မိမိတို့ အိမ်ထောင်ကျပြီး ပထမဆုံးရန်ဖြစ်ကြတာ “ကက္ကတစ်ငါးဥကြော်တဲ့ကိစ္စ” ကစတာပဲ

မိမိတို့ အိမ်ထောင်ကျပြီး ပထမဆုံးရန်ဖြစ်ကြတာ “ကက္ကတစ်ငါးဥကြော်တဲ့ကိစ္စ” ကစတာပဲ။ကထွင်းက အဲလို ငါးဥကြော်မစားဖူးဘူး။ငါးဥမှမဟုတ်ပါဘူး။ငါးကြင်းနဲ့ ငါးသလဲထိုးကလွဲရင် ကျန်တဲ့ ရေသတ္တဝါတော်တော်များများသူမစားဖူးတာများတယ်။ပုစွန်တို့ ဂဏန်းတို့ဆိုလည်း သိပ်စားလေ့စားထမရှိဘူး။ဂုံးတို့ ခရုတို့ ကမာတို့ ရေခူတို့ ဘာညာသာရကာစမာကလာတွေဆို ဝေးရောပဲ။အသားဆိုလည်း ဝက်သားတစ်မျိုးလောက်ပဲစွဲစွဲမြဲမြဲစားခဲ့တာမျိုး။မိမိကကျတော့ ရေထဲကအကောင်ဆို ကျန်တာတွေအသာထား ရေပိုးကအစစားတာမျိုး။အသားဆိုလည်း ဆိတ် ၊ အမဲ ၊ ဘဲ ၊ ငှက် အကုန်စား။ပုရစ်လောက်တော့သနား… နွားချေးပိုးလည်းစားတယ် ။

အသီးအရွက်ဆိုလည်း ကထွင်းက ဂေါ်ဖီ ၊ ကန်စွန်းရွက် ၊ ချဉ်ပေါင် ၊ မုန်လာဥ၊ခရမ်းသီး … အဲလိုမြို့စာတွေလောက်ပဲစားတာ။မိမိက မြို့စာလည်းစားတယ်။လက်ပံပွင့်၊သခွပ်ပွင့် ၊ ဂွေးတောက်သီး ၊ သပွပ်သီး ၊ ငှက်ကြီးတောင် ၊ ကနဖော့ ၊ ငှက်ပျောဖူး ၊ ကင်းမုံသီး… အဲလိုတောစာတောင်စာတွေလည်းအရမ်းစားတယ်။နောက်တစ်ခုက ကထွင်းအတွက် ဟင်းထပ်တာဟာ ပြဿနာမဟုတ်ပေမယ့် မိမိအတွက်ကျတော့ ဟင်းထပ်တာဟာ မဟာပြဿနာတစ်ရပ်။ဥပမာ – ကထွင်းဟာ ဝက်အချိုချက်တစ်မျိုးတည်းကို တစ်ပတ်ထဲမှာ ၂ ရက် ၃ ရက်စားရလည်းအေးဆေး။မိမိကတော့ ချက်နည်းမတူရင်တောင် အသားတစ်မျိုးကို တစ်ပတ်တည်းမှာ ၂ ခါမစားနိုင်။ငါးနီတူ ရခိုင်သုပ်တို့ ၊ သင်္ဘောသီးရခိုင်သုပ်တို့ ၊ ရခိုင်ရှောက်သီးသုပ်တို့ကျ ကထွင်းကကြိုက်ပေမယ့် မိမိကမကြိုက်။(ငါးနီတူကိုဆို အနံ့တောင်မခံချင်။ မျက်ခွက်ဆိုမကြည့်ချင်)အဲ့တော့ ဘာလုပ်ရလဲဆိုတော့ ညှိရတယ်။“ဟင်းချက်တဲ့ကိစ္စလေးများဟယ်” ဆိုပြီး ပေါ့သေးသေးတော့မထင်နဲ့ ။ မိမိတို့ လင်မယားကြားမှာ ဒီကိစ္စက တော်တော်ညှိရတာ။၂ ယောက်လုံးက ချက်တတ်ပြုတ်တတ်ဖြစ်နေတော့ ပိုဆိုး။သူဆရာ ၊ ငါဆရာနဲ့ မီးဖိုချောင်မှာ ဗိုလ်လုပွဲ ခဏခဏကျင်းပခဲ့ကြရတာမျိုး။အခုတော့ တော်တော်လေးအဆင်ပြေပါတယ်။ကထွင်းလည်း ငါးတန်တွေ ၊ ငါးခူတွေတောင်စားတတ်လာပြီး ဂုံးတို့ ၊ ပုစွန်တို့ ၊ ကင်းမုံသီး ၊ သခွပ်ပွင့်တို့လည်း ကြိုက်သွားပြီ။ဂဏန်းလှော်တောင် စားတတ်နေပြီ။မိမိလည်း ဟင်းတစ်မယ်ကို (ချက်နည်းကွဲရင် )၁ ပတ် ၂ ခါလောက်တော့ စားနိုင်နေပြီ။သူချက်တဲ့ ပဲပြား ၊ ပိန်းဥ သက်သတ်လွတ်ဟင်းတို့ ၊ ဆီကျက်ခေါက်ဆွဲတို့ ၊ ခေါက်ဆွဲကြော် ဘာတို့ကတော့ မိမိရဲ့ favorite တွေပဲ။၂ ယောက်ပေါင်းပြီး ပေါင်မုန့်ဖုတ်လိုက် ၊ ကိတ်မုန့်ဖုတ်လိုက် ၊ ချာပါတီလုပ်လိုက်နဲ့ ဟန်ကိုကျလို့

သူငါးခေါင်းဟင်းမကြိုက်တာနဲ့ မိမိငါးနီတူမကြိုက်တဲ့ကိစ္စမျိုးကျ “ ကိုယ်ကြိုက် ၊ ကိုယ်ချက်၊ ကိုယ်စား“အနေနဲ့ ချွင်းချက်ပဲထားလိုက်တော့တယ်။လောကကြီးမှာ ဘယ်အရာမှ ၁၀၀% စံနှုန်းပြည့် အမြဲမရနိုင်ဘူးလေနော်။သူ့အကြိုက် ၊ ကိုယ့်အကြိုက်က အမြဲထပ်တူတော့ ဘယ်ကျပါ့မလဲလေ။တစ်ချို့ကိစ္စတွေမှာ မလိုအပ်ဘဲ ခေါင်းမာပြီး အတ္တတွေကြီးနေရင် မဖြစ်သင့်တာတွေဖြစ်ပြီး အကျိုးယုတ်သွားတတ်တာကိုး။လူတွေရဲ့ ဖြစ်တည်ရှင်သန်မှုမှာအခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးရဲ့ပထမဦးစားပေး “စား” ဆိုတဲ့ကိစ္စမှာတင်တကျက်ကျက်နဲ့ ခဏခဏထထသတ်နေကြရင်လည်းကိစ္စများမြောင် ဤလူ့ဘောင်မှာ၂ ယောက်အတူတွဲပြီးရှေ့လျှောက်ဘယ်လိုစခန်းသွားကြတော့မတုံး?၂ဦး ၂ဖက် ချစ်လို့ ကြိုက်လို့ အခက်အခဲတွေအများကြီးကိုရင်ဆိုင်ပြီးတောင် မိမိတို့သဘောဆန္ဒအရ ကိုယ်ထူကိုယ်ထမရရအောင်တည်ထောင်ခဲ့ကြရတဲ့ အိမ်ထောင်မို့ အစားတစ်လုတ်အတွက်နဲ့တော့ ရန်မများသင့်

။(ဒီကိစ္စနဲ့က ရန်ဖြစ်လို့ ဝ ပြီလေနော် )_

ပြောချင်တာက“ဟင်းချက်တဲ့ကိစ္စလေးများဟယ်” ဆိုပြီး ပေါ့သေးသေးတော့မထင်နဲ့ ။ မိမိတို့ လင်မယားကြားမှာ ဒီကိစ္စက တော်တော်ညှိရတာ။၂ ယောက်လုံးက ချက်တတ်ပြုတ်တတ်ဖြစ်နေတော့ ပိုဆိုး။သူဆရာ ၊ ငါဆရာနဲ့ မီးဖိုချောင်မှာ ဗိုလ်လုပွဲ ခဏခဏကျင်းပခဲ့ကြရတာမျိုး။

#Noe

မိမိက ရတနာပစ္စည်းတွေအများကြီးဝတ်ရတာကို သိပ်ပြီး သဘောတွေ့လှတဲ့သူမဟုတ်ဘူး။

မိမိက ရတနာပစ္စည်းတွေအများကြီးဝတ်ရတာကို သိပ်ပြီး သဘောတွေ့လှတဲ့သူမဟုတ်ဘူး။အများကြီးမဟုတ်ဘဲ နည်းနည်းလေးဝတ်ရတာလည်း သိပ်မကြိုက်ပါဘူး။(အဲဒါကြောင့် မင်္ဂလာဆောင်တုန်းကတောင် အဖွားတတွတ်တွတ်ပြောနေတဲ့ကြားထဲက နားကပ်အပါအဝင် ၊ ဒေါင်းဘယက်တစ်ကုံး ၊ လက်ကောက်တစ်ရံနဲ့ လက်စွပ် ၃ ကွင်း ပဲဝတ်ခဲ့တာ။)ဒါပေမယ့် ရတနာအများကြီးဝတ်တဲ့သူတွေကို တောဆန်တယ်ပြောရင်တော့ သိပ်မကြိုက်ချင်ဘူး။သူ့ရဲ့နောက်ဆက်တွဲက “ရတနာကို​ သေးသေးမျှင်မျှင်လေးနဲ့နည်းနည်းလေးဝတ်မှဘိုဆန်တယ်။အထက်တန်းကျတယ်။ရတနာတွေအများကြီးဝတ်တာက တောဆန်တယ်။အရူးတွေလိုပဲ။”ဘလာဘလာဘလာပေါ့။အဲဒီကိစ္စကပြောရရင် ဒီလိုရှိတယ်။ဘိုတွေလို့ခေါ်တဲ့ အင်္ဂ လိပ်တွေလည်း ရတနာကြိုက်ကြပါတယ်။ဟုတ်မဟုတ်သိချင်ရင် အင်္ဂလန်ကဘျင်မကြီးကိုသာကြည့်ကြပါတော့။ရတနာဆို ပြူးတူးပြဲတဲတွေလည်းဝတ်ပါတယ်။အများကြီးလည်းဝတ်ပါတယ်။နားကပ်တွေရော ၊ လည်ဆွဲတွေရော ၊ လက်ကောက်တွေရော ၊ လက်စွပ်တွေရော ၊ ရင်ထိုးတွေရော ၊သရဖူတွေရော စုံနေအောင်ကိုဝတ်တာပါ။ဒီထက်သေချာချင်ရင် ဝိတိုရိယဘျင်မကြီးအကြောင်းရှာဖတ်လို့ရပါသေးတယ်။သူတို့တွေက ရတနာဆို လိုချင်လွန်းလို့ ၊ ကြိုက်လွန်းလို့ မြန်မာပြည်ကို သိမ်းတုန်းကတောင် နန်းစဉ်ရတနာတွေအကုန်မသွားကြတာပါ။ဒါပေမယ့် သူတို့ဆီက လူအများစုက ဘာလို့ ရတနာကို နည်းနည်းပဲဝတ်ကြလဲဆိုရင် သူတို့ဆီမှာ ရှားလို့ပါ။မြန်မာပြည်မှကပေါပါတယ်။ကျောက်စိမ်း ၊ ပတ္တမြား ၊ ပုလဲ ၊ နီလာ ၊ ဥဿဖရား …. အကုန်ထွက်ပါတယ်။ထွက်သလောက်လည်း ထုတ်ကြပါတယ်။တူးကြပါတယ်။ဖော်ကြပါတယ်။အဲဒီတော့ မြန်မာတွေ ရတနာဝတ်ကြပါတယ်။ပေါပေါများများမို့ များများစားစားကိုဝတ်ကြတာပါ။ဒါဟာတောဆန်တာမဟုတ်ပါဘူး။ပေါပေါရလို့ ပေါပေါဝတ်ကြတာပါ။အခုမှထဝတ်ကြတာမဟုတ်ပါဘူး။ဟိုးအရင်ကတည်းက ခေတ်အဆက်ဆက်ကိုဝတ်လာခဲ့ကြတာပါ။ဝတ်တာမှ ရွှေကိုခြေကျင်းတောင်လုပ်ဝတ်ခဲ့ကြသေးတာပါ။အခုခေတ်မှာ ရွှေခြေကျင်းဝတ်တာရှားသွားပါပြီ။မဝတ်နိုင်ကြတော့တာလည်းပါပါတယ်။အိန္ဒိယမှာဆို အမျိုးသမီးတွေဟာ မင်္ဂလာအခမ်းအနားတွေ ရှိရင် လက်ကောက်တွေကို တံတောင်ဆစ်လောက်ထိအပြည့်ဝတ်ကြပါတယ်။လက်ကိုဒန်းဆိုကြပါတယ်။ဒါဟာတောဆန်တာမဟုတ်ပါဘူး။ရိုးရာပါ။ဓလေ့ပါ။ဒြပ်မဲ့ ယဉ်ကျေးမှုတစ်ရပ်ပါ။ဒါကိုသွားပြီး နှာခေါင်းရှုံ့လို့မရပါဘူး။ပြောချင်တာက ရတနာတွေအများကြီးဝတ်တယ်ဆိုတာ တောဆန်တာမဟုတ်ပါဘူး။ဘိုတွေကဘာလို့ နည်းနည်းပဲဝတ်ကြလဲဆိုရင် သူတို့ဆီမှာရှားလို့ပါ။သူတို့ဆီမှာသာပေါကြည့်။မြန်မာတွေထက်တောင်ပိုဝတ်ကြဦးမှာ။

#NOe

ဒါ သခွပ်ပွင့်သုပ်ပါ။

ဒါ သခွပ်ပွင့်သုပ်ပါ။ငယ်ငယ်တုန်းက ကျောင်းထမင်းချိုင့်မှာ “သခွပ်ပွင့်သုပ်” ပါလာရင် ထမင်းအတူစားတဲ့သူငယ်ချင်းတွေက “ဟဲ့… ဘာဟင်းကြီးလဲ?” လို့ တအံ့တဩမေးကြတာ ခဏခဏခံရတယ်။အိမ်ထောင်ကျပြီးတော့ ပထမဆုံး သခွပ်ပွင့်တွေသုပ်တုန်းကလည်း ကထွင်းတစ်ယောက်အူကြောင်ကြောင်နဲ့ ။သူမှမစားဖူးတာ။စားဖူးသွားတော့လည်း ကြိုက်သွားတာပဲ။အခုလည်း သူစားချင်တယ်ဆိုလို့ ချက်ချင်းထသုပ်လိုက်တာပါ။သခွပ်ပွင့်ခြောက်ကိုပြုတ်ကန်စွန်းရွက်ကိုရေနွေးဖျောပြီးတော့ ကတ်ကြေးလေးနဲ့ညှပ်။ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ၊ နနွင်း ၊ ပုစွန်ခြောက်နဲ့ငပိကိုထောင်းပြီး နနွင်းလေးနဲ့ဆီသတ်။အားလုံးရောပြီး သံပုရာသီးလေးညှစ်သုပ်။ကြက်သွန်ကြော်နဲ့ နှမ်းအမဲလေးဖြူး။ငရုတ်သီးခြောက်ကြော်လေးကိုက်ကိုက်ပြီးစားရင်သိပ်ကောင်း။(မိမိကတော့ ငရုတ်သီးခြောက်ကြော်ဖို့မေ့သွားလို့

😬

)ဒါ သခွပ်ပွင့်သုပ်ပါ။#NOe

India က IT Company တစ်ခုက ဆက်သွယ်လာတယ်

India က IT Company တစ်ခုက ဆက်သွယ်လာတယ်။သူတို့ POS ကို ဒီမှာဖြန့်ပေးဖို့ဆိုပြီး။ပုံမှန်ဆို အဲလိုတွေစိတ်မဝင်စားပေမယ့် ဒီရက်ပိုင်းမှာ လူက နည်းနည်းလည်း ကြောင်တောင်တောင်ဖြစ်နေတော့ ကြည့်ကြည့်တာပေါ့ဆိုပြီး သူတို့နဲ့ Meeting ၂ ခေါက်လောက်ထိုင်လိုက်တယ်။သူတို့ကလည်း Client သောင်းချီသုံးနေတဲ့ System ပါဘာညာပြောတော့ဘာများအသစ်အဆန်းတွေ့ရမလဲဆိုပြီး မျှော်လင့်မိတာလည်းပါတာပေါ့။သူတို့ System က ရေးတာတာတော်တော်လည်းကြာနေပါပြီ။ကိုယ်တွေ SUNDEW MYANMAR စထောင်တုန်းက ရေးခဲ့တဲ့ System ထက်တောင် ရှေးကျပါသေးတယ်။ပြီးတော့ Window တစ်မျိုးမှာပဲသုံးလို့ရတာမျိုးပါ။ဘယ် Mobile Device နဲ့မှချိတ်သုံးလို့လည်းမရပါဘူး။အခြားမရတာတွေလည်းအများကြီးပါပဲ။ကိုယ်တွေဆီက Customer တွေက Device မျိုးစုံမှာသုံးချင်ကြတာမျိုး။နောက်ပြီး ဆိုင်တွေသမားဆိုရင်လည်းကောင်တာမှာ Desktop PC မပြောနဲ့ Laptop နဲ့တောင်မသုံးချင်ကြတော့ဘူး။ပြီးရင် Report ဆိုလည်း နေရာပေါင်းစုံက Information ပေါင်းစုံကို ရုံးရောက်စရာမလိုဘဲ အေးအေးဆေးဆေးကြည့်ချင်ကြတာမျိုး။ Design ပိုင်းမှာဆိုရင်လည်း နည်းနည်းလေး ဒိတ်အောက်ချင်သလိုလိုဖြစ်တာနဲ့ Version အသစ်တောင်းတော့တာမျိုး။သုံးသုံး၊ မသုံးသုံး Myanmar <>English ဘာသာစကား၂ မျိုးကလည်း လိုချင်ကြတာ။”ဒီလိုအခြေအနေတွေရှိတယ်.. “ဘာညာပြောပြတော့ ဟိုဖက်ကသိပ်မယုံချင်သလိုလို။”ငါတို့ဆီမှာတောင် ဒါပဲသုံးနေကြတာပဲ”တဲ့။အဲဒါနဲ့ ကိုယ်တွေရေးထားတာလေးတွေထဲက တစ်ချို့ထုတ်ပြတော့ “နင်တို့ Company က နိုင်ငံခြားသား Developer တွေနဲ့ရေးတာလား?”တဲ့။(မိမိအတွက်တော့ တော်တော်တင်းဖို့ကောင်းတဲ့ မေးခွန်းပါပဲ။)”ဘယ်နိုင်ငံခြားသားDeveloperမှမရှိဘူး။မြန်မာတွေပဲရေးတာ။ Customer တွေထဲမှာတော့ နိုင်ငံခြား Company တွေရှိတယ်”ဘာညာနဲ့ပြောလွှတ်ရတယ်။တော်ရုံတန်ရုံလောက်ဆို စဉ်းစားပေးလို့ရပါသေးတယ်။အခုဟာက POS တစ်ခုတည်းကို စက်တစ်လုံးစာ ၊ ၁ Copy ကို ဒေါ်လာ ၂,၅၀၀++ ဆိုတော့ ဒီ market မှာ ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ။(ကိုယ်အသုံးမကျလို့ မရောင်းတတ်တာလည်းဖြစ်နိုင်ပါတယ်။)ဒီမှာက သူတို့ ရောင်းတဲ့ POS မျိုးလောက်ဆို Software အခွေရောင်းတဲ့ဆိုင်တွေမှာ ၁ ခွေ သောင်း ဂဏန်းလောက်နဲ့တင်ဝယ်သုံးလို့ရနေကြတာကို။ဟုတ်သော်ရှိမဟုတ်သော်ရှိ”နင်တို့ System ဟာ ငါတို့နိုင်ငံ Market အတွက်တော့ စျေးကြီးတာကလွဲရင် ဘာမှသုံးလို့မရဘူး။”လို့ပြောပြီးငြင်းလိုက်ရတာတော့ သိပ်အရသာရှိလှ။ဒါတောင် ခုနက ဖုန်းထပ်ခေါ်ပြီး “ငါတို့ ထပ်ညှိစရာလေးတွေရှိလို့ Meetingနောက်တစ်ကြိမ်ရနိုင်မလား?”လှမ်းမေးနေသေး။အိမ်း…

.#NOe


Gangs of Wasseypur ဆိုတဲ့ ကုလားကား ရှိတယ်။

Gangs of Wasseypur ဆိုတဲ့ ကုလားကား ရှိတယ်။ဇာတ်ကောင်အများကြီးပါပြီးဇာတ်အိမ်တော်တော်ခိုင်တဲ့ နာမည်ကြီး ဂန်းစတားကားပဲ။Part 1 -2 ၂ ပိုင်းရှိတာမို့ အစအဆုံး တစ်ခါတည်းကြည့်မယ်ဆို အစအဆုံးကြည့်မယ်ဆို အချိန် ၇ နာရီလောက်ပေးရတယ်။မိမိအရမ်းကြိုက်တဲ့ ကားထဲမှာ တစ်ကားအပါအဝင်ပေါ့။အဲဒီထဲမှာ အကြိုက်ဆုံးအခန်းက လူမိုက်ဆရာကြီးပေါက်စ Sandar Khan ကိုသူ့မိန်းမ ဗိုက်ကြီးသည်ကပြည့်တန်ဆာအိမ်မှာ သွားရှာတဲ့အခန်းပဲ။လက်ထဲမှာလည်း ဓားတစ်ချောင်းနဲ့နော်။ပါးစပ်ကလည်း အော်အော်ဆဲပြီး တစ်ခန်းဝင် တစ်ခန်းထွက်ရှာတာ။အခန်းတစ်ခန်းထဲ ပြည့်တန်ဆာတစ်ယောက်နဲ့ပက်ပင်းမိတော့ လက်ထဲက ဓားနဲ့လိုက်ထိုးတာ။ဟိုက လူမိုက်ဆရာကြီးပါဆိုတဲ့တစ်ယောက်သူ့မိန်းမလည်းမြင်ရော တောင်းပန်တာတွေရောရှင်းပြတာတွေရော အထစ်ထစ်အငေါ့ငေါ့တွေဖြစ်ပြီးပြေးတာမှ တန်းနေတာပဲ။အဲ့ကတည်းက ပျောက်သွားလိုက်တာသူ့မိန်းမကလေးမွေးမှ အိမ်ပေါ်ပြန်တက်ရဲတယ်။ဒါတောင် ဟိုက ကလေးမွေးနေရင်း သူ့လင်ကိုတွေ့တော့ ဒေါသထွက်ပြီး နီးရာပစ္စည်းတွေနဲ့ကောက်ပေါက်သေးတာ။ဆရာကြီးခမျာ အသံတောင်မထွက်ရဲဘူး။

နောက်တစ်ခန်းက အဲ့ လူမိုက်ဆရာကြီးမယားငယ်အိမ်ကနေ မယားကြီးအိမ်ပြန်ရောက်လာတဲ့အခန်းပဲ။အသေးစိတ်သိချင်ရင်တော့ ကိုယ်တိုင်သာရှာကြည့်ကြပေတော့ …အဲ့ကားကြည့်ပြီး ဘာသွားတွေ့လဲဆိုတော့“ယောက်ကျားတွေမှာ သူတို့ အားကိုးပြီး ကြောက်ရတဲ့ မိန်းမတစ်ယောက်တော့ရှိကြတယ်” ဆိုတာဖြစ်နိုင်တယ်။ဥပမာ – မင်းတုန်းမင်းတရားကြီးလိုပဲပေါ့။မယားတွေ ဘယ်လောက်များများ စကြ်ာဒေဝီမိဖုရားကြီးကိုတော့ အခြားမိဖုရားတွေထက် တလေးတစားနဲ့ အားကိုးပြီးတန်ဖိုးထားတယ်ဆိုတာမျိုးပေါ့။သူ့ကိုခေါင်းဖြီးပေးပိုင်ခွင့်ကည်း စကြ်ာဒေဝီမိဖုရားကြီးပဲရှိတာလို့တောင်ကြားဖူးတယ်။ အိမ်း….ပြောချင်တာက Gangs of Wasseypur ဆိုတဲ့ ကုလားကား ရှိတယ်။ဇာတ်ကောင်အများကြီးပါပြီးဇာတ်အိမ်တော်တော်ခိုင်တဲ့ နာမည်ကြီး ဂန်းစတားကားပဲ။Part 1 -2 ၂ ပိုင်းရှိတာမို့ အစအဆုံး တစ်ခါတည်းကြည့်မယ်ဆို အစအဆုံးကြည့်မယ်ဆို အချိန် ၇ နာရီလောက်ပေးရတယ်။မိမိအရမ်းကြိုက်တဲ့ ကားထဲမှာ တစ်ကားအပါအဝင်ပေါ့။အဲဒီထဲမှာ အကြိုက်ဆုံးအခန်းက လူမိုက်ဆရာကြီးပေါက်စ Sandar Khan ကိုသူ့မိန်းမ ဗိုက်ကြီးသည်ကပြည့်တန်ဆာအိမ်မှာ သွားရှာတဲ့အခန်းပဲ။

#NOe

အေးပေါ့….ရေချိုးနေရင်း ဖုန်းတို့ ကွန်ပျူတာတို့မှ သုံးမရတာ။

မိမိတို့လင်မယားဟာမနက်မိုးလင်းကနေ ညမိုးချုပ်ထိတွေ့နေရတာပါ။အလုပ်ကလည်း အတူတူဆိုတော့အခုလို Stay Home ကာလမှမဟုတ်ပါဘူးပုံမှန်နေ့ရက်တွေမှာလည်း တစ်ချိန်လုံးတွေ့နေရတာပါ။ဒီလောက်တွေ့နေရပေမယ့် ကထွင်းတို့က ပြောစရာရှိတာတွေကိုအခြားအချိန်မှာမပြောဘူး။မေးစရာရှိလည်း အခြားအချိန်မှာ မမေးဘူး။သူရေချိုးပြီဆိုရင် ရေချိုးနေရင်း အော်အော်ပြောတော့တာ။မေးစရာတွေရှိလည်း ရေချိုးနေရင်း လှမ်းလှမ်းမေးတော့တာပဲ။ရေပန်းသံနဲ့မို့ မိမိကသေချာမကြားလို့ ပြန်မဖြေရင်မဖြေမချင်း မေးနေတော့တာနော်။ဘာအကျင့်မှန်းကိုမသိ။တစ်သက်နဲ့တစ်ကိုယ်ရေချိုးရင်းသီချင်းလေးညည်းတာမျိုးပဲကြားဖူးတယ်။ကထွင်းကျမှ ရေချိုးရင်း အမေးအဖြေ ကဏ္ဍတွေရောဟောပြောရေးတွေရောအတွေးအမြင်ဖလှယ်တာတွေရော စုံပလုံစိနေတာပဲ။သူ့မျက်နှာဝက်ခြံပေါက်တဲ့ကိစ္စအစအလုပ်ကိစ္စတွေအလယ်အနတ္တစကြဝဠာအဆုံး အကြောင်းအရာအစုံကိုရေချိုးနေရင်း တရစပ်ပြောတာမျိုးနော်။ရေချိုးခန်းကထွက်တာနဲ့ ဘာမှမပြောတော့ပြန်ဘူး။ကိုယ်တွေမှာ သူရေချိုးပြီဆို ရေချိုးခန်းရှေ့ ငုတ်တုတ်ပဲ။အေးပေါ့….ရေချိုးနေရင်း ဖုန်းတို့ ကွန်ပျူတာတို့မှ သုံးမရတာ။

#NOe

ဒီရက်ပိုင်းမှာ ထက်ထက်မိုးဦး Live လွှင့်ပြီးစျေးရောင်းတာတွေလိုက်ကြည့်ဖြစ်နေတယ်

ဒီရက်ပိုင်းမှာ ထက်ထက်မိုးဦး Live လွှင့်ပြီးစျေးရောင်းတာတွေလိုက်ကြည့်ဖြစ်နေတယ်။သူက ရတနာတွေနဲ့ အထည်တွေရောင်းတာဆိုတော့ မိမိအကြိုက်နဲ့က လုံးဝဆန့်ကျင်ဖက်တွေ။ဘာလို့ကြည့်လဲဆိုတော့ သူ့ကိုကြည့်ချင်လို့ကိုကြည့်တာ။ဘာလို့ကြည့်ချင်လဲဆိုတော့ မိမိလည်းမသိဘူး။သူ့ကိုကြည့်နေရရင် ပျော်ရွှင်ခြင်းတစ်မျိုးကို ခံစားရတယ်။ထက်ထက်မိုးဦးဟာ “မျက်နှာမြင်ချစ်ခင် ၊ အသံကြားသနား”ဆိုတဲ့ ဆုတောင်းများပြည့်နေလေသလားပဲ။သူများတွေလို ဟာသလည်းမပြော ၊ ပေါတောတောလုပ်တာမျိုးလည်းမရှိဘဲနဲ့ကို ဒီအတိုင်း စျေးရောင်းနေတာနဲ့တင် အဆင်ပြေနေတာမျိုး။စျေးရောင်းကတော့ တော်တော်ကောင်းတယ်။(Marketing Level ကိုပြောတာမဟုတ်ဘူးနော်။စျေးရောင်းတာကိုပြောတာ။)စျေးရောင်းတဲ့နေရာမှာ တော်တော်လေးကို ဆရာကျတယ်လို့ပြောလို့ရတယ်။မဝယ် ဝယ်ချင်အောင်ပြောပြီးကိုရောင်းတတ်တာမျိုး။နောက်ပြီးရတနာအကြောင်းလည်းတော်တော်လေးနားလည်ပုံပေါက်ပါတယ်။(အေးပေါ့… တစ်ခေတ်တစ်ခါက ရတနာဆိုင်ပေါင်းစုံကို ကြော်ငြာရိုက်ပေးပြီး ရတနာမျိုးစုံ ထည်လဲ ဝတ်ခဲ့ရတဲ့ မိုးကုတ်သူကိုး။)တစ်ချို့တွေကတော့ပြောတာပေါ့ “တစ်ချိန်က ကြော်ငြာဘုရင်မ အခုတော့ စျေးရောင်းစားနေရတယ်”ဘာညာနဲ့။ခိုးစားတာလည်းမဟုတ် ၊ ဓားပြတိုက်စားတာလည်းမဟုတ် ၊ သူများ မျက်ရည်ပေါက်ကြီးငယ်ပါတဲ့ အပူစာစားတာမှမဟုတ်တာ။သူ့ဟာသူ ရိုးရိုးသားသားစျေးရောင်းစားတာ သမ္မာအာဇီဝပါ။နောက်ပြီး မရှိတာကို အရှိလုပ် ၊ အတင်းကြီးတွေ ချမ်းသာပြပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့လေကျယ်နေတဲ့ အထည်ကြီးပျက်တွေထက်စာရင် ထက်ထက်မိုးဦးက အများကြီးရိုးသားပါတယ်။လျှမ်းလျှမ်းတောက် အနေအထားပဲရောက်ရောက် ၊ အောက်ဆုံးမှာပဲနေရနေရ ကိုယ့်ဘဝကိုယ် (သူများကို ဒုက္ခမပေးဘဲ) အဆင်ပြေအောင်နေထိုင်ဖြတ်သန်းသွားနိုင်ဖို့က အရေးကြီးတယ်မလား?မသိဘူး။သဘောကျတယ်။ဒီရက်ပိုင်းမှာ ထက်ထက်မိုးဦး Live လွှင့်ပြီးစျေးရောင်းတာတွေလိုက်ကြည့်ဖြစ်နေတယ်။သူက ရတနာတွေနဲ့ အထည်တွေရောင်းတာဆိုတော့ မိမိအကြိုက်နဲ့က လုံးဝဆန့်ကျင်ဖက်တွေ။ဘာလို့ကြည့်လဲဆိုတော့ သူ့ကိုကြည့်ချင်လို့ကိုကြည့်တာ။ဘာလို့ကြည့်ချင်လဲဆိုတော့ မိမိလည်းမသိဘူး။သူ့ကိုကြည့်နေရရင် ပျော်ရွှင်ခြင်းတစ်မျိုးကို ခံစားရတယ်။

#NOe

အိမ်ထောင်သက်၁နှစ်မပြည့်ခင်ငပိ၁ပိဿာကုန်သွား

ငနိုးတို့ ငယ်ငယ်တုန်းက အိမ်မှာ ငပိတွေကို စဉ့်အိုးလေးတစ်လုံးထဲ သိပ်ပြီး သိမ်းတယ်။စဉ့်အိုးလေးက ချစ်စရာလေးရယ်။အဲဒီစဉ့်အိုးလေးထဲငပိသိပ်တာ ငနိုးတာဝန်။ရခိုင်က ငပိတွေအသစ်ရောက်ပြီဆို စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်တစ်ရက်ရက်မှာ အင်္ဂလိပ်စာကျောင်းနဲ့ ကျူရှင်ချိန်တွေပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါ ငနိုးလေးဟာ အမေနဲ့အတူ ငပိသိပ်ဖို့ပြင်ဆင်ရတယ်။အိမ်နေရင်းထဲက အစုတ်ဆုံးကိုရွေးဝတ် ၊ ဆံပင်တိုလေးဆိုပေမယ့် ရှေ့ဆံပင်တွေကျမှစိုးလို့ ကလစ်တွေနဲ့သေချာသိမ်းပြီးရင် အမေသေချာဆေးကြောနေလှန်းထားတဲ့ စဉ့်အိုးလေးထဲမှာ ငပိတွေစသိပ်ရတယ်။ ငပိထုပ်ထဲက ငပိလက်တစ်ဆုပ်စာလောက်ယူ စဉ့်အိုးလေးထဲ လက်မလေးနဲ့ သေသေချာချာဖိဖိထည့်ပြီး ငပိတွေကို သိပ်ရတယ်။ငနိုးက လက်သီးနဲ့ပါ အဆစ်ထိုးသေးတာ။ငပိသိပ်တဲ့နေရာမှာ လေမခိုဖို့က အဓိကမလား ?ငပိတစ်ခါသိပ်ရင် အနည်းဆုံး ၄ ပိဿာအထက်မှာရှိတယ်။(အိမ်မှာက လူများတဲ့အပြင် ဆွမ်းချိုင့်တွေကလည်းများတာကို။ဒီကြားထဲဟင်းချက်ပြီး အရပ်ဝေတာတို့ ၊ အိမ်မှာ အလှူလုပ်တာတို့ ဘာတို့ကလည်းရှိသေးတာ။)ငပိသိပ်ပြီးရင် ငနိုးလေးဟာ ရေချိုးပေတော့ပဲ။ခေါင်းပါတစ်ခါတည်းလျှော်ရတာ။ငပိနံ့တွေရော ချွေးနံ့တွေရောမို့ ဆပ်ပြာ အနည်းဆုံး ၃-၄ခါ လောက်တောင် တိုက်ယူရတယ်။ရေချိုးပြီးရင် ထမင်းစားတယ်။ပြီးရင် တစ်ရေးတစ်မော အိပ်ပြီပဲ။အရမ်းပင်ပန်းတာကို။အဲဒါ ငနိုး ၆ တန်းလောက်ထိ နှစ်တိုင်းလုပ်ခဲ့ရတာ။နောက်ပိုင်း အိမ်ပြောင်းရင်း အဲဒီ ငပိအိုးလေးကွဲသွားတော့ အမေက စဉ့်အိုးအသစ်ထပ်မဝယ်တော့ဘူး။ရခိုင်ကလည်း ငပိကို အရင်လို ပလပ်စတစ်အိတ်နဲ့ထုတ် ၊ ဖက်တွေပတ်ပြီးမပို့တော့ဘဲ ငပိ ၁ ပိဿာဝင် ပလတ်စတစ်ဘူးတွေနဲ့ တစ်ခါတည်းသိပ်သိပ်ပြီးပဲပို့တော့တယ်။အဆင်ပြေတယ်လို့ထင်ရပေမယ့် မိမိအတွက်တော့အဆင်မပြေဘူး။ငပိဆိုရင် စဉ့်အိုးလေးနဲ့ပဲသိမ်းချင်နေတုန်း

လောလောဆယ်တော့အိမ်မှာက ငပိတွေကိုရခိုင်က အဖွားပို့ပေးလိုက်တဲ့အတိုင်းပလတ်စတစ်ဘူးနဲ့ပဲ သုံးနေတုန်း။အခြေအနေပေးတဲ့ တစ်နေ့ စဉ့်အိုးကောင်းကောင်းလေးတစ်လုံးသွားရှာဝယ်ပြီး ငပိသိပ်ဦးမယ်။မောင်ကိုဦးတို့ မွေးလာရင်လည်း စဉ့်အိုးလေးနဲ့ ငပိသိပ်ဖို့ သင်ပေးဦးမယ်။ရိုးရာဟင်းချက်ပစ္စည်းတွေကိုမိရိုးဖလာ ရိုးရာနည်းအတိုင်း သိမ်းတာကအကောင်းဆုံးပဲမလား ?#NOe

“ထမင်းဟင်းချက်တာ ဘယ်ကတတ်လဲ?”

“ထမင်းဟင်းချက်တာ ဘယ်ကတတ်လဲ?”လို့မေးရင်“အမေ့ဆီက တတ်တာ” လို့ဖြေရမယ်။(၅၀% နှုန်းပေါ့။)အမေဟာ သိပ်ကိုဟင်းချက်ကောင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။နောက်ပြီး ဘယ်ရာသီဥတုမှာ ဘာအစာကိုစားသင့်တယ် ၊ဘယ်အစားအစာကို ဘယ်လိုချက်ပြီး ဘာလေးနဲ့တွဲစားရင် ပိုလိုက်ဖက်တယ်၊(Nurse လည်းလုပ်ခဲ့တော့)ဘယ်အစားအစာမှာ ဘာအာဟာရဓာတ်တွေပါတယ် … ဆိုတာမျိုးတွေကအစ စစ်စစ်ပေါက်ပေါက် သိတဲ့အမျိုးသမီးပါ။ဥပမာ – ငနိုးတို့ ငယ်ငယ်က မိုးတွင်းရောက်ပြီဆို ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်နီအစိမ်းတွေကျွေးတယ်။ဒီအတိုင်းဆိုမစားမှာစိုးလို့ သခွါးသီးကို ပါးပါးလှီး ၊ သံပုရာသီးလေးတွေညှစ်ပြီး ကြက်သွန်နီနဲ့သုပ်ကျွေးတာမျိုး။နောက်ပြီး ကြောင်လျာသီးတို့ ၊ ကြက်ဟင်းခါးသီးတို့လို အခါးတွေဆိုလည်း ငယ်ငယ်ကတည်းက စားကျင့်ရှိအောင် မျိုးစုံကို ချက်ကျွေးတာ။အစားစုံစားတော့ ငနိုးတို့ အိမ်မှာ ဘယ်သူမှ အားဆေးစွဲသောက်စရာမလိုဘူး။တော်ရုံလောက်ဆို ဖျားတာ ၊ နာတာလည်း သိပ်မဖြစ်ကြဘူး။နေမကောင်းဖြစ်လည်း အမေက အစားပဲဝင်အောင်ကျွေးတယ်။

အမေ့စကားနဲ့ပြောရရင် “ဆေးသောက်မယ့်ပိုက်ဆံကို အစားပဲစားလိုက်မယ်” ဆိုတာမျိုးပေါ့။အဲလို အမေနဲ့ကြီးပြင်းလာတာမို့ ငနိုးက ငယ်ငယ်ကတည်းက ချက်တာပြုတ်တာနဲ့သိပ်မစိမ်းဘူး။လူမှန်းသိတတ်စကတည်းက ကြက်သွန်ခွါ ၊ ငရုတ်သီးထောင်း ၊ ဟင်းရွက်သင်၊ ဆန်ဆေး ဘာညာတောက်တိုလောက်ကလုပ်တတ်နေပြီ။ကစားစရာထဲမှာလည်း အများဆုံးက အိုးပုတ်ပဲ။မြေအိုးပုတ်နဲ့ စဉ့်အိုးပုတ်လေးတွေ ပလက်စတစ်ခြင်းကြီးနဲ့ ၂ ခြင်းတောင်ရှိခဲ့တာ။မိမိ ၇ တန်းလောက်မှာ အမေက မိမိမသိအောင် သွားလွှင့်ပစ်လိုက်လို့ တော်တော် ငိုလိုက်ရသေးတယ်။

မှတ်မှတ်ရရ ၈တန်းမှာ (အမေဗိုက်ကြီးတော့ စိတ်ဆိုးနေတုန်း)အဖွားဆီက ပိုက်ဆံတောင်းပြီး ကိုယ်တိုင်စျေးဝယ် ချက်စားဖူးတယ်။(အဲဒီတုန်းက ငါးပြေမစားချင်လို့စျေးသွားဝယ်တာ စျေးသည်က တီလားဗီးယားကို ငါးပြေမပါဆိုပြီးလိမ်ရောင်းလိုက်တယ်။အိမ်ရောက်တော့ အဖွားက “ငါ့မြေးရယ် သမီးဟာက ငါးပြေမ မဟုတ်ဘူး။တီလားဗီယားကြီး” ဆိုလို့ ကိုယ်မှာ ဈေးသည်ကို ဒေါသတွေထွက်ပြီး မျက်ရည်စက်လက်နဲ့ ငါးဟင်းချက်စားခဲ့ရတာက အမှတ်တရပဲ

အသက်အရွယ်ရလာတော့ ကိုယ့်ဟာကိုယ်လက်တည့်စမ်းပြီးချက်ကြည့်တယ်။ကောင်းတာလည်းရှိသလို ၊ မကောင်းတာလည်းရှိတယ်။YouTube က ဟင်းချက် Video တွေလိုက်ကြည့်တယ်။(Master Chef Myanmar တော့မကြည့်ဘူး

အဓိကကတော့ ဟင်းချက်ရင် ခေါင်းသုံးပြီး နှလုံးသားနဲ့ချက်တာပဲ။

မိမိအတွက်တော့ ဟင်းချက်ခြင်းဟာ “ကမ္ဘာဦးကတည်းက လူသားတွေနဲ့အတူဖြစ်တည်လာခဲ့တဲ့ အနုပညာတစ်ရပ်” လို့ခံယူထားတယ်။အမေကလည်း ပြောဖူးတယ်။“လူတိုင်း ဟင်းချက်တတ်ကြတယ်။”တဲ့။ဒါပေမယ့် မိမိကိုတော့“ထမင်းဟင်းချက်တာ ဘယ်ကတတ်လဲ?”လို့မေးရင်“အမေ့ဆီက တတ်တာ” လို့ဖြေရမယ်။

#NOe

နိုး”အိမ်ဆောက်ရင်”

အိမ်ဆောက်ရင် မြေအောက်ခန်းထည့်ဆောက်မယ်။ခြောက်သွေ့ပြီး အေးမြတဲ့ မြေအောက်ခန်းပေါ့။ဘာလို့လဲဆိုတော့ စားစရာလှောင်မလို့။ငပိ ၊ ငပိကောင် ၊ မျှစ်ချဉ် ၊ ချဉ်ဖတ်စုံ ၊ မန်ကျည်းမှည့် စတာတွေကို စဉ့်အိုးတွေနဲ့သိပ်ပြီး အဲဒီမြေအောက်ခန်းမှာထားမယ်။ငရုတ်သီးခြောက်တို့ ၊ ငရုတ်သီးမှုန့်တို့ ၊ နနွင်းတို့ ၊ ဆားတို့ ၊မဆလာတို့ ဘာညာသာရကာ ဟင်းခတ်ပေါင်းစုံကိုလည်း သူ့စဉ့်အိုးနဲ့သူသိမ်းမယ်။ဂျင်းတို့ ၊ ကြက်သွန်တို့ ၊ အာလူးတို့ ကျတော့ တောင်းလေးတွေနဲ့သိမ်းမယ်။ငါးခြောက်တွေလည်း ဗူးလေးတွေနဲ့သိမ်းမယ်။အကောင်ကြီးရင်တော့ အကောင်လိုက် ဇောက်ထိုး ချိတ်ထားမယ်။ဝိုင်တို့ ၊ ဘီယာတို့ ၊ ဆန်အရက်တို့ စတဲ့ယမကာတွေကို သူ့အမျိုးအစားအလိုက် စီစီရီရီထားမယ့် အရက်စင်လည်း အဲဒီမြေအောက်ခန်းမှာရှိမယ်။နောက်ပြီး ကြာဇံ၊ခေါက်ဆွဲ စတဲ့ ကုန်ခြောက်တွေကိုလည်း သူ့နေရာနဲ့သူသိမ်းမယ်။ထောပတ်တို့ ၊ ချိစ်တို့ကိုလည်း အဲမှာပဲသိမ်းမယ်။ ဆန်တို့ ၊ ပဲတို့ကိုလည်း စဉ့်အိုးကြီးတွေနဲ့သိမ်းမယ်။အဲလောက်စားစရာတွေအများကြီးသိမ်းပြီးဘာလုပ်မလဲ? ဆိုတော့ ချက်စားမယ်လေ။မီးဖိုချောင် ၃ ခုနဲ့ချက်စားမှာ

ဟုတ်တယ်။မီးဖိုချောင် ၃ ခုလိုချင်တယ်။တစ်ခုက မြေညီထပ်မှာ ထမင်းစားခန်းအသေးလေးနဲ့တွဲထားမယ့် Open Kitchen လေး။အဲဒီမှာ လွယ်လွယ်ကူကူချက်စားလို့ရတာလေးတွေ ချက်စားမယ်။ဥပမာ – ထမင်းကြော်တို့ ၊ ခေါက်ဆွဲပြုတ်တို့၊ ကြက်ဥကြော်တို့ ၊ လက်ဖက်သုပ်တို့ ဘာတို့။ဒုတိယတစ်ခုက ခြံထဲမှာ..Herbal Garden လေးနဲ့တွဲထားမယ့် Outdoor Kitchen လေး။Barbecue တို့ ၊ Salads တို့ ဘာတို့စားဖို့။Herbal Garden လေးမှာတော့ နံနံပင်တို့ ၊ ပင်စိမ်းတို့ ၊ ရှမ်းနံနံတို့ ၊ ပူစီနံတို့ ၊ Rosemary တို့၊ Basil တို့ ဘာညာ စိုက်မယ်ပေါ့ဗျာ။တကယ့် Main Kitchen ကိုတော့ အိမ်ရဲ့ အပေါ်ဆုံးထပ်မှာထားမယ်။အပေါ်ဆုံးထပ်ကို ၂ ပိုင်းပိုင်းမယ်။တစ်ပိုင်းက မီးဖိုချောင်။နောက်တစ်ပိုင်းက အရက်Bar ပါတဲ့ Dinning Area။လူအယောက် ၅၀ လောက်ကို တစ်ခါတည်း ဧည့်ခံကျွေးမွေးနိုင်မယ့်နေရာမျိုးပေါ့။ပတ်လည်ကိုမှန်တွေနဲ့ကာထားမယ်။ပတ်လည်ဝရံတာလည်းရှိမယ်။ရာသီဥတုသာယာတဲ့နေ့တွေမှာ မှန်တံခါးတွေကို ဖွင့်ချလိုက်ရင် သဘာဝလေ လေတဖြူးဖြူးနဲ့ စားသောက်လို့ရတဲ့ Dinning Area ဖြစ်သွားမယ်။Main Kitchen အကြောင်းဆက်ပြောရရင် Main Kitchen မှာ အစုံရှိချင်တယ်။မီးဖိုဆိုလည်း မီးသွေးမီးဖိုရော ဂတ်စ်မီးဖိုရောရှိချင်တယ်။အိုးဆိုလည်း မြေအိုးအစ ၊ ဒန်အိုး ၊ သွပ်အိုး၊ စတီးအိုး အလယ် ၊ ကြွေအိုးပေါင်းအိုး ဆုံးပေါ့။Pan တွေလည်းအစုံရှိချင်တယ်။နောက်ပြီး နံပြားဖိုတစ်ခုလည်းရှိစေချင်သေးတယ်။(ကြက်သံပုံးကင်တို့ ၊ ငါးရွှံ့အုံမီးဖုတ်တို့ လုပ်စားလို့ရအောင်။ခရမ်းသီးတို့ ၊ ကြောင်လျာသီးတို့ကလည်း မီးသွေးမီးနဲ့ဖုတ်မှစားကောင်းတာ)Microwave နဲ့ Oven လည်းမပါမဖြစ်ပေါ့။ဓားဆိုလည်း Size စုံ ၊ အမျိုးစုံ Set လိုက်ရှိစေချင်တယ်။နောက်ပြီး စဉ်းနှီးတုံးအစုံရောပဲ။မန်ကျည်းသားစဉ်းနှီးတုံး ၊ ဝါးစဉ်းနှီးတုံး ၊ ဖန်စဉ်းနှီးတုံး စသည်ဖြင့် …ပြီးတော့ ဆုံတွေ ..ကျောက်ဆုံ ၊ ဒန်ဆုံ ၊ စဉ့်ဆုံ ၊ သစ်သားဆုံ .. အစုံလိုချင်။အသားကြိတ်စက် ၊ အမှုန့်ကြိတ်စက် ….အိုး …. ပြောရင်ကုန်မှာမဟုတ်ဘူး။ဖြစ်နိုင်ရင် Walk-in ရေခဲသေတ္တာကြီးလည်းလိုချင်သေးတာ။ခက်တာက ဘယ်နားထားရမလဲ ? အခုထိစဉ်းစားမရသေး။ နောက်ပြီး ပန်းကန်ခွက်ယောက်တွေလည်း စုံပလုံစိအောင်ဝယ်စုပြီး နံရံကပ် ဘီရိုတွေနဲ့ စီစီရီရီထားချင်သေးတာတော့်

အခုလောလောဆယ်တော့ကျောက်မြောင်းတိုက်ခန်းက ၁၂ ပေ x ၈ ပေ မီးဖို​ချောင်လေးမှာ ဒယ်နီလေးတစ်လုံးနဲ့ ငပျင်းချက်နည်းတွေပဲချက်နေလိုက်ဦးမယ်။

မည်သို့ပင်ဆိုစေကာမူ“Dreams Do Come True” ပါ။ပိုက်ဆံပဲလိုတာ

#Noe