ဒီနေ့အဖွားရခိုင်ပြန်သွားတယ်…

ဒီပိတ်ရက်မှာ ကားပြင်တာနဲ့ပဲအချိန်ကုန်နေတယ်။

ဒီမနက် ၄ နာရီခွဲ ကထွင်းပုဂံကပြန်ရောက်လို့ ကျောင်းမှာသွားကြိုရသေးတယ်။

အိမ်ပြန်ရောက်တော့ ၆ နာရီထိုးနေပြီ။ ခဏဆိုပြီးပြန်အိပ်လိုက်တာ ၉ နာရီမှနိုးတယ်။

ကမန်းကတမ်းထပြီး ရေမိုးချိုးပြီး အဖွားကို လေဆိပ်လိုက်ပို့ရတယ်။

အဖွားကတစ်ယောက်တည်းပြန်နေကျရယ်။

အဲဒါကို ရွှေပိုးက တစ်ယောက်တည်းစိတ်မချဘူးဆိုပြီး စိတ်ပူနေတယ်။

အဖွား Boarding Gate ဖြတ်ပြီးဝင်သွားကြည့်ပြီး လှည့်ပြန်နှုတ်ဆက်မလားလို့ မျှော်လင့်ကြသေးတယ်။

အဖွားက ဂရုတောင်မစိုက်ဘူး။ ဝင်သွားပြီးကတည်းက လှည့်ကိုမကြည့်တာ … ၂ယောက်သား ဒီအတိုင်းလှည့်ပြန်ခဲ့ရတယ်။

၁ နာရီကျော်တော့ အဖွားရခိုင်ကိုကျန်းမာစွာရောက်ရှိကြောင်းဖုန်းလက်ခံရရှိတယ်.

တစ်နေ့နေ့မှာ အခုလိုပဲ ကိုယ်ချစ်တဲ့သူတွေက ကိုယ့်ကို ကျောခိုင်းသွားပြီး ထာဝရပြန်လှည့်ကြည့်မခံရမယ့် အခြေအနေတွေကြုံလာရဦးမှာပဲ။

အဲ….

ကိုယ်ချစ်တဲ့သူတွေကို ကျောခိုင်းသွားပြီး ထာဝရပြန်လှည့်မကြည့်နိုင်တော့မယ့်သူက ကိုယ်လည်းဖြစ်ဦးမှာပဲလေ။

အိမ်း…. သံယောဇဉ်တွေ….

#NOe

အို ဘယ်လိုတွေ…

Now & Ever ရုပ်ရှင်အထူးပွဲပြတဲ့နေ့က Interview တွေကြည့်ဖြစ်တယ်။

အဲဒီမှာ ဘဝင်မကျတာတစ်ခုသွားတွေ့တယ်။

ဘာလဲဆိုတော့ Now & Ever က မင်းသမီး ပိုင်ဖြိုးသုရဲ့ အမျိုးသား ဒါရိုက်တာ ဏကြီးကိုမေးကြတဲ့ မေးခွန်းတွေပေါ့။

“သုသုကို ဇာဏ်ခီနဲ့ Ro နေတာတွေ့တော့ သဝန်မတိုဘူးလား ” ဆိုတာမျိုးတွေ။

What the F**k ပဲ။ ကိုဏကြီးမို့ ဒီမေးခွန်းကို အရေးအရာယူပြုပြီးဖြေနေတာ။

ကိုယ်တွေသာဆို ဆဲလွှတ်မှာ။

ဒီမေးခွန်းဟာ ကိုဏကြီးကို အကို ဟာ အကို့မိန်းမအလုပ်နဲ့ပတ်သတ်ပြီးဘောထားသေးလား လို့ သွယ်ဝိုက်မေးတဲ့ အဓိပ္ပာယ်ပဲ။

နောက်တစ်ခုက မေးတဲ့သူတွေအနေနဲ့ သုသု ဟာ အလုပ်ကိုအလုပ်လိုလုပ်သွားတယ်ဆိုတာမမြင်တာကြလည်းဖြစ်တယ်။

လူတွေက အဲလိုပဲ Professional Lifeနဲ့ Personal Life နဲ့ မကွဲပြားကြတော့ဘူး။ပိုဆိုးတာက သမီးရည်းစား (သို့)လင်မယားကြားမှာ တစ်ယောက်ကိုတစ်ယောက်မဖြစ်မနေကို သဝန်တိုမှုတွေရှိကိုရှိရမယ် ဆိုတာကြီး ခေါင်းထဲစွဲနေကြတာပဲ။

တစ်ယောက်နဲ့တစ်ယောက်ကြား သဝန်မတိုဘူးလို့ဆိုလိုက်ရင် တကယ်မချစ်ကြတဲ့သူတွေလို့ ကောက်ချက်တွေချကုန်ကြရော…

ရွံစရာတွေ…

လူတစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်မချစ်ဆိုတာ သဝန်တိုမှုနဲ့ တိုက်ရိုက်အချိုးမကျကြောင်း ၊ သက်ဆိုင်မှုလည်းမရှိကြောင်း …

#NOe

၃၀-၁၀-၂၀၁၉

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေပိုးမွေးနေ့……

အဖွားရယ် ၊ ဘူးသီးရယ် ၊ရွှေပိုးရယ် ကိုခေါ်ပြီး ကိုထွန်းလင်းနဲ့ ဘုရားသွားတယ်။

ဒေဝါလီနေ့မို့ လူအရမ်းများတော့ အဖွားက စိတ်တိုတယ်။

ပြီးတော့ M3 မှာ ဒင်းဆမ်းသွားစားကြတယ်။ ကထွင်းက ရွှေပိုးကိုမွေးနေ့လက်ဆောင်ဆိုပြီး မနက်စာကျွေးတယ်။

မနက်စာစားပြီးတော့ အဖွားကိုအိပ်ပြန်ပို့ပြီး လှော်ကားသွားကြတယ်။ လမ်းမှာ ဂျေဒိုးနပ်တွေဝင်စားကြသေးတယ်။

ရန်ကုန်မှာနေလာတာ ၂၅ နှစ်လောက်ရှိနေပြီ လှော်ကားကိုတစ်ခါမှမရောက်ဖူးဘူး။

လှော်ကားက ပျော်စရာကြီးရယ်။

တောအုပ်ကြီးမှာ နေ့တိုင်းနေရရင် သိပ်ကောင်းမှာပဲလို့ တွေးပြီး … ပိုက်ဆံတွေပိုရှာရမယ့်အကြောင်းက ပိုပိုခိုင်မာလာတယ်။

ဘဝမှာ အချစ်လည်းရှာစရာမလိုတော့ဘူး။ ပညာရှာဖို့လည်း သိပ်အရေးမကြီးတော့ဘူး။ ပိုက်ဆံရှာစရာပဲရှိတော့တယ်။ ပိုက်ဆံတွေအများကြီး ရရင် ရသလောက်ရှာရမယ်။ ကြိုးစားရှာရမယ်။

လှော်ကားကပြန်တော့ စစ်သချိုင်းဝင်ကြတယ်။ပြီးတော့ အိုအီးရှီ မှာ ဆူရှီသွားစားကြတယ်။

တနင်္လာနေ့က ရုံးပိတ်ရက်ပေမယ့် ရုံးတက်ရတယ်။ အဲဒီနေ့က Project အသစ်တစ်ခုအတွက်လက်မှတ်ထိုးတယ်။တကယ်တော့ အဲ့ Project ကို လက်မှတ်ထိုးချင်လို့စောင့်နေတာ ၆ လလောက်ရှိနေပြီ။အခုမှပဲထိုးဖြစ်တာ။

မနေ့က မစန္ဒီ နဲ့ ကိုအမရ မင်္ဂလာဦးဆွမ်းကျွေးတယ်။

ရာသီဥတုက ပူပေမယ့် လှလှပပလေးပွဲတက်ပေးချင်လို့ မိတ်ကပ်တွေလိမ်းပြီး ဆံပင်တွေပါသွားပြင်လိုက်တယ်။

သူတို့ လက်မှတ်ထိုးတဲ့နေ့ မလိုက်ပေးနိုင်လိုက်လို့ မနေ့ ပွဲပြီးတဲ့အထိနေတဲ့အပြင် ပွဲပြီးလို့ မီးဆိုင်းသွားဝယ်တာတွေပါလိုက်ပေးလိုက်တယ်။

၂ ယောက်စလုံးက လှပပျော်ရွှင် ကြည်နူးဝမ်းသာ နေလိုက်ကြတာများ….မြင်ရသူတွေအတွက်ပါပျော်စရာကြီးရယ်။

#NOe

တက်တူးထိုးချင်တဲ့စိတ်နဲ့ နိုးထဖြစ်တဲ့ ဒီနေ့

တစ်ကိုယ်လုံးတက်တူးအပြည့်ထိုးထားတဲ့မိန်းမတစ်ယောက်အကြောင်း ၃ တန်းတုန်းက SUMMER SCHOOL မှာ သင်ခဲ့ရဖူးတယ်။

၉ တန်းလောက်ရောက်တော့ တက်တူးထိုးချင်တဲ့ အာသီသစဖြစ်တယ်။

အခြားများများစားစားရယ်လည်းမဟုတ်ပါဘူး။ “NOe” ဆိုတဲ့ စာလုံးလေးကို လက်တစ်ဖက်ဖက်ရဲ့ တစ်နေရာရာမှာထိုးချင်တာ။

ဒါပေမယ့် တစ်ဖက်ကလည်း ဘယ်တော့မှမထိုးဘူးလို့ ဆုံးဖြတ်ထားတယ်။

ကထွင်းကလည်း တက်တူးကြိုက်ပုံ မပေါ်ဘူး။”အရမ်းထိုးချင်သပဆိုရင် ပေါင်မှာထိုးကွင်းတွေထိုးပါလား” လို့တော့ ခဏခဏပြောတယ်။

အမြဲပေါင်းဖြစ်တဲ့ သူငယ်ချင်းမတွေမှာ တက်တူးတွေရှိကြတယ်။ဟိုတစ်လောက မြတ်နှင်းက တက်တူးအသစ်သွားထိုးတော့ ခေါ်သေးတယ်။မလိုက်ဖြစ်ခဲ့ဘူး။အဲဒီထိ ထိုးချင်စိတ်မဖြစ်ဘူး။

ဒါပေမယ့် ဒီနေ့မနက် အိပ်ယာကနိုးနိုးချင်း ပထမဆုံးဖြစ်တဲ့စိတ်က “ငါ့ကိုယ်မှာ တက်တူးတစ်ခုလောက်ရှိရင်ကောင်းမယ်”ဆိုတဲ့ စိတ်ကြီး။

နောက်ပြီး မင်္ဂလာဆောင်ပြီးရင်တော့ မနက်ဖက်တွေတရားပြန်ထိုင်ဖြစ်ဖို့များတယ်။

ဟူး……

သက်သတ်လွတ်စား ၊ အဖြူဝတ် ၊ တရားထိုင် ၊ တက်တူးတွေနဲ့…

Lifestyle ကြီးကဘာလားဖြစ်တော့မယ်။

အဲဒီတော့ အတတ်နိုင်ဆုံး မထိုးဖြစ်အောင် နေဦးမယ်။

#NOe

သောင်းပြောင်းထွေလာ (၂၄-၁၀-၂၀၁၉)

တစ်နေ့ကညနေလမ်းလျှောက်ရင်း ကထွင်းကထပြောတယ်။

မင်္ဂ လာဆောင်ပြီးလို့ သမီးလေးမွေးရင် “သုံးပန်လှ”လို့နာမည်ပေးမယ်တဲ့။ “ဘာလို့လဲ”ဆိုပြီးမေးတော့ “မောင်ကိုဦးလိုပဲအရွယ်သုံးပါးနာမည်လေ”တဲ့။

သဘောကျတယ်။ အိမ်မှာခေါ်ရင် “အလှ”လို့ခေါ်မယ်။

မနေ့က အရမ်းပင်ပန်းတော့ ကန်တော်ကြီးကို တစ်ပတ်ပဲပတ်နိုင်တယ်။

ဒီနေ့လည်းမနက်အစောကြီးထပြီး မြောင်းတကာဖက်က စက်ရုံတစ်ရုံဆီပြေးရသေးတယ်။

မနက်နိုးနိုးချင်း မစန္ဒီဆီ Message လှမ်းပို့လိုက်သေးတယ်။

သူနဲ့ကိုအမရကဒီနေ့ လက်ထက်စာချုပ်လက်မှတ်ထိုးကြမှာလေ။

တကယ်တော့ကိုယ်တိုင်သွားပြီး ပါဝင်ဆင်နွှဲချင်တာ။ အလုပ်တွေများနေတာနဲ့ မသွားဖြစ်လိုက်ရတာ။ဘာပဲဖြစ်ဖြစ် တကယ်ချစ်တဲ့သူ ၂ ယောက်ပေါင်းဖက်ကြလေသတည်းမို့ ဒီနေ့ဟာ ဘဒ္ဒကမ္ဘာအတွက် မင်္ဂလာ ရှိတဲ့နေ့တစ်နေ့ပဲ။

I’m happy for them ပါ။

စက်ရုံသွားတဲ့လမ်း ကလမ်းဘေးဆိုင်လေးတစ်ဆိုင်မှာ မနက်စာ ရှမ်းခေါက်ဆွဲဝင်စားတာ ဘာကောင်းသလဲမမေးပါနဲ့။

ဒီနေ့အစည်းအဝေးကအဆင်ပြေပါတယ်။

နောက်ဆုံးအချိန်ထိအဆင်ပြေပြီး Project အကြီးကြီးထပ်ရရင်တော့ ပိုကောင်းတာပေါ့။

ပိုက်ဆံရှာရမယ်။

မနက်ကတောင်အဖွားနဲ့ပြောဖြစ်သေးတယ်။

ပိုက်ဆံရှာရမယ့်အကြောင်းတွေ…..

အဖွားကတော့ ပြောရှာတယ်”ပိုက်ဆံကိုကောင်းကောင်းရှာပြီး သေချာထိန်းသိမ်း။ကိုယ့်မှာရှိမှအဆင်ပြေမှာ သူများအားကိုးလို့မရဘူး”တဲ့။

ပြီးတော့ပြောသေးတယ်”ထွန်းလင်းကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံ။သိပ်အနိုင်မကျင့်နဲ့။”တဲ့။

အဖွားပြောလည်းပြောချင်စရာ။

ကိုယ်ဆိုသည်မှာလည်း အများကြီးမပြောနဲ့။

နေ့တိုင်း ညနေရုံးဆင်းရင် သူ့အိမ်မှာကားသွားထား၊ ပြီး၂ ယောက်သားလမ်းလျှောက်ထွက်၊ ပြန်လာရင် သူချက်ထားတဲ့ထမင်းဟင်း အလိုက်သင့်လေးစား။ တစ်ခါတစ်ခါ ဦးလေး(ကထွင်းအဖေ)က အသီးလေးတွေခွဲပြီးရေခဲသေတ္တာထဲ ထည့်ထားပြီး အချိုတည်းဖို့ပါ စီစဉ်ပေးထားသေးတာ။

ဒီနေ့လည်း အစည်းအဝေးအပြီး ပြန်မယ်ဆိုပြီး ကားပေါ်တက်တော့ ကိုယ့်ခုံမှာ တီရှပ်တစ်ထည်ခင်းထားတာတွေလို့ မေးကြည့်တော့ “ခင်ဗျားနေရာကနေပူကျနေလို့ ထိုင်လိုက်ရင်ပူမှာစိုးလို့ ကာပေးထားတာ”တဲ့လေ။

ကိုယ့်မှာ အကြွေတစ်လိုင်း ။

အိမ်း……

သမုဒ္ဒယသစ္စာပဲ။

#NOe

၂၁-၁၉-၂၀၁၉

နေပြည်တော်မှာ အတော်အတန်အရေးကြီးတဲ့ Project ကြီးတစ်ခုရတော့ အဲဒီ Project အတွက် စာချုပ်ကို JJ ဘောင်းဘီဝတ်ပြီး လက်မှတ်ထိုးဖူးတယ်။

အဲလိုပဲ လွှတ်တော်မှာ တစ်နေ့တစ်နေ့ Meeting ပေါင်း သောင်းခြောက်ထောင်လောက်ထိုင်ခဲ့ရတဲ့နေ့တွေတုန်းကလည်း ညနေပိုင်းတွေဆို တွေ့ရာ ပလက်ဖောင်းခေါင်းအုံးပြီး နေဝင်ချိန်ကောင်းကင်ကြီးကို ကြည့်လို့အပမ်းဖြေခဲ့ဖူးတယ်။

အခုနောက်ပိုင်းမှာပုံမှန်ထသွားထလာဖိနပ်တစ်ရံအတွက်ငွေ ၂၀၀၀ အထက်မသုံးဖြစ်တာအတော်ကြာပြီ။

ကိုယ်နဲ့သွေးမတော်သားမစပ်ပေမယ့် လစဉ်ကျောင်းစရိတ်အပြင် အဝတ်အစား ၊ မုန့်ဖိုးပဲဖိုးကအစ ထောက်ပံ့ပေးဖြစ်နေတဲ့ကလေးတွေရှိတယ်။

လူသိရှင်ကြား ပွဲအခမ်းအနားတွေနဲ့မဟုတ်ပေမယ့် လမ်းသွားရင်းစီးထားတဲ့ဖိနပ်ချွတ်ပေးခဲ့တာမျိုး ၊ အိမ်ရောက်မှစားဖို့ဝယ်လာတဲ့ မုန့်ထုတ်ပေးပစ်ခဲ့တာမျိုး ၊ ညနေလမ်းလျှောက်ဖို့ထည့်လာတဲ့အဝတ်ထုတ်ချပေးလိုက်တာမျိူးတွေတော့ ကြုံရင်ကြုံသလို ခဏခဏလုပ်ဖြစ်တယ်။

ငနိုးအတွက်တော့ အသက်ရှင်နေရမှုရဲ့အဓိပ္ပာယ်ဟာ အရေခွံကောင်းကောင်းတစ်ခုထက် အများကြီးပိုသလို နာမည်ကြီးတံဆိပ်တပ်စျေးကြီးအဆင်တန်ဆာတွေထက် အဆမတန်သာလွန်ခမ်းနားတယ်။

#NOe

၂၀-၁၀-၂၀၁၉

သိဒ္ဓတ္ထဟာ စကြာဝတေးမင်းအဖြစ်ကို စွန့်ပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့တောထွက်သွားတယ်။

သိဒ္ဓတ္ထရဲ့ ချမ်းသာမှုဟာ အခုခေတ်ဘုရင်တွေလို ပါးပါးလေးမဟုတ်ဘူး။

ချမ်းသာမှုတွေထားပါ။

သူ့ကိုခစားရတဲ့အပျိုတော်တွေဆိုတာတောင် နယ်နယ်ရရတွေမဟုတ်ဘူး။

ပြစ်မျိုးမှည့်မထင်အပျိုတော်တွေဟာ အသက် ၂၅ နှစ်ပြည့်ရင် ခစားခွင့်မရှိ။

ဥတု ၃ ပါးအတွက် ပြသာဒ်နန်းဆောင် တွေအပြင် ဆိုင်ရာဆိုင်ရာ စည်းစိမ်အဆောင်အယောင်ပေါင်း များစွာနဲ့။

ရထားတဲ့မိန်းမဆိုသည်မှာလည်း လူမက နတ်မကျလှတဲ့ ဘဒ္ဒကစ္စနာ။

ဒါပေမယ့်လည်း သိဒ္ဓတ္ထက အားလုံးထားပြီး တောထွက်သွားတယ်။

အားလုံးထားခဲ့တာနော်။

ဘာအဝတ်မှမယူသွားတာ။ဘာပစ္စည်းမှမယူသွားတာ။အပ်တိုတစ်ချောင်းတောင်မယူသွားဘူး။

အနော်မာသောင်ကမ်းမှာဆံပယ်ပြီးတောထဲဝင်တော့ တောစပ်မှာ ဆာဒူးဆိုလား ၊ သူတောင်းစားဆိုလား (မသဲကွဲတော့) နဲ့တွေ့တော့ နန်းတော်ကဝတ်လာတဲ့ နန်းဝတ်နန်းစားတွေချွတ်ပေးပြီး အဲ့သူတောင်းစားအဝတ်တွေနဲ့ လဲဝတ်သွားသေးတာ။

(တစ်ချို့ကလည်း ဗြမ္မာမင်းကဆက်သတဲ့ သင်္ကန်း ဘာညာနဲ့ အမွှန်းတင်ကြလေရဲ့။ တကယ်က အဝတ်စုတ်ပဲ။ လူ့ပြည်ကနန်းဝတ်နန်းစားတောင်စိတ်မဝင်စားတာ ဗြမ္မာသင်္ကန်းဝတ်ပါလိမ့်မယ် အားကြီးကြီး။)

ဘုရားဖြစ်တော့လည်း သင်္ချိုင်းသွားပြီး ပြည်တည်ပုပ်ပွနေကျွန်မအလောင်းက လောက်တဖွားဖွားနဲ့အဝတ်ကိုကောက်ယူပြီး ပံ့သကူသင်္ကန်းလုပ်ဝတ်သတဲ့။

ရှင်မဟာကဿပကိုပေးခဲ့တာ အဲဒီပံ့သကူသင်္ကန်းပေါ့။

အခုခေတ် ဗုဒ္ဓဘာသာဆိုတဲ့သူတွေ ဘာသာရေးနဲ့ပတ်သတ်တဲ့အခမ်းအနားတွေသွားခါနီး အဝတ်ရွေးပြီးဗျာများနေတာမြင်ရင် သူ့ကိုသတိရတယ်။

#NOe

၁၈-၁၀-၂၀၁၉

ဒီနေ့ရုံးခန်းပြောင်းတယ်။

မနက်အစောကြီးကတည်းက စျေးသွားပြီး မုန့်တီချက်ထားတယ်။

ရီချေက ခြေခေါက်လို့မလာနိုင် ၊ ထွန်းအိမ်ပိုင်ကလည်းမလာနိုင်။

လူစုံတက်စုံမဟုတ်ပေမယ့် ပျော်ဖို့တော်တော်ကောင်းတယ်။

ဘူးသီးလာကူတယ်။

ကလေးမက အစ်မကိုတော့ချစ်ရှာသား။

အိမ်ပြောင်းကားကနောက်ကျပေမယ့်ပြောင်းတာတော်တော်တော့မြန်တယ်။

နေရာချရတာပဲခက်တာ။

ဒါပေမယ့်တော်တော်တော့ပြီးသွားတယ်။

ဝေဝေ က မနားတမ်းကိုလုပ်နေတော့တာ။

ရိုးသက ရုံးအသစ်ကိုတော်တော်သဘောကျပုံပဲ။

စရိတ်တွေက တက်လာပြီ။

ပိုက်ဆံတွေပိုရှာရမယ်။

ညနေကျတော့ မြတ်ကိုရောက်လာတယ်။

၆ နာရီထိုးတော့ ထုံးစံအတိုင်း ကန်တော်ကြီးဖက်လမ်းလျှောက်ထွက်တယ်။

ကန်တော်ကြီးကို ကထွင်းနဲ့ ၂ ယောက်သား၂ ပတ်ပတ်နေတာ ၃ ရက်ရှိပြီ။

အရင်က ၁ ပတ်။

ကျိုက်ထီးရိုးကပြန်လာပြီးကတည်းက ၂ ပတ်ပတ်ဖြစ်နေတာ။

ခြေဖဝါးတွေနာတာမပြောပါနဲ့။

မတတ်နိုင်ဘူးလေ။

လျှောက်မယ်ဆုံးဖြတ်ထားရင် မဖြစ်ဖြစ်အောင်လျှောက်ရမှာပဲ။

ဘဝဟာလည်း …….. မဖြစ်ဖြစ်အောင်လျှောက်ရမှာပဲ။

#NOe

Gym သွားချင်နေပါတယ်

ဒီနေ့မနက်လည်းစောစောနိုးတယ်။

နိုးနိုးချင်း Gym သွားချင်စိတ်ပေါက်တယ်။

ဟူး…..

တကယ်တော့ gym ဆိုတာ ကိုယ်နဲ့ စိမ်းတဲ့နေရာမဟုတ်။

ကိုယ်တွေ ဆယ်တန်းအောင်ခါစ gym စဆော့တုန်းကဆို ရန်ကုန်မှာ အခုလို gym culture သိပ်မထွန်းကားသေး။

အဲဒီကတည်းက ဆော့တာ။

တစ်နေ့ ၂ ကြိမ်ဆော့ခဲ့တဲ့အချိန်တွေတောင်ရှိခဲ့သေး။

နေပြည်တော်မှာ ရုံးစခွဲတော့ gym နားလိုက်တယ်။

ဒီကြားထဲ ဟော့ပေါ့တွေမတရားစားပြီး နည်းနည်းဝလာတော့ gym ပြန်ဆော့ပါသေးတယ်။

နောက်တော့ “ဟယ် .. ဝလိုက်တာ ။ gym ဆော့ပါလား ။ဗလာဗလာ “နဲ့ လာပြောကြတဲ့သူတွေကို ရွံ့လို့တမင်ကိုမဆော့ပဲနေပစ်တာ။

တကယ်ဝတယ်ဆိုတာ ဘာလဲ သိအောင်ပြချင်တာလည်းပါတယ်။

အခုတော့မနက်ပိုင်းတွေ gym ပြန်ဆော့တော့မယ်ဆံုးဖြတ်တယ်။

နောက်တစ်ပတ်က စပြီးပေါ့။

ခန္ဓာကိုယ်လှဖို့ဆိုတာ ငနိုးအတွက် မခက်ခဲကြောင်း …

#NOe

၁၂-၁၀-၂၀၁၉

မနေ့ညက ၃ နာရီခွဲမှ အိပ်ပျော်သွားလို့ ဒီမနက်အိပ်ရေးဝဝအိပ်မယ်တွေးထားပေမယ့် စောစောထလိုက်ရတယ်။

အိမ်ကလူတွေအလှူရှိတာကို။

အိမ်ကလုပ်တဲ့အလှူဆိုပေမယ့် ကိုယ်နဲ့ဘာမှမဆိုင်ဘူးရယ်။

ကိုယ့်တာဝန်က အလှူငွေလာကောက်ရင်ထည့်ဖို့ကလွဲ အခြားမရှိ။

သန်းခေါင်စာရင်းအရသာ မိသားစုစာရင်းဝင်နေပေမယ့် ဘေးထွက်ထိုင်နေခဲ့ရတာကြာပြီကို။😁

ဒါပေမယ့် အဖွားက အလှူလုပ်မယ့် ဘုန်းကြီးကျောင်းပို့ပေးပါဆိုလို့ အိမ်ယာကနေ ကဗျာကယာထပြီး ရေမိုးချိုးသွားပို့ပေးလိုက်တယ်။

တကယ့်တော့ အဲလိုလူများတဲ့ အလှူတွေ သိပ်မသွားချင်လှ။

ဘုရားရိပ်တရားရိပ်မှာ ရွှေတွဲလွဲ ငွေတွဲလွဲ ပြောင်ပြောင်ရောင်ရောင်တွေ မြင်ရင် အူယားလာတတ်တာလည်းပါတယ်။😂

ထားပါတော့ …

အဖွားကိုပို့ပြီးတော့ ကားဝပ်ရှော့သွားသေးတယ်။

ပိတ်ထားတာနဲ့ဘေးနားက ပရိဘောကအလုပ်ရုံမှာ ကျွန်းကုတင်နဲ့ ကျွန်းစားပွဲသွားကြည့်ပြီးပြန်ခဲ့တယ်။

မယဉ်လှကိုသွားခေါ်ပြီး ရုံးခန်းအသစ်နဲ့ မင်္ဂလာဆောင်ပြီးရင်နေမယ့်အခန်းကိုသွားရှင်းတယ်။

တော်တော်ရှင်းယူရတယ်ဟ။

လူကိုညောင်းချိနေအောင်ရှင်းရတယ်။

ဒါပေမယ့် “ဒါ ငါနေရမယ့် ငါ့အပိုင်နေရာလေးပါလား” ဆိုတဲ့အသိလေးကတော်တော် ပီတိဖြစ်ရတယ်။

နေ့လယ်ကျတော့ အဖွားက လာကြိုဖို့လှမ်းခေါ်တာနဲ့ မနက်ကဘုန်းကြီးကျောင်းပြန်သွားရပြန်ရော။

အခန်းရှင်းလက်စနဲ့မို့တော်တော် ပုံစံကစုတ်ပြတ်သတ်နေပေမယ့် အဖွားကိုအကြာကြီးမစောင့်စေချင်လို့ အဝတ်လဲမနေတော့ဘဲထွက်လာခဲ့တယ်။

ဟိုရောက်တော့ လူတွေအများကြီးနဲ့တိုးတယ်။

ဆေးဆိုးပန်းရိုက်လူတွေကြားမှာ ထုံးစံအတိုင်း ကိုယ်တွေဟာ သင်းကွဲ 😂

အမေမဟုတ်တဲ့ အခြားသူတွေက ထမင်းဝင်စားဖို့လှမ်းခေါ်ကြပေမယ့် (ကံကောင်းတယ်ပြောရမယ်) သက်သတ်လွတ်မရှိလို့ဝင်မစားဖြစ်ခဲ့ဘူး။

ကိုယ်နဲ့မဆိုင်တဲ့ နေရာတစ်ခုမှာ ထမင်းစားဖို့မဆိုနဲ့ ။

လေရှူရတာတောင် အဆင်မပြေလှ။

အဖွားကိုခေါ်ပြီးအိမ်ပြန်ပို့တယ်။

ပြီးတော့ အိမ်ဆက်ရှင်းတယ်။

ညနေရောက်တော့ လူကြီးတွေကိုကန်တော့ဖို့ဆိုပြီးလှမ်ရခေါ်လို့ အိမ်ရှင်းလက်စနဲ့ပဲထွက်ခဲ့ရပြန်တယ်။

တကယ်တော့ ကန်တော့တယ်ဆိုတာကို အယုံအကြည်မရှိတာကြာပြီ။

နောက်ပြီးကိုယ်ဘာအမှားမှမလုပ်ထားသည့်တိုင် ကာယကံ ၊ ဝစီကံ ဘာညာသာရကာ ဘလာဘလာနဲ့ ဝန်ချတောင်းပန်ကန်တော့ လည်း ဘယ်တော့မှ ခွင့်လွှတ်ပေးမှာမဟုတ်တဲ့ အမေ့ကို ကန်တော့နေတော့ရော ဘာထူးမှာမို့လဲ?

အမေ မက်လောက်စရာကောင်းလောက်တဲ့ ငွေထုပ်ကြီးနဲ့ကန်တော့တယ်ဆိုရင်တော့လည်းတစ်မျိုးပေါ့။😂

လူတွေကသာ အမျိုးမျိုးထင်ကြေးတွေပေးနေကြတာ။တကယ်တမ်းအမေနဲ့ကိုယ့်ကြား ပြဿနာကိုဖြေရှင်းနိုင်မှာက ပိုက်ဆံပဲ။

ဘာလို့ဒီလိုပြောရတာလဲဆိုတာ တစ်နေ့တော့ အခြားသူတွေ နားလည်လာပါလိမ့်မယ်။

ဒီတော့

ပိုက်ဆံရှာရမယ်။အများကြီးရှာရမယ်။

အလုပ်တွေလည်း ဒီ့ထက်ပိုကြိုးစားရမယ်။

အိမ်း …

#NOe