ်တင်မယ်။

ကျုပ်အတွက် အရေးကြီးတာက ကိုယ်ဘာလုပ်နေလဲဆိုကိုယ်သိဖို့နဲ့ ကိုယ်ယုံကြည်ရာအတွက်ဆို အကောင်းဆုံးကိုမျှော်လင့် ရင်း အဆိုးဆုံးအတွက်ပြင်ဆင်ပြီး အတတ်နိုင်ဆုံးကြိုးကြိုးစားစားနဲ့နောက်မဆုတ်တမ်း ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ်သွားဖို့ပဲလိုတာပါ။

အရာရာဟာထင်ထားသလောက်မလွယ်ဘူးဆိုပေမယ့် ထင်ထားသလောက်လည်း မခက်ခဲပါဘူး။